နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label စာအုပ် အနှစ်ချုပ်. Show all posts
Showing posts with label စာအုပ် အနှစ်ချုပ်. Show all posts

Wednesday, September 11, 2019

စွန့်စားကြီးပွား ပြည်သူများ (သို့မဟုတ်) အစ္စရေးနိုင်ငံသား

စွန့်စားကြီးပွား ပြည်သူများ (သို့မဟုတ်) အစ္စရေးနိုင်ငံသား
ဟိန်းလတ် (မြန်မာပြန်)
စာမျက်နှာ ၂၇၆ ကို အနှစ်ချုပ်ထားပါတယ်။

အစ္စရေးလူမျိုးများတွင် ချုဇ်ပါ စိတ်ဓာတ်ရှိသည်။ ချုဇ်ပါဆိုသည်မှာ “အရိုအသေတန်မှု၊ မျက်နှာပြောင်မှု၊ အရှက်ကင်းမဲ့မှု၊ အံ့မခန်းသတ္တိရှိမှု၊ မိမိကိုယ်မိမိ ယုံကြည်လွန်းမှု၊ စိတ်ကြီးဝင်မှု” စသည်တို့ ပေါင်းစပ်ပါဝင်နေသော အရည်အသွေးကို ခေါ်ဆိုခြင်းဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်လွန်းခြင်း၊ အားနှင့်မာန်နှင့် ပြောဆိုခြင်းတို့သည် အစ္စရေးတို့၏ စံနှုန်းဖြစ်သည်။ အပြင်းအထန် ငြင်းခုန်စကားစစ်ထိုးမှုများဖြင့် ပြဿနာတစ်ခုကို အကောင်းဆုံး အဖြေရှာကြသည်။

အစ္စရေးနိုင်ငံသားများသည် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းဖူးကြသူများချည်းဖြစ်သည်။ သူတို့သည် တပ်ဘက်၊ အရပ်ဘက် မည်သည့်နေရာတွင်မဆို မိမိလုပ်ငန်းကောင်းဖို့အတွက်ဆိုလျှင် အထက်လူကြီးကိုပင် ဂရုမစိုက်ဘဲ လုပ်စရာရှိသည်ကို ရှေ့ဆက်လုပ်တတ်သည်။ နယ်မြေတစ်ခုကို ထိန်းသိန်းစောင့်ရှောက်ရာတွင် ရာထူးအငယ်ဆုံးဖြစ်သည့် တပ်စုမှူးငယ်တစ်ဦးလျှင်ပင် ဗိုလ်ချုပ်တစ်ဦးကဲ့သို့ တာဝန်ယူနိုင်၊ ကိုင်တွယ်နိုင်သည်။ တပ်မတော်တွင် အထက်လူကြီး သဘောကျမှ ရာထူးတိုးနိုင်မည့် ပုံစံထက် အောက်လက်ငယ်သား ကျေနပ်မှ အရာရှိ ရာထူးတိုးနိုင်သည့်ပုံစံ ကျင့်သုံးသည်။ အစ္စရေးတပ်မတော်တွင် သင်ကြားပေးလိုက်သော ရာထူးအဆင့် မခွဲခြားမှုသည် အရပ်ဘက်တွင်ပါ ဆက်လက်ကျင့်သုံးရင်း ထုံးစံတစ်ခုဖြစ်လာသည်။ အလုပ်ရှင်မှားနေလျှင် ဝန်ထမ်းအငယ်များက မှားနေပြီဟု ပြောရဲသည်။

