နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, July 18, 2017

“Cloze Type လက်တွေ့ဖြေနည်းလမ်းညွှန်”




          Cloze Type ဖြေရတာ အတော်လွယ်ပါတယ်။ ဘာမှကျက်မှတ်စရာမှမရှိတာ။ Grammar အချက်တွေ သိရင်၊ စာဖတ်တတ်ရင် အဖြေအကုန်လုံးကို ကွက်တိမှန်မှာပဲ။
အဲဒီလိုပြောတော့ ဖြေတောင် မဖြေကြည့်ရသေးဘူး ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ် အတော်ရှိသွားတယ်မဟုတ်လား။ ကျွန်တော် စာသင်ရင် ကျာင်းသားတွေ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အတော်တော့စိတ်ချမ်းသာမယ်။ ဘာကိုသင်သင် ခက်တယ်လို့မပြောဘူး။ လွယ်တာဆိုတာချည်းပဲ။ ပြီးရင်သာ မရချင်နေမယ်။ အဟဲ..။ ခု Cloze Type ရော ဘယ်လိုနေမလဲ။ ဖြေကြည့်ရင် သိမှာပေါ့နော်။ 
တကယ်တော့ Cloze Type ဖြေရင် ဘယ်စကားလုံးက Noun, ဘယ်စကားလုံးက Verb စသည်ဖြင့် ခွဲတတ်ရင်တောင် တော်တော်အဆင်ပြေပြီ။ တချို့ကပြောလိမ့်မယ်။ ဆရာရယ် အထင် သေးရန်ကော။ အဲဒီလောက်ကတော့ ကလေးတောင် ခွဲတတ်ပါတယ်လို့။ ကျွန်တော်စာသင်တဲ့အခါ တချို့ဖြင့် ဘွဲ့သာရတာ စာလုံးကို ကြည့်လိုက်တာနဲ့ Noun, Verb မခွဲတတ်တဲ့သူ အများကြီး တွေ့ဖူးတယ်။ ကိုယ့်ကိုယ်ကိုယ် မညာစတမ်း ဝေဖန်ကြည့်လိုက်နော်။ တကယ်လို့ ကိုယ်က စာလုံးတစ်လုံးကို Noun, Verb စသည်ဖြင့်တောင် မခွဲတတ်တဲ့သူဆိုရင် ဝမ်းသာလိုက်တော့။ ခေါင်းခြောက်စရာမလိုဘူး။ ရမ်းကြိတ်ရုံပဲ။ တစ်လုံးစ နှစ်လုံးစတော့ မှန်မှာပေါ့လေ။ အဲဒီလောက်တော့ အခြေအနေမဆိုးသေးပါဘူး။ သိသင့်သလောက်သိပါတယ်ဆိုရင်တော့ ရှေ့ဆက်ပြောကြမယ်။
Cloze Type ဖြေပြီဆိုတာနဲ့ Grammar အရ ဘယ်နေရာမှာ Noun ထည့်မယ်၊ ဘယ်နေရာမှာ Adj ထည့်မယ် ဒီလိုမျိုးစဉ်းစားယူရပါတယ်။ ဒါပေမဲ့ အဲဒီလိုသိရုံနဲ့ မမှန်သေးပါဘူး။ ဘာလို့လဲဆိုတော့ Noun ထည့်ရမယ်ပဲထား၊ အဲဒီမှာ ရွေးစရာ Noun တွေအများကြီး ရှိနေတတ်တာကိုး။ ဒီအခါမှာ စကား အဆက်အစပ်အရ စကားလုံးကို ရွေးချယ်ရပါတယ်။ သာမန်စာပိုဒ်တစ်ခုကို အလွယ်တကူ ရနိုင်ပေမဲ့ အကြောင်းအရာခက်တဲ့စာပိုဒ် (ဥပမာ ဆေးပညာအကြောင်း စာပိုဒ်တစ်ခု) ဆိုရင် ရွေးရတာ အတော် ဒုက္ခရောက်ပါတယ်။ ဒါမျိုးကတော့ စာဖတ်စွမ်းရည် အတန်အသင့်ရှိမှာသာ အဆင်ပြေမှာပါ။ ကိုယ် ဖြေရမယ့်စာပိုဒ်က သိပ်ခက်ခက်ခဲခဲမဟုတ်ဘူးလို့ မျှော်လင့်ရတာပဲနော။ 
လက်တွေ့ဖြေကြည့်ကြမယ်။ ခုပေးထားတဲ့ စာပိုဒ်က မေးခွန်းတစ်ခုထဲက ယူထားတာပါ။ နမူနာ လေ့ကျင့်လို့ ရတာပေါ့နော်။ 
