နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label နှလုံးသားအဟာရ ရသစာများ. Show all posts
Showing posts with label နှလုံးသားအဟာရ ရသစာများ. Show all posts

Thursday, November 20, 2014

စွဲထင်ကျန်ရစ် အမွေအနှစ်

"ရှင်ဘယ်မှာလဲ"
အရေးတကြီးလေသံတစ်ခုက ကျွန်မ၏ မိုဘိုင်းဖုန်းမှတစ်ဆင့် တောင်းဆိုလာသည်။
"ရှင့်ကို လာခေါ်ဖို့ ကျွန်မတို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"...

ထိုတဒင်္ဂကို ပြန်ပြောင်းစဉ်းစားသည့်အခါ နှစ်ပေါင်းများစွာ ကြာပြီးသည့် ယနေ့တိုင် မပြောင်းမလဲခံစားရစမြဲပင်။

ထိုမနက်ခင်းတွင်ပင် ကျွန်မ၏ခင်ပွန်းနှင့် ကျွန်မတို့သည် ကျွန်မတို့ အိမ်မြောက်ဘက် ကီလိုမီတာ အနည်းငယ်ကွာဝေးသော မြို့တွင် စီစဉ်ထားသည့် အုပ်စုအစည်းအဝေးသို့ ကျွန်မသွားသင့်၊ မသွားသင့် ဆုံးဖြတ်ခဲ့ကြသေးသည်။ အသက် ဆယ့်သုံးနှစ်အရွယ်ရှိ ကျွန်မတို့၏ အငယ်ဆုံးသားလေးသည် အိပ်ယာထဲတွင် အနားယူနေရဆဲဖြစ်သည်။ အကျိတ်ရောင် အဖျားရောဂါမှ အသေအချာ နာလန်မထူသေးပေ။ ဆယ့်ရှစ်နှစ်တာ ပေါင်းသင်းလာခဲ့သော ကျွန်မ၏ခင်ပွန်း ယူလီနှင့် ကျွန်မတို့သည် ကျွန်မသွားသင့်ကြောင်း၊ သို့သော် သူသည် ဘေးချင်းကပ်လျက်ရှိ သူ၏လုပ်ငန်းခွင်သို့ သွားရမည်ဖြစ်ပြီး နေ့လယ်စာစားချိန်ဝန်းကျင်တွင် သားလေးကို ကြည့်ရှုရန် အိမ်သို့ ခေတ္တပြန်လာမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။ ဆုံးဖြတ်ပြီးသောအခါ ကျွန်မသည် ကားမမောင်းတတ်သူဖြစ်သောကြောင့် မြောက်ဘက်သွားသည့် တစ်မြို့နှင့်တစ်မြို့အကြား ကူးလူးသွားသော ကားကို အသွားအပြန်လက်မှတ် ကြိုတင်မှာပြီး ထွက်ခွာခဲ့ပါသည်။

ယခုမူ တစ်ဖက်မှ ဖုန်းပြောနေသော အမျိုးသမီးတွင် စိတ်ထိခိုက်စရာ သတင်းတစ်ခုရှိနေသည်။ ကျွန်မဘဝကို ထာဝရပြောင်းလဲသွားစေမည့် သတင်းပင်ဖြစ်ပါသည်။ သိရသရွေ့ဆိုလျှင် ကျွန်မ၏ခင်ပွန်းသည် နေ့လယ်စာ စားပြီးချိန်တွင် အိမ်သို့ပြန်လာခဲ့သည်။ ထိုအချိန် သူသည် အလွန်ပြင်းထန်ပြီး လုံးဝမမျှော်လင့်ထားသော နှလုံးတိုက်ခိုက်မှုခံစားရပြီး ပြိုလဲကျခဲ့သည်။ ယခု မွန်းလွဲတစ်နာရီကျော်ပြီဖြစ်သည်။ ယူလီသည် သတိလစ်နေဆဲဖြစ်ပြီး အနီးဆုံးဆေးရုံသို့ သွားရာလမ်းတွင် လူနာတင်ကားတစ်စီးပေါ်၌ ရှိနေသည်။

ကံကောင်းထောက်မစွာ အိမ်နီးချင်းတစ်ဦး၏ စူးရှသောမျက်လုံးများက ကျွန်မတို့၏ခြံတွင်းလမ်းရှိ ခြုံပုတ်များမှ ယူလီ၏ဘွတ်ဖိနပ်များ ထိုးထွက်နေသည်ကို မြင်ခဲ့ရခြင်းဖြစ်သည်။ ထိုနေရာတွင် သူရှိနေသည်မှာ မကြာသေးဟု ထင်ရသော်လည်း အောက်ဆီဂျင်မရဘဲ အချိန်မည်မျှ သူကုန်ဆုံးခဲ့ရသည်ကို မည်သူမှ အတိအကျအသေအချာ မသိဘဲဖြစ်နေသည်။ ရောဂါအလားအလာဟောကိန်းက ဆိုးပါသည်။ ယူလီ၏နှလုံးကို ပုံမှန်ခုန်လာအောင် လုပ်ပေးနိုင်မည်ဆိုလျှင်ပင် သူ၏ဦးနှောက်သည် အောက်ဆီဂျင်မရရှိခဲ့ခြင်းကြောင့် ပြင်းထန်စွာ ထိခိုက်နိုင်မည်ဖြစ်သည်။

ကျွန်မသားနှစ်ယောက်၏ ဖခင်ဖြစ်သော ယူလီသည် အသက် ၅၄နှစ် အရွယ်သာရှိသေးသည့် ကျန်းမာပြီးသွက်လက်သူတစ်ဦးဖြစ်သည်။ သို့သော် သူ အရွယ်ရောက်သည့် သက်တမ်းတစ်လျှောက်လုံး ဆေးလိပ်အလွန်သောက်ခဲ့သူတစ်ဦးဖြစ်သည်။ ကြိုးစားသော ဆေးဝန်ထမ်းများအဖွဲ့က အလွန်အားထုတ်ကြိုးပမ်းကြသော်လည်း ယခုရောဂါသည် အသက်သေစေနိုင်သော ဆေးလိပ်သောက်ခြင်းနှင့် ဆက်နွယ်နေသည့် နှလုံးရောဂါဖြစ်နေကြောင်း တွေ့ရှိရလေသည်။ ယူလီသည် သူလဲပြိုကျပြီး ကိုးနာရီအကြာ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် သတိပြန်လည် မလာတော့ဘဲ ကွယ်လွန်ခဲ့ပါသည်။