အစ္စရေးတို့သည် ခရီးသွားအလွန်ဝါသနာပါကြသည်။ ဝေးဝေးသွား၊ ကြာကြာနေ၊ နက်နက်ရှိုင်းရှိုင်းကြည့်ဆိုသည်မှာ အစ္စရေးတို့၏ လမ်းညွှန်ချက်ဖြစ်သည်။ ကမ္ဘာတစ်ခွင် လှည့်လည်သွားနေသော အစ္စရေးလူငယ်များနှင့် အစ္စရေးနည်းပညာစီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကာ နိုင်ငံခြားဈေးကွက်များသို့ ထိုးဖောက်ကြသည်။ အစ္စရေးစီးပွားရေး လုပ်ငန်းရှင်များသည် ကိုယ်တိုင်ခန့်အပ်သော သံတမန်ပုံစံဖြင့် နိုင်ငံတကာ ဆက်ဆံရေးပိုမိုတိုးတက်အောင် ကြိုးစားကြသည်။

အစ္စရေးထိပ်တန်းတက္ကသိုလ်များ၏ အဆင့်မှာ အမေရိကန်ထိပ်တန်းတက္ကသိုလ်များနှင့် အဆင့်တူဖြစ်သည်။ ဝင်ခွင့်ရရန် ခက်ခဲသည်။ အစ္စရေးကာကွယ်ရေးတပ်မတော်၏ အထူးတပ်ဖွဲ့ဝင်ရန်လည်း ထိုကဲ့သို့ပင် ခက်ခဲသည်။ နည်းပညာတပ်ဖြစ်သော “တာလ်ပီးယော့” တွင် ပညာပါရမီပါသော အထူးရွေးချယ်ထားသော လူငယ်များကို အဆင့်မြင့်နည်းပညာသင်ပေးသည်။ ထိုသူများသည် အစ္စရေးထိပ်တန်း အအောင်မြင်ဆုံး စီးပွားရေးကုမ္ပဏီများတွင်လည်း အကြီးအကဲများဖြစ်လာသည်။ အစ္စရေးတပ်ဖွဲ့မှ အရာရှိများသည် ဘက်စုံထောင့်စုံ တာဝန်ထမ်းဆောင်ရင်း ရင့်ကျက်လာရာ စီးပွားရေးလောကသို့ ရောက်လာသောအခါ အသင့်ပြင်ပြီးသား ဖြစ်နေကြသည်။

အစ္စရေးတို့၏ တီထွင်မှုများသည် သင်ရိုးညွှန်းတန်း ပုံစံဟောင်းများမှ ဖောက်ထွက်ပြီး အတွေ့အကြုံပေါ်မူတည်ကာ ဆန်းသစ်တီထွင်သည်။ မိမိကိုယ်မိမိ ဝေဖန်စိစစ်ရေး သေချာလုပ်ကြသည်။ အစ္စရေးတို့အဖို့ ဝေဖန်စိစစ်ရေးသည် တိုက်ပွဲဝင်သကဲ့သို့ အရေးပါသည်။

အစိုးရ၏ စီးပွားရေးပေါ်လစီသည် အစ္စရေးနိုင်ငံ တိုးတက်မှုနှုန်း မြန်ဆန်ရေးတွင် အဓိက ဖြစ်ခဲ့သည်။ အစ္စရေးနိုင်ငံ၏ စီးပွားရေး အံ့မခန်းအောင်မြင်လာမှုသည် ပြည်ပမှ ဝင်ရောက်နေထိုင်သူ ပညာရှင်များ၏ ကျေးဇူးပါသည်။ ဆရာဝန်၊ အင်ဂျင်နီယာစသော ပြည်ပပညာရှင်များ မဝင်ရောက်ခင်ကပင် အစ္စရေးတွင် ပညာရှင်များ ပေါများပြီး ဖြစ်သည့်အတွက် သူတို့ အလုပ်ချက်ချင်းရဖို့မလွယ်။ သို့သော် အစ္စရေးအစိုးရက သူတို့အတွက် အလုပ်ရှာပေး၊ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ပေးသည်။ နည်းပညာများ အလွန်အမင်းထွန်းကားလာချိန် ပုဂ္ဂလိက ကဏ္ဍတွင် အင်ဂျင်နီယာများစွာလိုလာသောအခါ ပြင်ပမှ ဝင်ရောက်လာသော အင်ဂျင်နီယာများစွာ ဝင်လာ၍ အဆင်ပြေခဲ့သည်။