 မေးခွန်းကို စဖြေတော့မယ်ဆိုတာနဲ့ ပေးထားတဲ့ စကားလုံး (၂၀) ကို အရင် ကြည့်ပါ။ စာလုံးအကြီးတွေပါသလား။ ဒါဆိုရင် အစ စာလုံးဖြစ်ဖို့များတယ်။ နာမည်ဖြစ်ဖို့များတယ်။ နောက်ပြီးတော့ ဘယ်စကားလုံးတွေက noun, ဘယ်ဟာက Adj, ဘယ်ဟာက စကားဆက် စသည်ဖြင့် အကြမ်းဖျင်းကြည့်သွားပါ။ ပေးထားတဲ့စာလုံးတွေကို အရင်ကြည့်သွားနော်။ တချို့က အဲဒီလိုလုပ်ရမှာကို အပိုလုပ်တယ်ထင်ကြတယ်။ တချို့ကတော့ လုပ်ရမှာပျင်းတယ်။ ကိုယ်က အင်္ဂလိပ်စာ အတော်အသင့် တတ်တဲ့သူဆိုတောင် စာလုံးလေးတွေကို ကြိုတော့ကြည့်သင့်တာပဲ။ 
ကြည့်ပြီးပြီလား။ ကြည့်ပြီးရင် အဖြေစဉ်းစားကြမယ်။

that                       normal                  Health                     a                 
say                        high                      results                    afflicting
are                        raises                    medical                   study
and                       also                       In                           do
old                        health                    confirms                  Duke
Elderly people are growing healthier, happier and more independent, …(1)… American scientists. The results of a 14-year …(2)… to be announced later this month reveal …(3)…the diseases associated with old age are …(4)… fewer and fewer people and when they …(5)… strike, it is much later in life.
…(6)…the last 14 years, the National Long-term …(7)…Care Surveys has gathered data on the …(8)…and lifestyles of more than 20,000 men …(9)…women over 65. Researchers, now analyzing the …(10)…of data gathered in 1994, say arthritis, …(11)…blood pressure and circulation problems – the major …(12)…complaints in this age group – are troubling …(13)…smaller proportion every year. And the data …(14)…that the rate at which these diseases …(15)… declining continues to accelerate. Other diseases of …(16)…age – dementia, stroke, arteriosclerosis and emphysema are …(17)… troubling fewer and fewer people.
“It really …(18)… the question of what should be considered …(19)… ageing,” says Kenneth Manton, a demographer from …(20)… University in North Carolina.

