နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label စိတ်ဓာတ်ခွန်အားပေး. Show all posts
Showing posts with label စိတ်ဓာတ်ခွန်အားပေး. Show all posts

Monday, June 24, 2019

ယုံကြည်စိတ်ရဲ့ အင်အား


အကြွေးနွံနစ်ပြီး ရုန်းမထွက်နိုင်ဖြစ်နေသော စီးပွားရေး အမှုဆောင်အရာရှိတစ်ဦး ရှိခဲ့သည်။ သူ့ကို အကြွေးရှင်များက ဝိုင်းလာသည်။ ကုန်ပေးသွင်းသူများက ငွေပေးချေရန် တောင်းဆိုနေသည်။ သူသည် သူ၏ကုမ္ပဏီ ဒေဝါလီခံရမည့်ဘေးမှ တစ်စုံတစ်ရာက ကူညီပေးနိုင်မလား စဉ်းစားရင်း ခေါင်းကို လက်နှင့်အုပ်ကာ ပန်းခြံထဲက ခုံရှည်ပေါ်ထိုင်နေသည်။
အဘိုးကြီးတစ်ယောက်က ရုတ်တရက် သူ့ရှေ့ရောက်နေသည်။ “မင်းတစ်ခုခုကြောင့် ဒုက္ခရောက်နေတာကို ငါမြင်နေတယ်” ဟု သူက ပြောသည်။
အမှုဆောင်အရာရှိ၏ ဒုက္ခသုက္ခများကို နားထောင်ပြီးနောက် အဘိုးအိုကပြောသည်။ “မင်းကို ငါကူညီနိုင်မယ်လို့ ငါယုံကြည်တယ်။”
သူက အမှုဆောင်အရာရှိချုပ်၏ နာမည်ကိုမေး၊ ချက်လက်မှတ်တစ်စောင်ရေးပြီးနောက် သူ့လက်ထဲထိုးပေးပြီး ပြောသည်။ “ဒီပိုက်ဆံကို ယူသွား။ ဒီနေ့ကစပြီး တစ်နှစ်တိတိကြာတဲ့အခါမှာ ဒီနေရာမှာ ငါ့ကို လာတွေ့လှည့်။ အဲဒီအချိန်ကျမှ ငါ့ကို ပိုက်ဆံပြန်ပေးလို့ ရတယ်။”
ထို့နောက် သူက လှည့်ပြီး သူလာခဲ့စဉ်ကကဲ့သို့ပင် လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။
စီးပွားရေးအမှုဆောင်အရာရှိချုပ်က သူ၏လက်ထဲတွင် ထိုအချိန်က ကမ္ဘာပေါ်တွင် အချမ်းသာဆုံးလူတစ်ဦးဖြစ်သော ဂျွန်ဒီ ရော့(ခ)ဖဲလား လက်မှတ်ရေးထိုးထားသော ဒေါ်လာငါးသိန်းတန် ချက်လက်မှတ်တစ်စောင်ကို မြင်တွေ့လေသည်။
“ငါ့ရဲ့ပိုက်ဆံနဲ့ ပတ်သက်ပြီး ပူပန်စရာတွေကို ချက်ချင်းဖျောက်ပစ်လို့ရပြီ” ဟု သူနားလည်သဘောပေါက်လိုက်သည်။ သို့သော် ထိုသို့ လုပ်မည့်အစား အမှုဆောင်အရာရှိက ငွေသားမထုတ်ရသေးသော ချက်လက်မှတ်ကို သူ၏ မီးခံသေတ္တာထဲ ထည့်ထားရန် ဆုံးဖြတ်ခဲ့သည်။ မီးခံသေတ္တာထဲတွင် ချက်လက်မှတ်ရှိနေသည်ကို သိနေရုံလေးက သူ၏ စီးပွားရေးလုပ်ငန်း အဖတ်ဆယ်ရန် နည်းလမ်းရှာဖွေဖို့ ခွန်အားပေးလိမ့်မည်ဟု သူတွေးခဲ့သည်။