အစ္စရေးတို့သည် အလုပ်နှင့်ပတ်သက်၍ ကတိတည်ကြသည်။ လစ်ဟင်းမှုမရှိ၊ အလုပ်အပ်ရမည့်ရက်နှင့်ပတ်သက်၍ နောက်ကျသည်ဟူ၍မရှိ။ ပင်လယ်ကွေ့စစ်ပွဲကာလတွင် အစ္စရေးနိုင်ငံအပေါ် ဗုံးမိုးရွာချနေစဉ်တွင်ပင် အလုပ်မပျက်ခဲ့ကြပေ။ ဒုံးကျည်များ အဆက်မပြတ်ကျနေသည့် ကာလအတွင်းတွင်ပင် ကုန်ထွက်စွမ်းအား မကျခဲ့သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အစ္စရေးကို မျက်စိကျကာ အလုံးအရင်း ရင်းနှီးမြှုပ်နှံကြသည်။

၁၉၉၁ ခုနှစ်ဝန်းကျင်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိငယ်အချို့က ယို့ဇ်မာ (ကိုယ်စွမ်းကိုယ်စ) ဟူသော အစီအစဉ်တစ်ခု စိတ်ကူးမိလာသည်။ အစ္စရေးလုပ်ငန်းရှင်များက အစ္စရေးနည်းပညာသစ်များပေါ်တွင် ဒေါ်လာ ၁၂ သန်းထည့်ဝင်လျှင် အစိုးရက ဒေါ်လာ ၈ သန်း ထည့်ဝင်ပေးမည့် သဘောဖြစ်သည်။ ယို့ဇ်မာ ရံပုံငွေဖြင့် ထောင်တက်လာသော ကုမ္ပဏီများ ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်က စီးပွားရေးပြုပြင်ပြောင်းလဲမှုများလုပ်ပြီး ပုဂ္ဂလိကသို့ လွှဲပြောင်းမှုများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ဘဏ္ဍာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများကြောင့် ရင်းနှီးမြှုပ်နှံမှု မန်နေဂျာများသည် လုပ်အားခကြေးများကို တရားဝင် ရယူနိုင်ခဲ့ကြသည်။

အစ္စရေးတို့သည် အသစ်တီထွင်မှုများကို အံ့မခန်း လုပ်နိုင်ကြသည်။ ထိုအရာများမှာ သမားရိုးကျ တွေးခေါ်နည်းများကို ဖောက်ထွက်ကာ လွတ်လပ်သော စဉ်းစားနည်းများမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ တပ်ဘက်ဆိုင်ရာနှင့် အရပ်ဘက်ဆိုင်ရာ အတွေ့အကြုံများကို ပေါင်းစပ်ပြီး လွတ်လပ်စွာ တွေးခေါ်ကြံဆခြင်းဖြင့် အမျိုးစုံ ပေါင်းစပ်တီထွင် ဖန်တီးနိုင်ခဲ့ကြသည်။

အာရပ်ကမ္ဘာတွင် မူလတန်း၊ အလယ်တန်းနှင့် အချို့တက္ကသိုလ်များအထိ အလွတ်ကျက်မှုကို ဦးစားပေးနေကြသည်။ အစ္စရေးကမူ တီတွင်ဆန်းသစ်မှုကို အားပေးသည်။ ထို့ကြောင့်ပင် စွန့်စားတီထွင် စီးပွားရေးလုပ်ငန်းရှင် ပေါများသော နိုင်ငံကြီးတစ်ခု ဖြစ်လာခဲ့သည်။