နံပါတ် (၁) ဖြစ်တဲ့ ပထမဆုံး စာကြောင်းလေးကို စ, ဖတ်ကြည့်ပါ။ Elderly people are growing healthier, happier and more independent, အသက်ကြီးတဲ့သူတွေဟာ ပိုပြီးကျန်းမာ၊ ပျော်ရွှင်ပြီး အမှီအခိုကင်းလာတယ်တဲ့။ စာကြောင်းက ဒီအထိ အဆင်ပြေနေပြီ။ ဒါဆိုနောက်က American scientists က ဘယ်လိုဆက်စပ်သလဲ။ သူတို့က ပြောတာဖြစ်နိုင်တယ်။ ဒါကြောင့် နံပါတ် (၁) က say ဖြေရမယ်။ 
ဒီနေရာမှာ ပြောစရာတစ်ခုရှိတယ်။ အဖြေကို ချက်ချင်းစဉ်းစားလို့မရရင် ဘယ်လိုလုပ်ရမလဲ။ တစ်ခါတစ်လေတော့ အဖြေကို ချက်ချင်းသိပေမဲ့ များသောအားဖြင့် မသိဘူး။ အဲဒါဆိုရင် အဲဒီကွက်လပ်ကို ထားခဲ့ပါ။ ကိုယ်ကျိန်းသေပေါက်သိနိုင်တဲ့စာလုံးတွေ၊ စဉ်းစားရတာရှင်းတဲ့စာလုံးတွေရှိတယ်။ အဲဒါတွေကို အရင်ဖြည့်ပါ။ နံပါတ်နဲ့ စာလုံးတော့ မလွဲစေနဲ့ပေါ့။ သတိထားပါ။ ဖြေပြီးသမျှ စာလုံးတွေ မှတ်ခဲ့ပါ။ 
နံပါတ်(၁) ကိုစဖြေလို့ ကိုယ်အလွယ်တကူမသိဘူးဆိုရင် အကြာကြီး ကျောက်ချစဉ်းစားမနေနဲ့။ နို့မို့ ကိုယ့်မှာ ရွေးချယ်စရာ စာလုံး ၂၀ ရှိနေလိမ့်မယ်။ စဉ်းစားပြီးရွေးရတာ ပိုခက်တယ်။ ကွက်လပ် (၂၀) စလုံးကို စဉ်းစားပြီးတဲ့အခါ ကိုယ်ဖြေတတ်တာ ဆယ်လုံးလောက်ပဲရှိတယ်ဆိုပါတော့။ အဲဒါဆို မဖြေရသေးတာ စာလုံး ဆယ်လုံးလောက်ပဲ ကျန်မယ်လေ။ ဒါဆိုရင် ရွေးရတာ ပိုလွယ်သွားပြီ။ စာကြောင်းအနေအထားအရ Adj, verb, adv စသည်ဖြင့် ကျန်တဲ့စာလုံးထဲက စစ်ထုတ်ပြီး ဖြေလိုက်ရင် အကုန်မှန်ပြီပေါ့။ အပြောကတော့ ဟုတ်နေတာပဲ။ ဖြေရင်တော့ ဘယ်လိုနေမယ်မသိ။ 
နံပါတ် (၂) ဆက်စဉ်းစားကြမယ်။ The results of a 14-year …(2)… တဲ့။ အနေအထားအရ Noun တစ်ခုဖြစ်နိုင်တယ်။ 14 year old များလားလို့ စဉ်းစားမိလိုက်တယ်။ ဒါပေမဲ့ လူကို ပြောနေတာမဟုတ်ဘဲ results ပြောနေတာဖြစ်နေတော့ မသေချာဘူး။ အဲဒီတော့ ထားခဲ့မယ်။ နောက်မှ ပြန်ဖြေမယ်။ 
နံပါတ် (၃) ကို ကြည့်လိုက်တော့ to be announced later this month reveal …(3)…the diseases associated ဒါကို သွားတွေ့တယ်။ ဒါကတော့ လွယ်လွယ်သိပါတယ်။ that နဲ့ ဆက်လိုက်မယ်။ နောက်မှာ Clause တစ်ခုပါနေတော့ မှန်ဖို့သေချာပါတယ်။
