"စာနာတတ်သူ"
ဝယ်လင်တန်မြို့စားကြီးသည် အလွန်ချမ်းသာကြွယ်ဝသူဖြစ်ပြီး အင်္ဂလန်နိုင်ငံ၏ လှပသောအရပ်ဒေသတစ်ခုတွင် မြေယာအမြောက်အမြားပိုင်ဆိုင်ထားသည်။ မြို့စားကြီး၏မြေနှင့်ကပ်လျက် တွင် လယ်ကွက်တစ်ခုရှိသည်။မြို့စားကြီးသည်ထိုလယ်ကို ၀ယ်ယူကာသူပိုင်မြေအတွင်းထည့်သွင်းလိုသောဆန္ဒရှိနေသည်။
"လယ်သမားကြီးဂျက်ဆင်နဲ့သွားတွေ့ကွာ။သူ့လယ်ကိုငါ့အတွက်ဝယ်ဖို့ကြိုးစားခဲ့"ဟုမြို့စားကြီးက သူ၏ကိုယ်စားလှယ်ကို ခိုင်းလိုက်သည်။
ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကိုယ်စားလှယ်သည် မြို့စားကြီးထံရောက်လာပြီး "မြို့စားကြီးဝယ်ချင်တဲ့လယ် ကျွန်တော်ဝယ်ပြီးပါပြီ" ဟုပြောသည်။
"ဘယ်လောက်ပေးခဲ့ရသလဲကွ" ဟု မြို့စားကြီးကမေးသည်။
"ပေါင်သုံးသောင်းနဲ့ရခဲ့ပါတယ်။ လယ်သမားကြီးဂျက်ဆင်ရဲ့မြေက တကယ်တော့ပေါင်လေးသောင်း တန်ပါတယ်။လျှော့ဈေးနဲ့ရခဲ့တာပါ"
"ဒီမြေကတကယ်ပေါင်လေးသောင်းတန်တာလား။ဒါဖြင့်ပြောစမ်းပါဦး။မင်းဒီမြေကို ပေါင်သုံးသောင်းနဲ့ ဘယ်လိုရခဲ့သလဲဆိုတာ"
"လယ်သမားကြီးဂျက်ဆင်ဒုက္ခရောက်နေပါတယ်။ သူချက်ချင်းလက်ငင်းငွေလိုနေတော့ သူ့ရဲ့လယ်ကိုဈေးပေါပေါနဲ့ရောင်းရပြီပေါ့" ဟုကိုယ်စားလှယ်ကဖြေပါသည်။
ဤတွင်မြို့စားကြီးက.... "လယ်သမားကြီးဂျက်ဆင်ဆီကိုခုချက်ချင်းပြန်သွားပါ။ဒီငွေပေါင်တစ်သောင်းကိုသူ့ကိုပေးလိုက်။ သူပိုက်ဆံလိုနေတယ်ဆိုရင် ငါတို့သူ့မြေကိုတန်ဖိုးအမှန်ပေးရမှာပေါ့။ တခြားလူတစ်ယောက် ဒုက္ခရောက်နေရာကရလာတဲ့လျှော့ဈေးကို ငါမလိုချင်ဘူး" ဟု သူ၏ကိုယ်စားလှယ်ကိုပြောလိုက်လေသည်။
စည်သူထက်(မအူပင်တက္ကသိုလ်)
အကိုး။ Brighter Grammar စာအုပ်
No comments:
Post a Comment
အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