အစ္စရေးသည် ၂၀၀၅ ခုနှစ်တွင် နျူကလီးယားထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ဆယ်နိုင်ငံမြောက်စာရင်းဝင်ဖြစ်သည်။ ယနေ့တွင် ဂျီဒီပီတွင် ကမ္ဘာကို ဦးဆောင်နေသည်။ အမျိုးသားလုံခြုံရေး ကောင်းနေပြီ။ စွန့်စားတီထွင် လုပ်ငန်းများ တည်ထောင်အောင်မြင်လာခဲ့ပြီ။ ထိုသို့ ပြောင်းလဲလာရန် အစ္စရေးသည် ကြီးပွားမှု နည်းပါးရုံသာမက ငွေကြေးဖောင်းပွမှု အလွန်အကျွံဖြစ်သော အခြေအနေဆိုးများကိုလည်း ဖြတ်ကျော်ခဲ့ရပါသည်။

Saturday, February 9, 2019

ဟောင်ကောင်သူဌေးကြီး လီကာရှင်း

(စာမျက်နှာစုစုပေါင်း ၂၇၀ ကို အနှစ်ချုပ်ထားပါတယ်)

လီကာရှင်းကို တရုတ်နိုင်ငံ၊ ချောင်ဂျိုမြို့က အိမ်လေးမှာ ၁၉၂၈၊ ဇွန်လ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖေက ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဆင်းရဲပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီးမှာ သူတို့နေတဲ့ မြို့ကို ဂျပန်စစ်လေယာဉ်တွေ ဗုံးကြဲတိုက်ခိုက်လို့ လီကာရှင်းအသက် ၁၂ အရွယ်မှာ မိသားစုနဲ့အတူ ဗြိတိသျှပိုင် ဟောင်ကောင်ကျွန်းကို ပြေးရပါတယ်။ ဟောင်ကောင်ကျွန်းရောက်ပြီး ၂ နှစ်ကျော်အကြာမှာ သူ့အဖေအဆုတ်တီဘီရောဂါနဲ့ဆုံးပါးလို့ သူလည်း စာဆက်မသင်နိုင်တော့ဘဲ အလယ်တန်း တက်ခါနီး ကျောင်းထွက်ခဲ့ရပါတယ်။ ရရာအောက်ခြေအလုပ်ကို ကြိုးစားလုပ်ပြီး တရုတ်မှာကျန်နေခဲ့တဲ့ အမေနဲ့မောင်နှမတွေဆီကို ပိုက်ဆံပို့ပေးတယ်။