နံပါတ် (၄) ..  the diseases associated with old age are …(4)… fewer and fewer people ဒီဝါကျမှာ the diseases associated with old age (အသက်အရွယ်ကြီးရင့်တာနဲ့ ဆက်စပ်တဲ့ ရောဂါတွေ) ဒါက ဝါကျရဲ့ Subject နေရာမှာ၊ are ….. ပေးထားတယ်။ နောက်က fewer and fewer people ဆိုတာက Obj နေရာမှာ ရှိနေတယ်။ ဒါဆိုရင် စဉ်းစားစရာ နှစ်ခုပဲရှိတယ်။ Active Voice ပုံစံနဲ့ ရေးထားတာဆိုရင် V-ing ပုံစံဖြစ်လိမ့်မယ်။ Passive ဆိုရင်တော့ V3 ပုံစံဖြစ်လိမ့်မယ်။ ဒီမှာ V3 ပေးထားတာ မရှိဘူးလေ။ afflicting ပဲ ဖြစ်စရာရှိပါတယ်။ အဓိပာယ်ကို သိရင်တော့ ပိုသေချာတာပေါ့။ afflicting ဆိုတာက ဖိစီးသည်၊ နှိပ်စက်သည် လို့ အဓိပာယ်ရပါတယ်။
နံပါတ် (၅) … when they …(5)… strike, it is much later in life. တဲ့။ ဒီဝါကျမှာ they ဆိုတာက the diseases associated with old age အစားသုံးထားတဲ့ Subject ။ strike ဆိုတာက Verb ။ ဒါဆို ဒီကွက်လပ်နေရာမှာ Verb ကိုလေးနက်အောင် လုပ်ပေးတဲ့ စကားလုံးပဲဖြစ်ရတော့မယ်။ အဓိပာယ် သီးသန့်မရှိပါဘဲ Verb ကို လေးနက်အောင် လုပ်ပေးတဲ့စကားလုံးက do ပါ။
နံပါတ် (၆) ကတော့ လွယ်ပါတယ်။ အစ စာလုံးဖြစ်တယ်။ ခုနှစ်ကိုပြတဲ့ စကားလုံး ဖြစ်ရမယ်ဆိုတော့ In ပေါ့။
နံပါတ် (၇) .. the National Long-term …(7)…Care Surveys အစစာလုံးတွေကို အကြီးနဲ့စထားတာ သတိထားမိတယ်မဟုတ်လား။ ဒါဆို ဒါလည်း စာလုံးကြီးဖြစ်ရမယ်။ In ဖြေပြီးတဲ့နောက်မှာ စာလုံးအကြီးက Health နဲ့ Duke နှစ်ခုပဲ ကျန်တော့တယ်။ အဓိပာယ်အရ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်နိုင်တဲ့အတွက် Health ကို ရွေးလိုက်တယ်။
နံပါတ် (၈) .. on the …(8)…and lifestyles ဆိုတာတွေ့မယ်။ article နောက်မှာလည်းဖြစ်တယ်။ and နဲ့ ဆက်ထားတဲ့ နောက်ကလည်း noun ဖြစ်နေတယ်ဆိုကတည်းက ကွက်လပ်နေရာမှာလည်း noun ပဲဖြစ်ရမယ်။ ဘယ် noun တွေ ကျန်သေးလဲ။ ပေးထားတဲ့စာလုံးတွေပြန်ကြည့်လိုက်တဲ့အခါ health ၊ results ၊ study သုံးလုံး ကျန်နေတယ်။ ဘဝနေမှုပုံစံနဲ့ ဘာကို အချက်အလက်စုဆောင်းတာဖြစ်နိုင်မလဲ။ ရှင်းပါတယ်။ ကျန်းမာရေးအကြောင်းပဲ ဖြစ်နိုင်တာပေါ့။ health ထည့်လိုက်ပါမယ်။
နံပါတ် (၉) .. more than 20,000 men …(9)…women တဲ့။ ဒါကတော့ စဉ်းစားစရာတောင် လိုမယ်မထင်ဘူး။ and နဲ့ ဆက်လိုက်မယ်။ 
နံပါတ် (၁၀) … analyzing the …(10)…of data gathered in 1994 ဆိုတာ တွေ့တယ်။ article ရဲ့ နောက်မှာ Noun ရှိတတ်တယ်။ ဒါ့အပြင် N of N ပုံစံမို့ ဒီကွက်လပ်က Noun ဆိုတာ သေချာတယ်။ Noun နှစ်ခုပဲ ကျန်တော့တယ်။ study နဲ့ results ။ ဒါဆို ၁၉၉၄ ခုနှစ်က စုဆောင်းခဲ့တဲ့ အချက်အလက်တွေရဲ့ ဘာဖြစ်နိုင်မလဲ။ ရလာဒ်ပဲ ဖြစ်နိုင်တာပေါ့။ results ကို ရွေးလိုက်ပါ။
