နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, September 29, 2017

"ဦးစီးအရာရှိဖြေဆိုမည့်သူများအတွက် အင်္ဂလိပ်စာလမ်းညွှန်" (Latest Update)

2016 နဲ့ 2017 မေးခွန်းတွေမှာတော့ 2015 နဲ့မတူဘဲ မေးခွန်းပုံစံအသစ် ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ ဒီလိုပါ။



ဒီမေးခွန်းပုံစံအရ လေ့လာစရာတွေကို ပြောရရင်-
(I) နံပါတ် ၁ က Reading Comprehension ပါ။ စာပိုဒ်တစ်ပိုဒ်ပေးထားပြီး မေးခွန်းငါးခုပါပါတယ်။ တစ်ခုကို နှစ်မှတ်နှုန်းနဲ့ စုစုပေါင်းဆယ်မှတ်ရပါတယ်။ တကယ်တော့ နံပါတ် ၁ ဟာ အမှတ်သဲ့ယူရမယ့် အပုဒ်ပါ။ (Reading Comprehension ဖြေဆိုနည်းတွေ ဒီ link မှာ ကြည့်ပါ >> https://web.facebook.com/sithuhtet.mub/posts/1411145335606280 )
၂၀၁၆ မေးခွန်းနဲ့၊ ၂၀၁၇ မေးခွန်းတွေကိုလည်း ဖြေနည်းနဲ့ပါ သင်ကြားပေးတဲ့စာ သို့မဟုတ် ဗီဒီယိုဖိုင် ဆက်တင်ပေးပါမယ်။ လိုအပ်တဲ့သူများ ကျွန်တော့်အကောင့်ကို See first လုပ်ထားရင် တင်သမျှ အရင်ဆုံးတွေ့ပါလိမ့်မယ်ဗျာ။


(II) နံပါတ် ၂ ကတော့ စာကြောင်းတစ်ကြောင်းလုံးကို ဖတ်ပြီး မှားတဲ့နေရာ ပြန်ပြင်ရေးပေးရပါမယ်။ မေးခွန်းစာကြောင်း ငါးကြောင်းပါပါတယ်။ စာကြောင်းတစ်ကြောင်းထဲမှာ အမှားက တစ်ခုထက်မက ရှိနိုင်ပါတယ်။ Sub + V ညီညွတ်ရဲ့လား၊ Tense မှန်လား၊ pronoun သုံးထားတာ ဟုတ်ရဲ့လား၊ article ပါရဲ့လား ၊ adjcective နဲ့ ရေးရမယ့်နေရာမှာ noun တို့ verb တို့ ဖြစ်နေသလား စသည်ဖြင့် ဂရုတစိုက်ကြည့်ပြီး အမှားပြင်ဆင်ပေးရပါမယ်။ Rewrite the following sentences, making necessary corrections. ဆိုတဲ့အတွက် အမှား အားလုံးကို ပြင်ဆင်ပြီး စာကြောင်း ပြန်ရေးကို ရေးပေးရပါမယ်။ တစ်ပုဒ်ကို နှစ်မှတ်နဲ့ စုစုပေါင်း ဆယ်မှတ်ပါပဲ။ ဒါအတွက်ကတော့ Grammar စာအုပ်ကောင်းကောင်းတစ်အုပ်လောက်ကို ကျေကျေညက်ညက်ဖတ်ထားနိုင်ရင် အဆင်ပြေမှာပါ။ English Grammar in Use (Raymond Murphy) ရေးတဲ့စာအုပ်ကောင်းပါတယ်။ ဒီမှာ Download လုပ်ပါ >> https://vk.com/wall-51506472…
ခုမှ ဖတ်ရင်တော့ အပြီးဖတ်နိုင်ဖို့ မလွယ်ပါဘူး။ အဲဒီတော့ မေးခွန်းပုံစံနဲ့ တိုက်ဆိုင်ပြီး လိုအပ်မှာလေးတွေ ရွေးချယ်လေ့ကျင့်ပါဗျာ။


(II) B က မေးခွန်းဆယ်ပုဒ်ပါပါတယ်။ တစ်ပုဒ်ကို တစ်မှတ်ပါ။ အသင့်တော်ဆုံး စာလုံးရွေးပြီး ဖြည့်ပေးရတဲ့ မေးခွန်းဖြစ်ပါတယ်။ စာလုံး လေးလုံးပေးထားပါတယ်။ အဓိပ္ပာယ် ဆင်တူယိုးမှားလေးတွေ ပေးထားတာပါ။
ဒီမေးခွန်းလေး နမူနာကြည့်ပါ။ Teaching is a job that can really ……… (make, do, create, form) a difference to people’s life. အဖြေဘယ်ဟာ ဖြစ်နိုင်သလဲ။ အဖြေက make ပါ။ make a difference - ထူးခြားမှုရှိစေသည် ဆိုတဲ့ အသုံးရှိပါတယ်။ ကျန်တဲ့စကားလုံးတွေ မဖြစ်နိုင်ပါဘူး။ ဒီမေးခွန်းပုံစံက အင်္ဂလိပ်စာဖတ်ပြီး အသုံးအနှုန်းတွေနဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ထားမယ်ဆိုရင် ဖြေနိုင်လောက်ပါတယ်။ Synonym (အဓိပ္ပာယ်ဆင်တူစာလုံး) လေးတွေ ရှာဖွေပြီး လေ့ကျင့်ထားနိုင်ရင် အဆင်ပြေပါတယ်။ အင်္ဂလိပ်စာ အသုံးအနှုန်းအတွက် Basic English Usage လို စာအုပ် ထဲမှာ အရေးကြီးမယ်ထင်တာလေးတွေလည်း ရွေးချယ်လေ့ကျင့်သင့်ပါတယ်။
စာအုပ်ကို ဒီမှာ Download လုပ်နိုင်ပါတယ် >> http://www.zuj.edu.jo/downl…/basic-english-usage-oxford-pdf/