လီကာရှင်းအသက် ၁၇ နှစ်လောက်မှာ သူက ဟောင်ကောင်ကျွန်းရဲ့ စီးပွားရေးတိုးတက်လာတော့မယ်၊ ပလတ်စတစ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ဖွံ့ဖြိုးတော့မယ်ဆိုတာ ခန့်မှန်းမိတယ်။ သူက တစ်နေ့ကို ၁၆ နာရီလောက်အလုပ်ကြိုးစားလုပ်နေတဲ့အပြင် ရတဲ့အချိန်မှာ ပညာကို ကြိုးစားသင်ပါတယ်။ အပျော်အပါးလုံးဝမရှာဘဲ ခက်ခက်ခဲခဲ ကြိုးစားပြီးတဲ့နောက်မှာ အထက်တန်းအောင်ပါတယ်။ ဆရာတွေဆီက သင်ယူတဲ့အပြင် စာအုပ်မဝယ်နိုင်တဲ့အတွက် စာကြည့်တိုက်တွေသွားပြီး ဖတ်မှတ်ပါတယ်။အသက် ၂၀ ဝန်းကျင်လောက်မှာ သူကြိုးစားစုဆောင်းထားတဲ့ ငွေတွေနဲ့ ဆွေမျိုးတွေဆီကချေးငှားယူတဲ့ ပိုက်ဆံစုပြီး ပလတ်စတစ်ထုတ်တဲ့ ချွန်ကောင်း ကုမ္ပဏီထောင်ပါတယ်။ လူသုံးပစ္စည်းတွေ၊ အရုပ်လေးတွေ ထုတ်လုပ်ပြီး ဈေးကွက်အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေကို ရောင်းချပြီး အဆင်ပြေပါတယ်။ တရုတ်နိုင်ငံကို ကုလသမဂ္ဂက စီးပွားရေး ပိတ်ဆို့အရေးယူချိန်မှာ လီကာရှင်းနေတဲ့ ဟောင်ကောင်ကလည်း တရုတ်နဲ့ စီးပွားရေး အဆက်အစပ်မလုပ်ရတော့လို့ ကုမ္ပဏီအများစု ပိတ်သိမ်းရတဲ့အထိ အခက်အခဲ ရှိနေပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းအသစ်တွေကို ရှာနေတဲ့ လီကာရှင်းက သူဝါသနာအလျောက်ဖတ်နေတဲ့ အင်္ဂလိပ်မဂ္ဂဇင်းထဲက သတင်းတိုလေးထဲမှာ အီတလီနိုင်ငံက ပလတ်စတစ်စက်ရုံတွေက ပလတ်စတစ်ပန်းတွေ ထုတ်လုပ်ပြီး ဥရောပနိုင်ငံတွေကို တင်ပို့နေတယ်ဆိုတာ ဖတ်မိပြီး အီတလီနိုင်ငံကို သွား၊ ပလတ်စတစ်ပန်းထုတ်လုပ်တဲ့ စက်ရုံတွေကို လအတော်ကြာ လေ့လာခဲ့ပါတယ်။ ဒါ့အပြင် စက်ရုံစီမံခန့်ခွဲမှု နည်းပညာပါ သင်ယူလာခဲ့ပါတယ်။ နိုင်ငံခြားမှာ ပညာသင်ယူတဲ့ တရုတ် အင်မတန်ရှားပါးတဲ့အချိန်မှာ သူ ပညာလေ့လာခဲ့ပုံပါ။

ပြန်ရောက်တာနဲ့ သူ့ကုမ္ပဏီကနေ ပလတ်စတစ်ပန်းတွေထုတ်ပြီး အမေရိကန်နိုင်ငံကို တင်ပို့ပါတယ်။ အီတလီနိုင်ငံထုတ်ပန်းတွေလို အရည်အသွေးကောင်းပြီး ဈေးသက်သာတဲ့အတွက် ဥရောပနဲ့ အာရှနိုင်ငံတွေမှာ ဝယ်လိုအားများလာပါတယ်။ သူ့ရဲ့စက်ရုံကို ခေတ်မီပြီး စနစ်ကျအောင် လုပ်ထားတဲ့အတွက် အမေရိကန်နိုင်ငံက ကိုယ်စားလှယ်အဖွဲ့က သဘောကျပြီး အမေရိကန် ဒေါ်လာတစ်သန်းဖိုး ပလတ်စတစ်ပန်းတွေကို ဝယ်ယူပြီး အမေရိကန်မှာ ပြန်ရောင်းချတာ ရှိပါတယ်။

၁၉၆၄ ခုနှစ်လောက်မှာ ဥရောပတိုက်က လူတွေက ချမ်းသာလာလို့ ပလတ်စတစ်ပန်းအစား ပန်းအစစ်တွေကို ပိုမက်မောလာပါတယ်။ အခြေအနေနားလည်တဲ့ လီကာရှင်းက ပလတ်စတစ်ပန်းခေတ်ကုန်တော့မယ်ဆိုတာ သဘောပေါက်ပြီး မရှိမဖြစ်လိုအပ်တဲ့ အိမ်ခြံမြေလုပ်ငန်းကို ပြောင်းလဲဖို့ စိတ်ကူးရပါတယ်။ စက်ရုံအတွက် မြေနေရာတွေဝယ်ယူပြီး ပြန်လည်ရောင်းချတဲ့အပြင် သိန်းချီရှိနေတဲ့ ကျူးကျော်တွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ရောင်းချဖို့ New Terrorities နယ်မြေမှာ မြေကွက်တွေအများကြီးဝယ်၊ လူနေအိမ်တွေဆောက်လုပ်ပြီး ရောင်းချခဲ့တဲ့အခါ အမြတ်အစွန်းတော်တော် ရခဲ့ပါတယ်။ စနစ်တကျ ပြင်ဆင်၊ ရှုထောင့်စုံကနေ အသေးစိတ်တွက်ချက်တတ်တဲ့သူဟာ အိမ်မြေဈေးကွက်ကျနေချိန်မှာတောင် အိမ်မြေတွေဝယ်ယူ၊ ဆောက်လုပ်ပြီး ဈေးကွက်ပြန်ငြိမ်ချိန်မှာ အမြတ်အစွန်းကြီးကြီးနဲ့ အောင်အောင်မြင်မြင် ရောင်းချနိုင်သူမို့ ဟောင်ကောင်အိမ်ခြံမြေဈေးကွက်ကို ချုပ်ကိုင်နိုင်လောက်တဲ့အထိ အင်အားကြီးမားသူ ဖြစ်လာခဲ့ပါတယ်။