အသစ်တစ်ဖန် ပြန်ဖြစ်လာသော အကောင်းမြင်စိတ်များနှင့် သူက ပိုမိုကောင်းမွန်သည့် စီးပွားရေးသဘောတူညီချက်များကို ညှိနှိုင်းပြီး ငွေပေးချေရမည့် အချိန်ကာလကိုည်း တိုးမြှင့်ခဲ့သည်။ ကြီးမားသည့် ရောင်းချရမှုအချို့ကိုလည်း အပြီးသတ်ခဲ့သည်။ လအနည်းငယ်အကြာတွင် သူသည် အကြွေးမှလွတ်ပြီး ငွေကြေးများ တစ်ဖန်ပြန်လည်ရရှိခဲ့သည်။
          တစ်နှစ်အတိအကျကြာသောအခါ သူက ငွေမထုတ်ရသေးသော ချက်လက်မှတ်နှင့်အတူ ပန်းခြံသို့ ပြန်လာခဲ့သည်။ သဘောတူညီထားသည့် အချိန်သို့ ရောက်ရှိသည့်အခါ အဘိုးကြီး ပေါ်လာသည်။ သို့သော် အမှုဆောင်အရာရှိချုပ်က ချက်လက်မှတ်ပြန်ပေးပြီး သူ၏ အောင်မြင်မှုဇာတ်လမ်းကို မျှဝေရန် ပြင်ဆဲတွင် သူနာပြုတစ်ယောက် အပြေးအလွှားရောက်လာပြီး အဘိုးကြီးကို ဖမ်းဆွဲလိုက်သည်။
“ဝမ်းသာလိုက်တာ။ သူ့ကို မိပြီ” ဟု သူက အော်သည်။ “သူက ရှင့်ကို အနှောင့်အယှက်မပေးဘူးလို့ မျှော်လင့်ပါတယ်။ သူက အနားယူတဲ့အိမ်ကနေ အမြဲတမ်းထွက်ပြေးပြီး လူတွေကို သူဟာ ဂျွန်ဒီရော့(ခ)ဖဲလားဖြစ်တယ်လို့ လျှောက်ပြောနေတာရှင့်။”
          ထို့နောက် သူက အဘိုးကြီးလက်ကို တွဲခေါ်သွားပါသည်။
          အံသြနေသော အမှုဆောင်အရာရှိသည် နေရာတွင်ပင် ကြက်သေသေပြီး ရပ်နေသည်။ တစ်နှစ်ပတ်လုံး သူ့တွင် ဒေါ်လာသန်းတစ်ဝက်လောက်ရှိသည်ဟု ယုံကြည်ပြီး ရောင်းဝယ်ကြိုးစားနေခြင်းဖြစ်သည်။
          ပိုက်ဆံက အစစ်ဖြစ်စေ၊ အတုပဲဖြစ်စေ သူ့ဘဝကို ပြောင်းလဲပေးလိုက်ခြင်း မဟုတ်ကြောင်း ရုတ်တရက် သူနားလည်သဘောပေါက်ခဲ့သည်။ သူကြိုးစားခဲ့သမျှ အရာတိုင်းကို ရရှိစေရန် စွမ်းအားပေးခဲ့သည်မှာ သူအသစ်တစ်ဖန်တွေ့ရှိခဲ့သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်ပါတော့သည်။