သို့သော် ယူလီ၏ဇာတ်လမ်းသည် ဤနေရာတွင် အဆုံးမသတ်သေးပါ။ ကျွန်မ သူနှင့်ဆုံတွေ့ခင်ကတည်းက သူသည် ကျွန်မအရင် သူသာကွယ်လွန်ခဲ့ပါလျှင် သူ၏အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းနိုင်ရန် ကျွန်မက သေချာလုပ်ပေးရမည်ဟု တွင်တွင်ပြောနေခဲ့သည်။ ယူလီ၏ အချစ်ဆုံးသူငယ်ချင်းတစ်ဦးသည် နှလုံးအစားထိုး ကူသမှုခံယူခဲ့ရသည်။ ထို့နောက်တွင် ၄င်းအကြောင်းအရာပေါ်တွင် ယူလီ၏ သဘောထားအလွန်ခိုင်မာခဲ့သည်။ ထို့ကြောင့် ထိုစိတ်မသက်သာဖွယ်ညတွင် ကျွန်မက ဆေးဝန်ထမ်းများကို သူ၏ဆန္ဒများပြည့်ဝအောင် ကူညီပေးရန်တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်၏ အရေးပါမှုကို သူတို့အားလုံးနားလည်အောင် သေချာပြောပြခဲ့သည်။

ယူလီသည် ဆေးလိပ်သောက်သူတစ်ဦးလည်းဖြစ် မျက်မှန်တပ်ရသူလည်းဖြစ်ကာ နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်သော်လည်း သူ၏မျက်ကြည်လွှာများနှင့် အဆုတ်ဆိုင်ရာ နှလုံးအဆို့ရှင်ကို လှူဒါန်း၍ရခဲ့သည်။ ကျွန်မသည် တကယ့်ကိုစိတ်ထိခိုက်မိသော်လည်း ဂုဏ်ယူမိသည်။ အစီအစဉ်များပြုလုပ်ပြီးသောအခါ ယူလီ၏အတ္တကင်းသည့် နောက်ဆုံးဆောင်ရွက်ချက်များကို ကျွန်မဂုဏ်ပြုပေးနိုင်ခဲ့ပြီ။ ထိုအကြောင်းနှင့် ပတ်သက်၍ ထပ်မံကြားရန်အကြောင်းမရှိတော့ဟု ထင်မိခဲ့သည်။

သို့သော် နောက်အချိန်အနည်းငယ်အကြာတွင် စာတစ်စောင်ကို ကျွန်မရရှိခဲ့သည်။ ထိုစာတွင် မိန်းကလေးငယ်နှစ်ဦး၏ မျက်လုံးအတွင်းသို့ ၄င်းမျက်ကြည်လွှာများ အောင်အောင်မြင်မြင် အစားထိုးကုသနိုင်ခဲ့ပြီး သူတို့သည် အမြင်အာရုံတိုးတက်လာမှုမှ ကြီးမားစွာ အကျိုးရရှိလိမ့်မယ်ဟု ပြောပြထားသည်။ ရက်ရောသော အမျိုးသားတစ်ဦး၏ ဆန္ဒများက ထိုအမျိုးသမီးလေးများအပေါ်တွင် ဤသို့ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုရှိသည်ကို သိရသောအခါ အလွန်ဝမ်းမြောက်မိသည်။ သို့သော် အကောင်းဆုံး သတင်းများရောက်လာနေပါသေးသည်။

ယူလီကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လှူဒါန်းသည့် အဖွဲ့အစည်းတစ်ခုမှ လှပသော ကတ်ပြားလေးတစ်ခု စာထဲမှ ရောက်ရှိလာသည်။ ကြာရှည် အသက်မရှင်နိုင်သည့် လူငယ်လေးတစ်ဦးသည် ယူလီ၏နှလုံးအဆို့ရှငိကို အောင်မြင်စွာလက်ခံရရှိကြောင်း အသိပေးအကြောင်းကြားထားပါသည်။

ကျွန်မပီတိဖြစ်လှပါသည်။ ယူလီသည် ချာတိတ်လေးများအတွက် ရပ်တည်ကာကွယ်သူတစ်ဦး အမြဲဖြစ်ခဲ့ပါသည်။ သူသည် ဆောက်လုပ်ရေး အလုပ်သင်လေးအချို့ကို သင်ကြားပေးခဲ့ကာ သူတို့ကို ပိုမိုကောင်းမွန်သည့် အရာများသို့ အားပေးတိုက်တွန်းခဲ့သူပင်ဖြစ်ပါသည်။ ယူလီသည် ထိုလူငယ်လေး၏ အသက်ကို ကယ်ဆယ်ရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ထိုလူငယ်လေးသည် ကျန်းမာရေးတိုးတက်လာမှုနှင့်အတူ သူ၏ကိုယ်ပိုင်စိတ်ကူးအိပ်မက်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် သေချာလုပ်ပေးနိုင်သည့်အတွက် အလွန့်အလွန် ဂုဏ်ယူနေမည်ဟု ကျွန်မသိပါသည်။ ယခုတော့ ကျွန်မအမြဲတမ်းပြောနိုင်ပါပြီ။ "ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါတော့ ယူလီ။ ရှင့်ကို သူစိမ်းတွေကတောင် အမှတ်ရကြမှာပါ။ ရှင်ကောင်းကောင်း လုပ်ဆောင်ခဲ့ပြီးပါပြီ။"

စည်သူထက်
Ref: Lasting Legacy
Reader's Digest

[English For All Magazine, August, 2014]

Saturday, August 9, 2014

နံရံပေါ်က ကော်ဖီ

မီးရောင်စုံမြို့တော်၊ ရေပေါ်မြို့တော်ဟု တင်စားခေါ်ဝေါ်သော အီတလီနိုင်ငံ၊ ဗင်းနစ်မြို့၏ အိမ်နီးချင်းမြို့လေးတစ်မြို့တွင်ရှိသောနာမည်ကျော် ကော်ဖီဆိုင်ကြီးတစ်ဆိုင်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ ကျွန်တော...် ကော်ဖီထိုင်သောက်နေသည်။