နံပါတ် (၁၁) …(11)…blood pressure and circulation problems ဆိုတာတွေ့မယ်။ blood pressure ဆိုတာက noun ဖြစ်တဲ့အတွက် ကွက်လပ်က သူ့ကို အထူးပြုတဲ့ Adj ဖြစ်မှာပေါ့။ high blood pressure သွေးဖိအားမြင့်တာ (သွေးတိုးတာ) ပဲ ဖြစ်မယ်။ Adj ဖြစ်တဲ့ high ရွေးလိုက်ပါ။ 
နံပါတ် (၁၂) .. the major …(12)…complaints in this age group ဆိုတာ တွေ့မယ်။ Grammar အရ Adj ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဓိပာယ်အရရော ချက်ချင်းအဖြေထွက်ဖို့ မလွယ်ဘူး။ ဒါမျိုးဆို ခေါင်းစားမခံနဲ့။ ထားခဲ့မယ်။ ပြီးမှပြန်ဖြေမယ်။ ခုဆိုရင် ထားခဲ့တာ နှစ်ပုဒ်ရှိပြီနော်။ မေ့လည်း ကျန်ခဲ့ဦးမယ်။
နံပါတ် (၁၃) .. are troubling …(13)…smaller proportion every year ဒီနေရာမှာ smaller ကို ဖယ်ကြည့်မယ်ဆိုရင် …. proportion ဆိုတာတွေ့မယ်။ ဒါက ရေတွက်လို့ ရတဲ့ နာမ်ပါ။ ဒါကြောင့် a, an, the, this စတဲ့ နာမ်ကို ညွှန်းတဲ့ စကားလုံးမပါဘဲ မသုံးရဘူး။ article + Adj + Noun ပုံစံဖြစ်ရမယ်။ ဒါကြောင့် article ဖြစ်တဲ့ a ထည့်ပါ။ ဒါက စဉ်းစားပြတာပါ။ a large proportion / a small proportion စသည်ဖြင့် သုံးစွဲတတ်တဲ့သူက စဉ်းစားစရာတောင်မလိုဘူး။ အဖြေတန်းသိတာပေါ့။
နံပါတ် (၁၄) .. And the data …(14)…that .. ဆိုတဲ့စာကြောင်း။ ကွက်လပ်က Verb နေရာမှာ ရှိတာ သတိထားမိလိမ့်မယ်။ that နဲ့ ဆက်ပြီး နောက်မှာ ဝါကျဆက်သွားတယ်။ ဒါဆို ကျန်တဲ့ Verb တွေ ကြည့်ပါဦး။ are ၊ raises ၊ confirms တွေ။ စကား အဆက်အစပ်အရ confirms အတည်ပြုသည် ဆိုတဲ့ သဘောနဲ့ သုံးတာပဲဖြစ်နိုင်ပါတယ်။ Sub + Verb agreement အရ data က အများကိန်းပုံစံ၊ တစ်ခုကိန်းပုံစံက datum ဖြစ်တာမို့ အများကိန်းပုံစံ data နောက်မှာ singular verb ဖြစ်တဲ့ confirms လိုက်လို့ရပါ့မလားလို့ အငြင်းအခုံလုပ်စရာတော့ ရှိတယ်။ သိထားရမှာက data ကို Singualar (တစ်ခုကိန်းပုံစံ) နဲ့လည်း သုံးနိုင် ပါတယ်။
နံပါတ် (၁၅) … these diseases …(15)… declining ဆိုတာတွေ့မယ်။ these diseases ဆိုတာက Sub အများလည်း ဖြစ်တယ်။ နောက်မှာ V-ing ပုံစံလည်း တွေ့တယ်ဆိုတော့ သံသယရှိစရာမလိုပါဘူး။ are ထည့်လိုက်ပါ။