ရိုးသားဖြောင့်မတ်မှုကို တန်ဖိုးထားတဲ့ သူက နှုတ်ကတိပေးထားတာတွေတောင် မှန်မှန်ကန်ကန်လုပ်တဲ့အတွက် တခြားလုပ်ငန်းတွေမှာပါ အခွင့်အရေးတွေ ရလာပါတယ်။ ပလတ်စတစ်၊ အိမ်ခြံမြေအရောင်းအဝယ်၊ ဆောက်လုပ်ရေး၊ ဘိလပ်မြေစက်ရုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပြီး အောင်မြင်နေပါတယ်။ အောင်မြင်တဲ့အတွက် ပလတ်စတစ်ပန်းဘုရင်ကြီး၊ အိမ်ခြံမြေလုပ်ငန်းဇာဘုရင်ကြီးဆိုတဲ့ နာမည်တွေပိုင်ဆိုင်တဲ့အပြင် နိုင်ငံခြားသားတွေပိုင်ဆိုင်တဲ့ စီးပွားရေးအဆောက်အအုံ ဟောင် (hong) ကို ပိုင်ဆိုင်တဲ့အထိ ဖြစ်လာပါတယ်။

နောက်ပိုင်းမှာ လီကာရှင်းဟာ တရုတ်အစိုးရရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖွဲ့ (CITIC) ရဲ့ အဖွဲ့ဝင်ဖြစ်လာပြီး ဈေးကွက်ကြီးမားလှတဲ့ တရုတ်နိုင်ငံနဲ့ စီးပွားပူးပေါင်းလုပ်ဆောင်ပါတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေးဈေးကွက်မြင်တဲ့အတွက် ဘိလပ်မြေလုပ်ငန်း၊ ပလတ်စတစ်ပန်းလုပ်ငန်းတွေလုပ်ပါတယ်။ နောက်တော့ စက်ရုံကြီးထောင်ပြီး အလှကုန်လုပ်ငန်း၊ အိမ်သုံးပစ္စည်းလုပ်ငန်းတွေပါ လုပ်ကိုင်ပါတယ်။ အာရှမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အပြင် အနောက်တိုင်းမှာပါ ရင်းနှီးမြှုပ်နှံလာပါတယ်။