စည်သူထက် (မအူပင်တက္ကသိုလ်) 
The Best English Magazine, No. (190), April 2015 



Self Confidence

There was a business executive who was deep in debt and could see no way out. Creditors were closing in on him. Suppliers were demanding payment. He sat on the park bench, head in hands, wondering if anything could save his company from bankruptcy.
Suddenly an old man appeared before him. "I can see that something is troubling you," he said. After listening to the executive's woes, the old man said, "I believe I can help you."
He asked the man his name, wrote out a check, and pushed it into his hand saying, "Take this money. Meet me here exactly one year from today, and you can pay me back at that time."
Then he turned and disappeared as quickly as he had come.
The business executive saw in his hand a check for $500,000, signed by John D. Rockefeller, then one of the richest men in the world!
"I can erase my money worries in an instant!" he realized. But instead, the executive decided to put the uncashed check in his safe. Just knowing it was there might give him the strength to work out a way to save his business, he thought.
With renewed optimism, he negotiated better deals and got extended terms of payment. He closed several big sales. Within a few months, he was out of debt and making money once again.
Exactly one year later, he returned to the park with the uncashed check. At the agreed-upon time, the old man appeared. But just as the executive was about to hand back the check and share his success story, a nurse came running up and grabbed the old man.
"I'm so glad I caught him!" she cried. "I hope he hasn't been bothering you. He's always escaping from the rest home and telling people he's John D. Rockefeller."
And she led the old man away by the arm.
The astonished executive just stood there, stunned. All year long he'd been wheeling and dealing, buying and selling, convinced he had half a million dollars behind him.
Suddenly, he realized that it wasn't the money, real or imagined, that had turned his life around. It was his new found self-confidence that gave him the power to achieve anything he went after. 

Author Unknown
Story Submitted by A. Bhatia 

To download Word file - http://www.mediafire.com/file/3cqjlrta63q609j/The_Best_%2528April%252C_2015%2529.docx/file



                                                                            

Thursday, November 20, 2014

မျက်မမြင်ကယ်တင်ရှင်

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၇ရက်၊ ညဆယ်နာရီခန့်တွင် တွမ်မီဘာဘာနှင့် သူ၏မိတ်ဆွေ ဆူဆန် လေးနီတို့သည် ဖလော်ရီဒါပြည်နယ်၊ ဖော့ပီးအားစ်မြို့ရှိ တိုက်ခန်းအိမ်ရာ၏ လှေကားမှ ထွက်လာစဉ် မီးခို...းနံ့ကိုရမိကြသည်။ "ကျွန်မရဲ့ခွေးတွေ" ဟုဆူဆန်က အော်ကာသူ၏တိုက်ခန်းသို့ ခန်းမတစ်လျှောက် ပြေးသွားလေသည်။ အသက် ၅၄နှစ်အရွယ်ရှိပြီး မျက်မမြင်ဖြစ်သော တွမ်မီသည် မီးခိုးရှိရာသို့ လျှောက်သွားသည်။

"ကျွန်တော်က ဆူဆန်ရဲ့တိုက်ခန်းတံခါးနဲ့ မျက်နှာချင်းဆိုင်မှာရပ်နေတယ်။ ညာဘက်ကို လေးငါးလှမ်းသွားလိုက်တော့ မီးခိုးတွေ ကျွန်တော့်မျက်နှာကို လာဆောင့်တယ်" ဟုသူကပြောပြသည်။ "ကျွန်တော်ကတံခါးကိုထုပြီး 'အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးလား' လို့အော်တယ်။ ဒါပေမဲ့ ဘယ်သူကမှ ပြန်မဖြေဘူး။"

ရုတ်တရက် တံခါးပွင့်သွားပြီး မီးခိုးများ ပို၍တလိမ့်လိမ့် ထွက်လာသည်။ တွမ်မီသည် ချောင်းဆိုးနေသံကိုကြားရပြီး တံခါးနောက်ကို ရောက်သွားသည်။ သူ၏လက်များကို ဝှေ့ယမ်းနေရင်း တစ်စုံတစ်ယောက်နှင့် ထိမိသွားသည်။ ထိုသူကတော့ ၄င်းတိုက်ခန်းတွင်နေသည့် ဒိုင်အန်းမာရှယ် ဖြစ်ပါသည်။ သူက သူမ၏လက်ကိုဆွဲပြီး ခန်းမထဲသို့ဆွဲထုတ်လာသည်။ ထို့နောက်တွင် မီးခိုးများပြည့်နေသော တိုက်ခန်းသို့ ပြန်ပြေးသွားပါသည်။