နံပါတ် (၁၆) .. Other diseases of …(16)…age တဲ့။ စဉ်းစားရတာလွယ်မယ်ထင်တယ်။ အသက်ဘာဖြစ်လို့ဖြစ်တဲ့ တခြားရောဂါဖြစ်မယ်ထင်လဲ။ အသက်ကြီးလို့ ပဲ ဖြစ်မှာပေါ့။ old ထည့်ပါ။ နံပါတ် (၂) တုန်းက old ထည့်ရင် ကောင်းမလားစဉ်းစားခဲ့သေးတယ်မဟုတ်လား။ ခု နံပါတ် (၁၆) မှာ old ထည့်ရတာ သေချာနေပြီမို့ နံပါတ် (၂) မှာ old ကို စဉ်းစားစရာ မလိုတော့ဘူး။
နံပါတ် (၁၇) … emphysema are …(17)… troubling fewer and fewer people ဆိုတာ ကြည့်ပါ။ Sub ရှိတယ်။ Verb အနေနဲ့ ဆိုရင် are troubling ဆိုတာ ပြည့်စုံနေတယ်။ ဒါဆိုရင် ကွက်လပ်နေရာက verb ကို အထူးပြုတဲ့ adv ဖြစ်မှာပေါ့။ also ထည့်လိုက်ပါ။
နံပါတ် (၁၈) .. It really …(18)… the question of ဆိုတာတွေ့မယ်။ really ကို ခဏဖယ်ကြည့်လိုက်ပါ။ It က subject ၊ the question ဆိုတာက Object ဖြစ်တယ်။ ဒါဆိုရင် Verb လိုတယ်။ Verb ဆိုလို့ raises ပဲကျန်ပါတော့တယ်။ အသုံးအနှုန်းအရလည်း raise the question ဆိုပြီး သုံးလေ့ရှိပါတယ်။
နံပါတ် (၁၉) .. what should be considered …(19)… ageing တဲ့။ ageing (အိုလာခြင်း၊ အသက်ကြီးလာခြင်း) ဆိုတာ noun ပါ။ သူ့ရဲ့ရှေ့က Adj ဖြစ်နိုင်တာပေါ့။ Adj ကျန်တာကို စဉ်းစားမယ်ဆိုရင် normal နဲ့ medical ပဲရှိတော့တယ်။ ပုံမှန်အတိုင်းအသက်ကြီးရင့်ခြင်းဆိုတာပဲ ဖြစ်ရမယ်။ ဆေးပညာအရ အသက်ကြီးတယ်ဆိုတာတော့ ဘယ်ဟုတ်ပါ့မလဲ။ normal ရွေးပါ။
နံပါတ် (၂၀) .. from …(20)… University in North Carolina ဒါကို တွေ့တော့ လွယ်ပါတယ်။ တက္ကသိုလ်နာမည်ပြောထားတာပဲ။ Duke သာထည့်လိုက်။ မလွဲတော့ဘူး။
ကျွန်တော်တို့ သိပ်မသေချာလို့ ချန်ထားခဲ့တာ နံပါတ် (၂) နဲ့ နံပါတ် (၁၂)။ ကျန်တဲ့ စာလုံးကလည်း medical နဲ့ study ။ (၁၂) မှာ the major …(12)…complaints ဆိုပြီး တွေ့တယ်။ complaints က noun ပါ။ ဒါဆို သူ့ကို အထူးပြုတဲ့ adj ဖြစ်တဲ့ medical ရွေးသင့်တာပေါ့။ နံပါတ် (၂) ရဲ့ အဖြေက study ထည့်ဖို့ပဲကျန်တယ်။ အဓိပာယ်အရလည်း The results of a 14-year study (ဆယ့်လေးနှစ်ကြာ လေ့လာမှုရဲ့ရလာဒ်တွေ) ဆိုတော့ သေချာတဲ့ အဖြေပါ။
ဒီလောက်ဆိုရင် သဘောတရားကို ခြုံငုံမိမယ်ထင်ပါတယ်။ ဘယ်နေရာမှာ ဘယ်စကားလုံး ရှိနိုင်လည်းဆိုတာ မေ့နေလို့ ပြန်နွှေးချင်တယ်ဆိုရင် ဒီအချက်တွေကို လေ့လာပါ။
Noun ရှိနိုင်တဲ့ နေရာများ