ထိုစဉ် လူတစ်ဦးဝင်လာပြီး ကျွန်တော်တို့ ဘေးဘက်ရှိ စားပွဲအလွတ်တစ်လုံးတွင် ဝင်ထိုင်သည်။ သူက စားပွဲထိုးကိုခေါ်၍ ဤသို့မှာသည်။
"ကော်ဖီနှစ်ခွက်ပေးပါ။ တစ်ခွက်ကို နံရံပေါ်တင်မယ်"

သူမှာသည်ကို ကြားရသောအခါ ကျွန်တော်တို့ အတော်စိတ်ဝင်စားသွားသည်။ စားပွဲထိုးက သူ့ကို ကော်ဖီတစ်ခွက်သာ လာချပေးသော်လည်း သူက နှစ်ခွက်စာ ရှင်းလိုက်သည်။

သူထွက်သွားသောအခါ စားပွဲထိုးက ကော်ဖီတစ်ခွက် ဟုရေးထားသော စာရွက်တစ်ရွက်ကို နံရံပေါ်တွင် ကပ်လိုက်သည်။

ကျွန်တော်တို့ ထိုကော်ဖီဆိုင်မှ မထွက်ခွာမီ အခြားလူနှစ်ဦး ဆိုင်ထဲဝင်လာသည်။ ကော်ဖီသုံးခွက် မှာသည်။ နှစ်ခွက်ကို စားပွဲပေါ်ချပေးရန်နှင့် တစ်ခွက်ကို နံရံပေါ်တင်ပေးရန်ပြောသည်။ သူတို့သည်လည်း ကော်ဖီနှစ်ခွက်သာ သောက်သွားသည်။ သို့သော် သုံးခွက်စာ ငွေရှင်းပြီး ထွက်သွားကြသည်။ ဤတစ်ကြိမ်တွင်လည်း စားပွဲထိုးက ယခင်ပုံစံအတိုင်း ကော်ဖီတစ်ခွက် ဟုရေးထားသော စာရွက်တစ်ရွက်ကို နံရံပေါ်တွင် ကပ်လိုက်သည်။

ဤသည်ကို မြင်တွေ့ရသည်က ကျွန်တော်တို့အတွက် တစ်မူထူးနေပြီး ဦးနှောက်ခြောက်စရာ ဖြစ်နေပါသည်။ ကျွန်တော်တို့ ကော်ဖီသောက်ပြီးသွားသောအခါ ကျသင့်ငွေရှင်းပြီး ထွက်လာခဲ့သည်။

ရက်အနည်းငယ်ကြာသောအခါ ကျွန်တော်တို့သည် ထိုကော်ဖီဆိုင်ကို နောက်တစ်ကြိမ်ထပ်မံရောက်ရှိသွားကြသည်။ ထိုအကြိမ်၌ ကျွန်တော်တို့ကော်ဖီသောက်နေစဉ်တွင် နွမ်းနွမ်းပါးပါး ဝတ်ဆင်ထားသော လူတစ်ဦးဝင်လာသည်။ စားပွဲလွတ်တစ်လုံးတွင် ထိုင်လိုက်သည်။ ထို့နောက် နံရံကိုကြည့်ပြီး "နံရံပေါ်က ကော်ဖီတစ်ခွက်ပေးပါ" ဟု မှာသည်။

စားပွဲထိုးက ထုံးစံအတိုင်း လေးလေးစားစား၊ ဣနြေ္ဒရရဖြင့် ကော်ဖီယူလာပေးသည်။ ထိုလူက ကော်ဖီသောက်ပြီး ငွေကြေးပေးချေခြင်း အလျဉ်းမရှိဘဲ ထွက်သွားသည်။

ထိုလူထွက်သွားလျှင် စားပွဲထိုးက "နံရံပေါ်မှ ကော်ဖီတစ်ခွက်" ဟုရေးထားသော စာရွက်တစ်ရွက်ကို ယူပြီး အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ ဤအခြင်းအရာကို မြင်တွေ့ရသောအခါ အကြောင်းရင်းကို ကျွန်တော်တို့ သဘောပေါက်သွားပါပြီ။ထိုကိစ္စသည် အလွန်ရိုးရှင်းပါသည်။ သို့သော် ထိုမြို့တွင်နေထိုင်သော စီးပွားရေးအဆင်ပြေသူများက ချို့ငဲ့သူများအပေါ် အလေးထားမှုသည် ကျွန်တော်တို့ကို မျက်ရည်စို့စေသည်အထိ ခံစားစေခဲ့ပါသည်။

ထိုမြို့မှ ချို့ငဲ့သူတစ်ဦးသည် ကော်ဖီသောက်ရန် ပိုက်ဆံမရှိသော်လည်း သူ့ကိုယ်သူ နှိမ့်ချရန်မလိုဘဲ ကော်ဖီဆိုင်ထဲကို ဝင်လာနိုင်ပါသည်။ သူ့ကို ကော်ဖီတစ်ခွက် အလကားတိုက်ပါဟုလည်း တောင်းဆိုရန်လည်းမလို၊ သူ့ကိုကော်ဖီတိုက်မည့်သူကို မေးကြည့်ရန်လည်းမလို၊ သိရန်လည်းမလိုပါ။ နံရံကိုသာကြည့်ကာ သူ့အတွက်ကော်ဖီမှာနိုင်ပါသည်။ ကော်ဖီသောက်ပြီး ငွေရှင်းရန်မလိုဘဲ သူထွက်သွားနိုင်ပါသည်။

အမှန်တကယ် လှပသောစိတ်ကူးအတွေး ဖြစ်ပါသည်။ ထိုနံရံသည်လည်း သင်မြင်ဖူးသမျှသော နံရံများထဲတွင် အလှဆုံးနံရံဖြစ်နေပါလိမ့်မည်။

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref:"Author Unknown" ၏ "Coffee On The Wall"