ဆူဆန်နှင့် တိုက်ခန်းမန်နေဂျာသည် မီးသတ်ဆေးဘူးတစ်ခုနှင့် ရောက်လာသည်။ ဆူဆန်က မီးတောက်ထွက်နေသည့် နှုတ်သီးကိုညွှန်ပြသောအခါ တွမ်မီက မီးငြိမ်းသွားသည်အထိ လက်ကိုင်ကို ညှစ်ပါတော့သည်။

ဒိုင်အန်းသည် မီးဖိုပေါ်တွင်အိုးတင်ပြီး အိပ်ပျော်သွားခြင်းဖြစ်သည်။ ၄င်းကမီးစွဲလောင်ပြီး မီးဖိုကို မီးလျှံများဝါးမျိုသွားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူမကတွမ်မီကို ကျေးဇူးတင်စကားပြောရန် ဖုန်းဆက်ပါသည်။ "ကျွန်မသေသွားနိုင်တာ" ဟု သူမက ဒေသတွင်းသတင်းဌာနကို ပြောပြပါသည်။

သိရသည့်အတိုင်း မီးလျှံများနှင့်ရင်ဆိုင်ရခြင်းမှာ တွမ်မီအတွက် ပင်ကိုစရိုက်သဖွယ်ပါနေသည့် အကျင့်ပင်ဖြစ်ပါသည်။ သူသည် ၁၉၈၀ ပြည့်လွန်နှစ်များက St. Lucie County Fire District တွင် တစ်နှစ်ခန့်မီးသတ်သမား လုပ်ခဲ့ဖူးသည်။ ၂၀၀၀ ခုနှစ်တွင် သူသည်ရေတိမ်စွဲပြီး အမြင်အာရုံဆုံးရှုံးခဲ့ပါသည်။

လွန်ခဲ့သည့် နိုဝင်ဘာလက St. Lucie County Fire District ကသူနှင့်ဆူဆန်ကို သူတို့၏လုပ်ဆောင်မှုအတွက် သူရဲကောင်းမြို့သားဆု ချီးမြှင့်ခဲ့ပါသည်။

"ကျွန်တော်မကြောက်ခဲ့ပါဘူး" ဟု တွမ်မီကပြောသည်။ ဒါက ကျွန်တော်လုပ်ရမယ့်အရာတစ်ခုပါပဲ"

စည်သူထက်
Ref: "He Did What He Had to Do" by "Alyssa Jung"

[The Best English Magazine,November, 2014]

အရှုံးမပေးတဲ့ အရှုံးသမား

သူငယ်စဉ်မှာ သူ့ဦးလေးက ရုပ်ပြဇာတ်လမ်းထဲက စပါ့ခ်ပလပ်ဂ် လို့အမည်ရတဲ့ မြင်းလေးကို အစွဲပြုပြီး သူ့ကို စပါ့ကီလို့ ခေါ်ခဲ့တယ်။ ကျောင်းဆိုတာ စပါ့ကီအတွက် မဖြစ်နိုင်သလောက်ပါပဲ။

ရှ...စ်တန်းမှာ သူက ဘာသာစုံကျတယ်။ အထက်တန်းကျောင်းရောက်တော့ ရူပဗေဒမှာ အမှတ်သုညရပြီး ကျတယ်။ လက်တင်စာ၊ အက္ခရာသင်္ချာနဲ့ အင်္ဂလိပ်စာလည်း ကျတယ်။ အားကစားမှာ သူ့ရဲ့မှတ်တမ်းက ပိုကောင်းမလာပါဘူး။ သူဟာကျောင်းရဲ့ ဂေါက်သီးအသင်းမှာ ပါဝင်ခွင့်ရခဲ့ပေမဲ့ အဲဒီရာသီရဲ့ အရေးပါတဲ့ပွဲမှာ မဆိုင်းမတွ ရှုံးနိမ့်ခဲ့ရပါတယ်။ အို…စိတ်မကျေပွဲ ရှိတယ်လေ။ ဒီပွဲမှာလည်း ရှုံးတာပါပဲ။