1.    Article (a, an, the) + NOUN
2.    my, our, your, his, her, it’s, their, 's + NOUN
3.    this, that, these, those + NOUN
4.    many, much, some, any, no + NOUN
5.    Adj + NOUN
6.    be + NOUN
7.    Sub, Obj နေရာမှာ NOUN
8.    Preposition + NOUN
Adjective ရှိနိုင်တဲ့ နေရာများ
1.    ADJECTIVE + Noun
2.    be + ADJECTIVE
3.    linking verbs ( become, come, feel, get, grow) + ADJECTIVE
4.    make + Obj+ ADJECTIVE
keep + Obj+ ADJECTIVE
5.    something, anything, everything, nothing + ADJECTIVE
Verb ရှိနိုင်တဲ့ နေရာများ
1.    Sub ရဲ့နောက်
2.    Obj ရဲ့ ရှေ့
Adverb ရှိနိုင်တဲ့ နေရာများ
1.    S+ V+ O+ ADVERB
2.    S+ V+ ADVERB
3.    S+ ADVERB+ V
4.    ADVERB+ a sentence
5.    Verb အတွဲတွေမှာ ပထမ verb နောက် ADVERB
Preposition ရှိနိုင်တဲ့ နေရာများ
1.    Noun ရဲ့ ရှေ့
2.    Pronoun ရဲ့ ရှေ့
3.    Phrasal verbs တွေမှာ verb နောက်
Conjunction ရှိနိုင်တဲ့ နေရာများ
1.    ဝါကျတွေ ချိတ်ဆက်တဲ့ နေရာမှာ
2.    Noun, verb, Adj, Adv အကြား
Cloze Type ကို တတ်နိုင်သမျှ တော်တော်လေးတော့ ကြိုးစားရေးထားပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း စာသင်တဲ့ပုံစံ ရေးထားတယ်ဆိုပေမဲ့ စာသင်တာကစာသင်တာပဲ၊ စာရေးတာက စာရေးတာပဲ။ စာသင်တဲ့ပုံစံကို မီအောင် ဘယ်လိုမှ စာရေးလို့မရပါဘူး။ စာသင်ပေးရရင် ဒါ့ထက်လွယ်အောင်၊ ရှင်းအောင်ပြောလို့ရပါတယ်။
နောက်ထပ်တစ်ခုက ဆရာကြီးမင်းသိင်္ခရဲ့ဇာတ်ကောင် ဆားပုလင်းနှင်းမောင် ပြောခဲ့သလိုပေါ့။ တချို့ကိစ္စတွေကို ကိုယ့်ရဲ့စိတ်ထဲမှာရှင်းနေတာပဲ။ သူများကိုကျတော့ဘယ်လိုပြန်ပြောရမယ်မသိဘူးတဲ့။ Cloze Type ဖြေတဲ့အခါမှာ အရင်တုန်းက ကိုယ်သင်ကြားခဲ့တဲ့၊ လေ့လာခဲ့တဲ့ အင်္ဂလိပ်စာတွေက မြန်မြန်နဲ့ မှန်မှန်ဖြေနိုင်အောင် ကျိန်းသေ အထောက်အကူ ပေးပါတယ်။ တစ်ဖက်ကပြောရမယ်ဆိုရင်လည်း ကိုယ်လေ့လာ၊ သင်ကြားခဲ့တာ အားနည်းမယ်ဆိုရင် နည်းစနစ် ဘယ်လောက်ပဲသိသိ ဖြေရတာ အခက် တွေ့နိုင်သေးတာပဲ။ 
ကိုယ်က ဘယ်အခြေအနေမှာပဲရှိရှိ ခု သင်ကြားပေးထားတာတွေက အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဆင်ပြေပါစေ။
စေတနာဖြင့်
စည်သူထက်

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