မင်္ဂလာမောင်မယ်စာစောင်၊ သြဂုတ်၊ ၂၀၁၄

 [စာမူခပို့ပေးတဲ့အခါ စာအုပ်ဖိုးပါ ပေါင်းပြီးပေးပြီးသားဖြစ်ပေမဲ့ စာအုပ်အပြင်မှာမဝယ်ဖြစ်ဘဲလွတ်သွားလို့ တိုက်မှာထပ်ဝယ်တဲ့အခါ စာအုပ်ဖိုးမယူဘဲ လက်ဆောင်ပေးတဲ့ ဆရာကြီးမင်းယုဝေနှင့်တကွ အယ်ဒီတာအဖွဲ့ကို ကျေးဇူးအထူးတင်ပါတယ်]

Sunday, January 19, 2014

မင်းသိပ်တော်တာပဲ



   
အောက်ပါဖြစ်ရပ်မှန်ဇာတ်လမ်းလေးက ကျွန်တော်တို့ရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်များစွာက ပဲရစ်မြို့၊အော်ပရာပြဇာတ်ရုံကြီးတစ်ခုမှာ ဒီဇာတ်လမ်းလေးဖြစ်ပွားခဲ့ပါတယ်။ ဒီပြဇာတ်ရုံကြီးမှာ နာမည်ကြီးအဆိုတော်တစ်ယောက်သီချင်းဆိုဖို့ စာချုပ်ချုပ်ထားတဲ့အတွက် လက်မှတ်တွေရောင်းအားကောင်းခဲ့ပါတယ်။ဂီတဖျော်ဖြေပွဲရှိတဲ့ညမှာ ပြဇာတ်ရုံထဲမှာလူတွေအပြည့်ပါပဲ။ လက်မှတ်တွေအားလုံးလည်းရောင်းလို့ကုန်သွားပါတယ်။

ပရိသတ်တွေမှာ မျှော်လင့်စောင့်စားမှု၊ စိတ်လှုပ်ရှားမှု စတဲ့ခံစားချက်တွေကိုယ်စီရှိနေကြတဲ့အချိန်မှာ ပြဇာတ်ရုံမန်နေဂျာက စင်ပေါ်တက်လာပြီး အခုလိုပြောပါတယ်။

"ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ အခုလို စိတ်ဝင်တစားနဲ့လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်မကောင်းစွာနဲ့ပြောရမှာတစ်ခုကတော့ ခင်ဗျားတို့လာရောက်နားသောတဆင်တဲ့ အဆိုတော်ဟာ နေမကောင်းတဲ့အတွက် ဒီညမဖျော်ဖြေနိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကို အလားတူဖျော်ဖြေမှုပေးနိုင်မယ်လို့ မျှော်လင့်ရတဲ့ သင့်တော်တဲ့အစားထိုးအဆိုတော်တစ်ယောက် ကျွန်တော်တို့မှာရှိထားပါတယ်ခင်ဗျာ"

ပရိသတ်ကြီးလည်း စိတ်ပျက်လက်ပျက်ညည်းညူမိပါတော့တယ်။ အစားဝင်ဆိုပေးတဲ့ အဆိုတော်ရဲ့နာမည်ကို ကြေငြာသွားတာကိုလည်း မကြားလိုက်ကြပါဘူး။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း စိတ်လှုပ်ရှားစရာအခြေအနေကနေ စိတ်ပျက်စရာအခြေအနေကို ပြောင်းသွားပါပြီ။

အစားထိုးဖျော်ဖြေပေးသူက အတတ်နိုင်ဆုံး ဖျော်ဖြေတင်ဆက်ပါတယ်။ ဖျော်ဖြေမှုပြီးဆုံးသွားချိန်မှာတော့ စိတ်မသက်သာစရာ တိတ်ဆိတ်နေပါတယ်။ဘယ်သူမှ လက်ခုပ်သြဘာမပေးကြပါဘူး။

ရုတ်တရက် ကောင်လေးတစ်ယောက် လသာဆောင်က ထရပ်ပြီး
"ဖေဖေ။ ဖေဖေက သိပ်တော်တာပဲ" လို့ အော်ပြောပါတယ်။
ပရိသတ်လည်း ရုတ်တရက်သောင်းသောင်းဖြဖြလက်ခုပ်သြဘာပေးမိပါတော့တယ်။

ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ဘ၀မှာ "မင်းသိပ်တော်တာပဲ" လို့ ထရပ်ပြီးပြောပေးမယ့်သူတွေ လိုအပ်လှပါတယ်။

(ချစ်ခင်အားပေးသူတွေအားလုံးကို ဒီစာနဲ့ ရည်ညွှန်းပါတယ်)

စည်သူထက်(မအူပင်တက္ကသိုလ်)
Ref: "You are wonderful"

ကျေးဇူးပါသူငယ်ချင်း





ငါ့ကိုယ်ငါတောင် ယုံကြည်ရခက်နေချိန်မှာ ငါ့ကိုယုံကြည်မှုရှိတဲ့အတွက်
ငါကြားချင်နေတာကိုပဲ ပြောမယ့်အစား တစ်ခါတစ်လေ ငါကြားဖို့လိုနေတာကို ပြောပေးတဲ့အတွက်
ငါ့ဘက်ကပါပေးတဲ့အတွက်...
ပြီးတော့ငါထည့်သွင်းစဉ်းစားစရာတစ်ခြားဘက်တစ်ခုပေးတဲ့အတွက်...
"မင်းကိုကျေးဇူးတင်ပါတယ်"

မင်းရဲ့အကြောင်းတွေ ငါ့ကိုဖွင့်ဟပြောတဲ့အတွက်...
မင်းရဲ့အတွေးတွေ၊စိတ်ပျက်မှုတွေ၊အိပ်မက်တွေနဲ့ပတ်သက်ပြီး ငါ့ကိုယုံကြည်စိတ်ချတဲ့အတွက်...
မင်းငါ့ကိုအားကိုးနိုင်မယ်ဆိုတာသိပြီး လိုအပ်တဲ့အချိန်မှာငါ့ဆီက အကူအညီတောင်းတဲ့အတွက်
"မင်းကိုကျေးဇူးတင်ပါတယ်"

ငါတို့ရဲ့ရင်းနှီးခင်မင်မှုကို အများကြီးစဉ်းစား၊အများကြီးဂရုစိုက်၊စိတ်အာရုံအများကြီးထားတဲ့အတွက်...
ငါနဲ့အတူ ကောင်းမွန်တဲ့ အချိန်တွေ အများကြီးဝေမျှပြီး အထူးတလည်အမှတ်ရစရာတွေအများကြီး ဖန်တီးပေးတဲ့အတွက်...
"မင်းကိုကျေးဇူးတင်ပါတယ်"