လီကာရှင်းက ဗစ်တာလီနဲ့ ရစ်ချတ်လီဆိုတဲ့ သားနှစ်ယောက်ကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားပါတယ်။ သားတွေက အနောက်နိုင်ငံတွေမှာ ပညာသင်ယူပြီး ကိုယ်ပိုင်လုပ်ငန်းတွေ ထူထောင်ထားပါတယ်။ လီကာရှင်းဟာ အခွင့်အလမ်းတွေကို မြင်တတ်၊ ဖမ်းဆုပ်တတ်တဲ့သူမို့ ဈေးကွက်လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း လုပ်ငန်းပေါင်းစုံလုပ်ကိုင်ပါတယ်။ ဂြိုဟ်တုတစ်လုံးဝယ်ပြီး ဟောင်ကောင်မှာ Star TV ဆိုတဲ့ ရုပ်မြင်သံကြားလုပ်ငန်းကိုတောင် လုပ်ကိုင်ပါသေးတယ်။ နောက်တော့ မီဒီယာလုပ်ငန်းဘုရင်ဖြစ်တဲ့ ရူးပတ်မားဒေါ့ကို အမေရိကန် ဒေါ်လာ ၅၃၅ နဲ့ ရောင်းချခဲ့ပါတယ်။ ၃ နှစ်တာအတွက် ရင်းနှီးခဲ့ရသမျှထက် ခြောက်ဆပိုမြတ်တဲ့ ကြီးမားတဲ့အမြတ်အစွန်းပါ။

၁၉၉၃ ခုနှစ်မှာ အသက် ၆၅ နှစ်ရှိလာတဲ့ လီကာရှင်းဟာ သားတွေကို လုပ်ငန်းလွှဲပေးရင်း အလှူအတန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို ဦးစားပေးလာပါတယ်။ ၂၀၁၈ အသက် ၈၉ နှစ်အရွယ်မှာ စီးပွားရေးလုပ်ငန်းတွေက အနားယူပြီး လူမှုရေးလုပ်ငန်းတွေကိုပဲ လုပ်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒီလိုကြေငြာတဲ့အချိန်မှာ သူ့ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံဖြစ်ပြီး ဟောင်ကောင်မှာ အချမ်းသာဆုံးဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးအဆင့် ၂၃ ဖြစ်ပါတယ်။ သူ့ရဲ့သား ဗစ်တာလီကို လွှဲပေးခဲ့တဲ့ လုပ်ငန်းအင်ပါယာကြီးက နိုင်ငံပေါင်း ၅၀ မှာ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတွေနဲ့ ဝန်ထမ်းပေါင်း ၃၂၃,၀၀၀ ဖြစ်ပါတယ်။

လီကာရှင်းရဲ့ အရည်အချင်းတွေကတော့ အခွင့်အရေးရှာဖွေတတ်တယ်။ အခွင့်အရေးတွေကို စနစ်တကျဘက်ပေါင်းစုံက တွက်ချက်ပြီး အချိန်မဆွဲပဲ အသုံးချတယ်။ လုပ်ငန်းပါတနာတွေရဲ့ အကျိုးကို အမြဲကြည့်ပါတယ်။ ပညာကို တန်ဖိုးထားတယ်။ စာတွေအများကြီးဖတ်တယ်။ စာအုပ်ထဲကရတဲ့ အကြံသစ်၊ ဉာဏ်သစ်တွေကို လက်တွေ့အသုံးချတယ်။ ကတိတည်တယ်။ ခေါင်းဆောင်ပိုင်းတွေနဲ့ သင့်မြတ်အောင် ပေါင်းတတ်တယ်။

ဒီအရည်အချင်းတွေ ကိုယ့်ဆီမှာ ပြည့်စုံလာအောင် လုပ်နိုင်ရင် ကျွန်တော်တို့ နိုင်ငံက လူငယ်တွေလည်း ဘဝအဆင့် တိုးတက်မြင့်မားလာမယ်လို့ ယုံကြည်ပါတယ်။

စာအုပ်ကတ်တလောက်အချက်အလက်များ
ဗန်းမော်သိန်းဖေ
ဟောင်ကောင်သူဌေးကြီး လီကာရှင်း။ ပ-ကြိမ်။
ရန်ကုန်၊ ပဉ္စဂံစာအုပ်တိုက်၊ ၂၀၁၈။
၂၇၀ စာ၊ ဓာတ်ပုံ၊ ၁၄ x ၂၁ စင်တီ။
၁။ ဟောင်ကောင်သူဌေးကြီး လီကာရှင်း။