II (C) ကတော့ ပေးထားတဲ့ ညွှန်ကြားချက်အတိုင်း ဝါကျတွေ ပြန်ရေးပေးရတာပါ။ ကိုးတန်း/ ဆယ်တန်းက Stylistic Transformation လိုမျိုးပါတတ်တယ်။ အမေးများတာမျိုးက Reported speech/ Passive/ As..as/ not only…but also တို့လိုမျိုး စကားဆက်မေးတဲ့စာ၊ word form စတာတွေပါ။ အမေးများနိုင်တာကို ဦးစားပေးကြည့်ပေါ့နော်။ မေးခွန်းငါးခု၊ တစ်ခုကို နှစ်မှတ်နဲ့ ဆယ်မှတ်ဖိုးမေးထားပါတယ်။

(III) နံပါတ် ၃ ကတော့ မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာပြန်ခိုင်းတာပါ။ အမှန် ၂၀ ဖိုးမေးပါတယ်။ တကယ်တော့ ဘာသာပြန်ရတယ်ဆိုတာက အခက်ဆုံးပါပဲ။ မြန်မာ့အလင်းသတင်းစာနဲ့ The Global New Light of Myanmar သတင်းစာနှစ်စောင်ကို နှိုင်းယှဉ်ဖတ်ပြီး အသုံးအနှုန်းတွေ လေ့ကျင့်ပါ။ အကုန်မဖတ်နိုင်ရင်တောင် အယ်ဒီတာ့အာဘော်ဆိုတာက အထူးခြားဆုံးအကြောင်းအရာတစ်ခုကို ဝေဖန်သုံးသပ်ထားတာမို့ အဲဒီတစ်ခုကိုတော့ ပုံမှန်ဖတ်သင့်ပါတယ်။ သတင်းစာဝယ်ဖို့ မလွယ်တဲ့သူတွေအတွက် ဒီ website တွေ ဝင်ကြည့်ပါ
မြန်မာ့အလင်း >> http://www.moi.gov.mm/npe/mal/
The Global New Light of Myanmar >> http://www.globalnewlightofmyanmar.com/


(IV) နံပါတ် ၄ က For or Against writing ပုံစံပါ။ ရေးရမယ့်ပုံစံတွေ အခြေခံနားလည်ထားဖို့လိုပါတယ်။ စံပြအရေးအသားတွေလည်း ဖတ်သင့်ပါတယ်။ ရေးသားနည်းကို ဒီ link မှာ ကြည့်ပါ >> https://web.facebook.com/sithuhtet.mub/posts/1418036998250447

(V) နံပါတ် ငါးကတော့ အက်ဆေးပါ။ ဒါကတော့ ပုံမှန် ရေးနေကြပုံစံအတိုင်းပါပဲ။ ပုံမှန်ရေးနေကြဆိုလို့ The subject I like best တို့ The season I dislike most တို့လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ခေါင်းဆောင်မှု၊ သဘာဝပတ်ဝန်းကျင်၊ အချိန် စတာတွေနဲ့ ဆိုင်တာလေးတွေ ရှာဖွေ ဖတ်ပါ။

အချုပ်အားဖြင့်ဆိုရင် အင်္ဂလိပ်စာက အင်္ဂလိပ်စာတော်ပြီးသားလူတွေအဖို့ စာလေးနည်းနည်းပါးပါး ကြည့်ရုံနဲ့ ရပေမဲ့ အင်္ဂလိပ်စာအားနည်းတဲ့သူတွေအဖို့ အမှတ်ကောင်းဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် အချိန်ရှိတုန်းလေးမှာ ဆရာတစ်ယောက်ယောက်နဲ့ သေသေချာချာ လေ့ကျင့်သင်ကြားတာပဲဖြစ်ဖြစ်၊ စာအုပ်စာတမ်းတွေ သုံးပြီး အားသွန်ခွန်စိုက် လေ့လာတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အများထဲက ရွေးချယ်မှာမို့ ကြိုးစားတဲ့သူတွေအတွက်ပဲ အခွင့်အလမ်းသာနိုင်ပါတယ်။
ကံကောင်းစွာနဲ့ ဖြေဆိုနိုင်ပါစေ။ အရာရှိဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်


စည်သူထက်
30.9.2017

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