ငါ့အပေါ်မှာအမြဲတမ်းရိုးသားတဲ့အတွက်...
ငါ့ကိုကြင်နာတဲ့အတွက်...
ငါ့အတွက်ရှိနေပေးတဲ့အတွက်
"မင်းကိုကျေးဇူးတင်ပါတယ်"

အဓိပ္ပာယ်အပြည့်ရှိတဲ့ နည်းလမ်းတွေ အများကြီးနဲ့ ငါ့ရဲ့သူငယ်ချင်းဖြစ်ပေးတဲ့အတွက်
"မင်းကိုကျေးဇူးတင်ပါတယ်"

"ငါမင်းကိုချစ်ပါတယ်"

စည်သူထက်(မအူပင်တက္ကသိုလ်)
The Best English,March,2012

Thursday, August 22, 2013

စုပေါင်းအား၏ စွမ်းပကား



စစ်သားတစ်စုသည် သစ်ကိုင်းကြီးတစ်ကိုင်းကို လမ်းပေါ်မှ မ, ပြီးရွှေ့ရန်ကြိုးစားနေသည်။

သူတို့၏ ဘေးတွင် တပ်ကြပ်တစ်ဦးရပ်ပြီး သူတို့ကိုပို၍ ပြင်းပြင်းထန်ထန်ကြိုးစားရန် ညွှန်ကြားနေသည်။ သို့သော် သူတို့ မရွှေ့နိုင်ကြပေ။

လူစိမ်းတစ်ဦးသည် မြင်းစီးလာပြီး ဖြစ်ပျက်ပုံကို စူးစမ်းသည်။ သူကတပ်ကြပ်ကို ပြောသည်။

“ခင်ဗျားသာ ကူညီမယ်ဆိုရင် သူတို့သစ်ကိုင်းကြီးကို ရွှေ့နိုင်မှာပေါ့ဗျ။ သူတို့ကို ကူညီလိုက်ပါလား။”

တပ်ကြပ်က ပြန်ပြောသည်။
"ဒါက ကျုပ်အလုပ်မဟုတ်ဘူး။ ကျုပ်ကတပ်ကြပ်။ခု ကိစ္စကသူတို့အလုပ်။ သူတို့ပဲလုပ်သင့်တယ်။"

လူစိမ်းသည် ခေတ္တမျှ မတုံ့ဆိုင်းဘဲ သူ၏မြင်းပေါ်မှ ချက်ချင်းဆင်းကာ စစ်သားအုပ်စုကို ကျောက်တုံးကြီး ကူညီရွှေ့ပေးသည်။

ဤသို့နောက်ထပ်ဝင်ရောက်လာသော အင်အားက သစ်တုံးကို ရွှေ့နိုင်ရန်ကူညီခဲ့သည်။

သစ်တုံးကြီးကို ရွှေ့ပြီးသောအခါ ကိုလူစိမ်းက မြင်းပေါ်တက်ပြီး တပ်ကြပ်ကို…

"နောက်တစ်ကြိမ်မှာ လေးလေးပင်ပင် ပစ္စည်းတွေကို ရွှေ့ဖို့အကူအညီလိုရင် ကာကွယ်ရေးဦးစီးချုပ်ကိုခေါ်ပါ " ဟုပြောကာ သူ့လမ်းသူဆက်သွားသည်။

ထိုအခါကျမှသာ လူစိမ်းသည် အခြားသူမဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတလည်းဖြစ်သူ "ဂျော့ ဝါရှင်တန်" ဖြစ်မှန်း ထိုသူများ နားလည်သဘောပေါက်ခဲ့ပါသည်။

စည်သူထက်(မအူပင်တက္ကသိုလ်)

Ref: www.academictips.org
Wisdom English Magazine, June, 2013


"နှလုံးသားက ထွက်ပေါ်လာသော သူရသတ္တိ"

ဘော့(ဘ်) ဘတ်တလာသည် ဗီယက်နမ်နိုင်ငံတွင် ၁၉၆၅ ခုနှစ်အချိန်က မြေမြှုပ်မိုင်း ပေါက်ကွဲမှုတစ်ခုကြောင့် ခြေထောက်များဆုံးရှုံးခဲ့သည်။ စစ်ပြန်သူရဲကောင်းတစ်ယောက်အဖြစ် သူအိမ်ပြန်ရောက်လာခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်အကြာတွင် သူသည် သူရသတ္တိဟူသည် နှလုံးသားမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သက်သေတစ်ဖန် ပြသနိုင်ခဲ့သည်။



ပူပြင်းသော နွေရာသီတစ်ရက်တွင် ဘတ်တလာသည် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် မြို့လေးတစ်မြို့တွင်ရှိသော သူ၏ကားဂိုထောင်ထဲတွင် အလုပ်လုပ်နေသည်။ ထိုအချိန်တွင် အနီးအနားရှိ အိမ်တစ်အိမ်မှ အမျိုးသမီးတစ်ဦး၏ စူးစူးဝါးဝါးအော်သံထွက်ပေါ်လာသည်ကို သူကြားလိုက်ရသည်။ သူသည် ထိုအိမ်သို့သူ၏ ဝှီးချဲကို လှိမ့်သွားလိုက်သည်။သို့သော် ထူထပ်သိပ်သည်းသော ချုံပုတ်များကြောင့် အိမ်အနောက်ဘက်တံခါးသို့ မရောက်နိုင်ဘဲဖြစ်နေသည်။ ထို့ကြောင့်သူသည် ဝှီးချဲပေါ်မှ ဆင်းလိုက်ပြီ အညစ်အကြေးများ ချုံပုတ်များကိုဖြတ်ကာ တွားသွားလိုက်သည်။



“ကျွန်တော် အဲဒီနေရာကို ရောက်မှဖြစ်မယ်။ ဘယ်လောက်နာနာ အရေးမကြီးပါဘူး” ဟုသူက ပြောသည်။ ရေကန်သို့ ဘတ်တလာ ရောက်ရှိချိန်တွင် စတက်ဖနီဟိန်းဟု အမည်ရသော သုံးနှစ်သမီးလေး ရေကန်အောက်ခြေတွင် လဲနေသည်ကို တွေ့ရသည်။ ကလေးမလေးသည် လက်နှစ်ဖက်မပါဘဲ မွေးဖွားလာခြင်းဖြစ်ပြီး ရေကန်ထဲကျသွားသောအခါ ရေမကူးတတ်ပေ။ သူမ၏ မိခင်သည် ထိတ်ထိတ်ပျာပျာအော်ဟစ်နေသည်။ ဘတ်တလာသည် ရေကန်အောက်ခြေသို့ ဒိုက်ဗင်ထိုးဆင်းပြီး ကလေးမလေးစတက်ဖနီကို အပေါ်သို့ ပြန်သယ်လာခဲ့သည်။ သူမ၏မျက်နှာလေး ပြာနှမ်းနေပြီး သွေးခုန်နှုန်းမရှိတော့ပေ။ အသက်လည်းမရှူတော့။



ဘတ်တလာသည် သူမသတိပြန်လည်လာစေရန် ရင်ညွန့်ကို လက်နှင့်ဖိပေးခြင်း၊ အဆုပ်တွင်းသို့ လေမှုတ်သွင်းပေးခြင်းများ ချက်ချင်းလုပ်ဆောင်သည်။ စတက်ဖနီ၏ မိခင်က မီးသတ်ဌာနကို ဖုန်းဆက်နေသည်။ ဆေးဘက်အကူများသည် ဖုန်းဆက် အကြောင်းကြားချက်တစ်ခုရ   ထွက်သွားပြီဖြစ်ကြောင်း သူမကိုဖြေကြားသည်။ သူမသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ရှိုက်ငိုပြီး ဘတ်တလာ၏ ပခုံးကို ဖက်ထားလိုက်သည်။



ဘတ်တလာသည် ကလေးမလေး၏ ရင်ညွန့်ကို လက်နှင့်ဖိပေးခြင်း၊ အဆုပ်တွင်းသို့ လေမှုတ်သွင်းပေးခြင်းများ ဆက်လက်လုပ်ဆောင်နေပြီး မိခင်ဖြစ်သူကို တည်ငြိမ်စွာ နှစ်သိမ့်သည်။ “မပူပါနဲ့ဗျာ၊ ရေကန်ထဲက တက်လာနိုင်ဖို့အတွက် ကျွန်တော် ကလေးမလေးရဲ့ လက်တွေအဖြစ်ရှိခဲ့ပါတယ်။ အိုကေသွားမှာပါ။ ကျွန်တော် အခုသူ့ရဲ့အဆုပ်အဖြစ်ရှိနေပါပြီ။ ကျွန်တော်တို့ အတူတူအောင်မြင်မှာပါ” ဟု သူကပြောသည်။



စက္ကန့်အနည်းငယ်ကြာသောအခါ ကလေးမလေး ချောင်းဆိုးပြီး သတိပြန်လည်လာသည်။ ထို့နောက်ငိုလေသည်။ သူတို့အတူဖက်ပြီး ပျော်မြူးသွားချိန်တွင် မိခင်ဖြစ်သူက ဘတ်တလာကို အဆင်ပြေသွားမယ်ဆိုတာ ဘယ်လိုသိလဲဟု မေးသည်။ အမှန်တော့ “ကျွန်တော်မသိခဲ့ပါဘူး” ဟု သူက သူမကို ပြောပါသည်။ “ ဒါပေမဲ့ စစ်ပွဲမှာတုန်းက ကျွန်တော့်ရဲ့ ခြေထောက်တွေ ပြတ်ထွက်သွားတဲ့ အချိန်မှာ လယ်ကွင်းထဲမှာ ကျွန်တော်တစ်ယောက်တည်းပေါ့။ ကူမယ့်ကယ်မယ့်သူကလည်း ဗီယက်နမ်မလေးတစ်ယောက်ကလွဲလို့ ဘယ်သူမှ မရှိဘူး။ သူက ကျွန်တော့်ကို သူ့ရွာထဲကြိုးစားဆွဲသွားပြီး အင်္ဂလိပ်စကား မတောက်တခေါက်နဲ့ တိုးတိုးပြောပါတယ်။ “အဆင်ပြေပါတယ်။ ရှင်အသက်ရှင်နိုင်ပါတယ်။ ကျွန်မ ရှင့်ရဲ့ခြေထောက်တွေအဖြစ်ရှိပေးမှာပါ။ ကျွန်မတို့ အတူတူအောင်မြင်ကြတာပေါ့” တဲ့။ သူ့ရဲ့ ကြင်နာတဲ့ စကားလုံးတွေကြောင့် ကျွန်တော့်ရဲ့စိတ်နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ ရှိလာခဲ့တယ်။ စတက်ဖနီလေးအတွက် ကျွန်တော် အလားတူ လုပ်ပေးချင်တာပါဗျာ”



“ကျွန်တော်တို့တစ်တွေ တစ်ဦးတည်း မရပ်တည်နိုင်တဲ့ အချိန်တွေ ရှိပါတယ်။ တစ်စုံတစ်ယောက်ကို ကျွန်တော်တို့ရဲ့ ခြေထောက်တွေ လက်တွေအဖြစ် ကျွန်တော်တို့ရဲ့ မိတ်ဆွေအဖြစ် လိုအပ်မယ့် အချိန်တွေ ရှိနေပါတယ်။”



စည်သူထက် (မအူပင်တက္ကသိုလ်)


The Best English Magazine, No.(168), July, 2013

Wednesday, December 19, 2012

စေတနာနှင့်ချစ်ခင်မှုကသာ




အသက်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက် ရေခဲမုန့်ဆိုင်ထဲကို ၀င်လာတယ်။

စားပွဲထိုး....."ဘာလိုချင်လို့လဲကောင်လေး"

... ကောင်လေး....."ရေခဲမုန့်ကတော့တစ်ခုဘယ်လောက်လဲ"

စားပွဲထိုး....."15ရူပီး"


အဲဒီအခါမှာ ကောင်လေးက သူ့ရဲ့ပိုက်ဆံအိတ်ကို စစ်ကြည့်ပြီး

"ရေခဲမုန့် ကတော့အသေးကရော ဘယ်လောက်လဲ" လို့မေးတယ်။

"12ရူပီး"လို့စားပွဲထိုးက စိတ်ခပ်တိုတိုနဲ့ ဖြေတယ်။


ကောင်လေးက ရေခဲမုန့်ကတော့အသေးတစ်ခုကို မှာစားပါတယ်။ငွေပေးပြီးတဲ့နောက် ထွက်သွားပါတယ်။


စားပွဲထိုးက ပန်းကန်အလွတ်တွေကို သိမ်းဖို့လာတဲ့အခါမှာ.......

သူ့ရဲ့မျက်လုံးထဲက မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။

ကောင်လေးက 3ရူပီး ကိုသူ့အတွက်ဘောက်ဆူးအဖြစ်ထားခဲ့တယ်လေ....


ဇာတ်လမ်းလေးရဲ့သင်ခန်းစာကတော့ လူတိုင်းကို ကိုယ့်မှာရှိတာလေးနဲ့ပျော်ရွှင်အောင်လုပ်ပေးပါတဲ့။

 

************
ဒီဇာတ်လမ်းလေးမှာ ကောင်လေးက ရေခဲမုန့်ကတော့အကြီးကို စားနိုင်ရဲ့သားနဲ့ ရေခဲမုန့်အသေးကိုပဲစားခဲ့ပြီး ပိုတဲ့ပိုက်ဆံလေးကို စားပွဲထိုးကိုပေးခဲ့ပါတယ်။

ဒီစာကိုဖတ်ပြီးတဲ့အခါ---

ကျွန်တော်တို့ရဲ့ ဘ၀မှာလည်းအခက်အခဲတွေ့နေတဲ့သူတွေကို ငွေအများကြီးရှိမှ မဟုတ်ဘဲကိုယ်တတ်နိုင်တာလေးနဲ့ကူညီလို့ရပါတယ်။

အဲဒီလိုပါပဲ ကိုယ့်ရဲ့မိဘ၊ကိုယ်ချစ်ခင်တဲ့မိတ်ဆွေသူငယ်ချင်း၊ကိုယ်မြတ်နိုးရတဲ့သူတွေကို ကိုယ်တတ်နိုင်တာလေးနဲ့ ပျော်ရွှင်အောင်လုပ်ပေးနိုင်ပါတယ်ဆိုတဲ့အမြင်လေးကို ကျွန်တော် ရလိုက်ပါတယ်။

ငွေကပဓာနမကျပါဘူး။
စေတနာနဲ့ချစ်ခင်မှုကသာအရေးပါတာမဟုတ်လားဗျာ။


မိတ်ဆွေတို့ရဲ့အမြင်ကရော ဘယ်လိုရှိမလဲ သိချင်မိပါသေးတယ်။


စည်သူထက်ဘာသာပြန်ဆိုသည်

Sunday, December 16, 2012

                                
                                   "စာနာတတ်သူ"

ဝယ်လင်တန်မြို့စားကြီးသည် အလွန်ချမ်းသာကြွယ်ဝသူဖြစ်ပြီး အင်္ဂလန်နိုင်ငံ၏ လှပသောအရပ်ဒေသတစ်ခုတွင် မြေယာအမြောက်အမြားပိုင်ဆိုင်ထားသည်။ မြို့စားကြီး၏မြေနှင့်ကပ်လျက် တွင် လယ်ကွက်တစ်ခုရှိသည်။မြို့စားကြီးသည်ထိုလယ်ကို ၀ယ်ယူကာသူပိုင်မြေအတွင်းထည့်သွင်းလိုသော
ဆန္ဒရှိနေသည်။

"လယ်သမားကြီးဂျက်ဆင်နဲ့သွားတွေ့ကွာ။သူ့လယ်ကိုငါ့အတွက်ဝယ်ဖို့ကြိုးစားခဲ့"ဟုမြို့စားကြီးက သူ၏ကိုယ်စားလှယ်ကို ခိုင်းလိုက်သည်။
ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကိုယ်စားလှယ်သည် မြို့စားကြီးထံရောက်လာပြီး "မြို့စားကြီးဝယ်ချင်တဲ့လယ် ကျွန်တော်ဝယ်ပြီးပါပြီ" ဟုပြောသည်။

"ဘယ်လောက်ပေးခဲ့ရသလဲကွ" ဟု မြို့စားကြီးကမေးသည်။

"ပေါင်သုံးသောင်းနဲ့ရခဲ့ပါတယ်။ လယ်သမားကြီးဂျက်ဆင်ရဲ့မြေက တကယ်တော့ပေါင်လေးသောင်း တန်ပါတယ်။လျှော့ဈေးနဲ့ရခဲ့တာပါ"


"ဒီမြေကတကယ်ပေါင်လေးသောင်းတန်တာလား။ဒါဖြင့်ပြောစမ်းပါဦး။မင်းဒီမြေကို ပေါင်သုံးသောင်းနဲ့ ဘယ်လိုရခဲ့သလဲဆိုတာ"

"လယ်သမားကြီးဂျက်ဆင်ဒုက္ခရောက်နေပါတယ်။ သူချက်ချင်းလက်ငင်းငွေလိုနေတော့ သူ့ရဲ့လယ်ကိုဈေးပေါပေါနဲ့ရောင်းရပြီပေါ့" ဟုကိုယ်စားလှယ်ကဖြေပါသည်။

ဤတွင်မြို့စားကြီးက.... "လယ်သမားကြီးဂျက်ဆင်ဆီကိုခုချက်ချင်းပြန်သွားပါ။ဒီငွေပေါင်တစ်သောင်းကိုသူ့ကိုပေးလိုက်။ သူပိုက်ဆံလိုနေတယ်ဆိုရင် ငါတို့သူ့မြေကိုတန်ဖိုးအမှန်ပေးရမှာပေါ့။ တခြားလူတစ်ယောက် ဒုက္ခရောက်နေရာကရလာတဲ့လျှော့ဈေးကို ငါမလိုချင်ဘူး" ဟု သူ၏ကိုယ်စားလှယ်ကိုပြောလိုက်လေသည်။

စည်သူထက်(မအူပင်တက္ကသိုလ်)
အကိုး။   Brighter Grammar စာအုပ်

                         
                                "သူလိုသူငယ်ချင်း"

ပထမကမ္ဘာစစ်အတွင်းက စစ်သားလေးတစ်ဦးသည် သူ၏ဘ၀တစ်လျှောက်လုံး ခင်မင်ခဲ့ရသော
သူငယ်ချင်းတိုက်ပွဲကျသွားသည်ကို မြင်လိုက်ရသောအခါ
အလွန်တုန်လှုပ်သွားသည်။သူ၏ခေါင်းပေါ်မှ သေနတ်သံများ
အဆက်မပြတ်တ၀ှီးဝှီးဖြတ်ကျော်နေပြီး ကတုတ်ကျင်းထဲမှ သူထ

ွက်ရမရပေ။သို့သော်
စစ်သားလေးသည် လဲကျသွားသော သူ၏ရဲဘော်ကိုပြန်ခေါ်ရန် နှစ်ဖက်ကတုတ်ကျင်းအကြား
"စပ်ကြားနယ်မြေ" ကို သူထွက်မည်ဟု သူ၏ဗိုလ်ကြီးကို ပြောလိုက်သည်။

"မင်းသွားလို့တော့ရပါတယ်။ဒါပေမဲ့သွားရကျိုးနပ်လိမ့်မယ်လို့
ငါမထင်ဘူး။မင်းရဲ့သူငယ်ချင်းက သေနေလောက်ပြီ။မင်းအသက် မင်းသွားပေးသလို
ဖြစ်နေမှာပေါ့" ဟုဗိုလ်ကြီးကပြောသည်။ဗိုလ်ကြီး၏စကား
အရာမရောက်တော့ပါ။စစ်သားလေးသည် ဘာပဲဖြစ်ဖြစ် ထွက်ခဲ့လေသည်။

သူသည်သူငယ်ချင်းရှိရာသို့ မယုံနိုင်စရာကောင်းလောက်အောင်
အရောက်သွားနိုင်ခဲ့သည်။သူငယ်ချင်းကို ပခုံးပေါ်တင်ကာ အဖော်များရှိရာ
ကတုတ်ကျင်းသို့ ပြန်ခေါ်လာခဲ့သည်.သူတို့နှစ်ဦး ကတုတ်မြောင်းထဲကို
အတူလှိမ့်ချလာသောအခါ အရာရှိကြီးက ဒဏ်ရာရထားသော စစ်သားကို
စမ်းသပ်ကြည့်လိုက်ပြီး သူငယ်ချင်းဖြစ်သူကို ကြင်နာစွာ ကြည့်လိုက်သည်။

"သွားရကျိုးနပ်မှာ မဟုတ်ပါဘူးလို့မင်းကို
ငါပြောခဲ့သားပဲကွာ။မင်းရဲ့သူငယ်ချင်းကတော့ကျသွားပြီ။ပြီးတော့မင်းလည်း
သေလုမျောပါး ဒဏ်ရာရနေပြီ" ဟုသူကပြောသည်။
"ဒါပေမဲ့သွားရကျိုးနပ်ပါတယ်ဆရာ" ဟုစစ်သားလေးက ပြန်ပြောသည်။

"သွားရကျိုးနပ်တယ်ဆိုတာဘာကို ဆိုလိုတာလဲ" ဟုဗိုလ်ကြီးကမေးသည်။
"မင်းရဲ့သူငယ်ချင်းက သေနေပြီလေ"

"ဟုတ်ပါတယ်ဆရာ" တပ်သားလေးကပြန်ဖြေသည်။

"ဒါပေမဲ့ သွားရကျိုးနပ်တယ်လို့ပြောရတာက ကျွန်တော်ရောက်သွားတော့
သူအသက်ရှင်နေတုန်းပဲ။ ပြီးတော့သူက "ဂျင်(မ)။
မင်းလာမှာကိုငါသိပါတယ်လို့ပြောတာကိုကြားရတဲ့အတွက်
ကျွန်တော်သွားရကျိုးနပ်ပါတယ်။"


စည်သူထက်(မအူပင်တက္ကသိုလ်)
Ref:Chicken Soup for the Soul မှ "Special Orders"
................................................................................................Chicken
Soup စာအုပ်လေးမှာ ဒီဇာတ်လမ်းလေးကို ဖတ်ရတော့ ရင်ထဲမှာ နင့်နေအောင်
ခံစားလိုက်ရပါတယ်။သူငယ်ချင်းနှစ်ယောက်ရဲ့ "ယုံကြည်မှု"
နဲ့"စိတ်ဓာတ်"ကိုထပ်တူ ခံစားရမိလို့ပါ။

ဒဏ်ရာရနေတဲ့စစ်သားလေးဟာ သေအံ့မူးမူးအချိန်မှာ ကယ်မယ့်သူ
တစ်ယောက်ယောက်ကိုမျှော်မိမှာပါပဲ။ကယ်တဲ့သူကလည်း သူ့သူငယ်ချင်းဖြစ်မယ်လို့
ယုံကြည်ထားမိပါလိမ့်မယ်။အဲဒီအချိန်မှာ သူယုံကြည်တဲ့အတိုင်း
သူငယ်ချင်းလာကယ်တဲ့အခါ အတိုင်းမသိဝမ်းသာမှာပါ။သေပျော်ပြီပေါ့ဗျာ။

ကယ်တဲ့သူငယ်ချင်းကလည်း သူ့သူငယ်ချင်းသူ့ကို ယုံကြည်တာဟာယုံထိုက်လို့ပဲ
ဆိုတာ အသက်ကိုရင်းကယ်ပြီး သက်သေပြနိုင်ခဲ့ပါတယ်။သူ့အဖို့တော့
ဒီလိုသက်သေပြနိုင်တဲ့အတွက် အသက်သေရရင်တောင်တန်တယ်လို့ ခံစားမိပြီး
တစ်ဘ၀လုံးကျေနပ်နေမှာပါပဲ။

ဒီလိုအခြေအနေကြုံရတဲ့အခါ ကျွန်တော်တို့ဆိုရင် ဘာလုပ်မလဲဆိုတာ
စိတ်ဝင်စားစရာမဟုတ်ပါလားဗျာ။

(ဒီစာနဲ့မိတ်ဆွေ၊သူငယ်ချင်းတွေအားလုံးကို ရည်ညွှန်းပါတယ်)