သူ့ရဲ့ ငယ်ဘဝတစ်လျှောက်လုံး စပါ့ကီဟာ လူမှုရေးမှာလည်း ခွတီးခွကျဖြစ်ခဲ့ပါတယ်။ တခြားကျောင်းသားတွေက သူ့ကို သဘောမကျတာ မဟုတ်တော့ဘူး။ ဘယ်သူမှ အဲဒါကို သိပ်ဂရုမစိုက်တော့တာ။ တကယ်တော့ စပါ့ကီဟာ အတန်းဖော်တစ်ယောက်ယောက်က သူ့ကို ကျောင်းချိန်ပြင်ပမှာ နှုတ်ဆက်ရင် အံသြမိတတ်တယ်။ ချိန်းတွေ့ရင် သူဘယ်လိုလုပ်မှာလဲဆိုတာ ပြောပြဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အထက်တန်းကျောင်းမှာ သူက မိန်းကလေး တစ်ယောက်ကို တစ်ခါမှ အပြင်မခေါ်ဖူးဘူးလေ။ သူက အပယ်ခံရမှာ၊ ဒါမှမဟုတ် ဖြစ်နိုင်ချေရှိတာက အဟားခံရမှာကို စိုးရိမ်လွန်းနေတတ်တယ်။ စပါ့ကီက အရှုံးသမားတစ်ယောက်ပါ။ သူရော၊ သူ့ရဲ့ အတန်းဖော်တွေ…အားလုံး ဒါကို သိကြပါတယ်။ ဒါကြောင့် သူက ဒါကို သည်းညည်းခံနိုင်ဖို့ သင်ယူခဲ့ပါတယ်။ အခြေအနေတွေက ဖြစ်ပေါ်ဖို့ အလားအလာရှိရင် ဖြစ်လာလိမ့်မယ်လို့ သူက အစောကြီးကတည်းက ဆုံးဖြတ်ထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း သူ့ရဲ့ လွှဲရှောင်မရတဲ့ သာမာန်ညောင်ညအဆင့်နဲ့ သူရောင့်ရဲပါလိမ့်မယ်။

ဒါပေမဲ့ စပါ့ကီအတွက် အရေးပါတာတစ်ခုက ပုံဆွဲတာဖြစ်ပါတယ်။ သူက သူ့ရဲ့ အနုပညာလက်ရာကို ဂုဏ်ယူပါတယ်။ တခြား ဘယ်သူကမှတော့ အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ ဒါကသူ့အတွက် အရေးပါပုံမရပါဘူး။ အထက်တန်းကျောင်းရဲ့ နောက်ဆုံးနှစ်မှာ သူက ကာတွန်းတချို့ကို ကျောင်းနှစ်ပတ်လည် စာစောင်ကို ပို့ပါတယ်။ အယ်ဒီတာတွေက ဒီသဘောထားအမြင်တွေကို ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုမျိုး ငြင်းပယ်ခြင်း ခံခဲ့ရပေမဲ့ စပါ့ကီက သူ့ရဲ့ အရည်အချင်းကို လက်ခံယုံကြည်ပါတယ်။ သူက ပန်းချီဆရာ ဖြစ်လာဖို့တောင် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် အထက်တန်းကျောင်းပြီးသွားတဲ့အခါ သူက ဝေါ့ဒစ်စနေ စတူဒီယိုကို စာရေးခဲ့ပါတယ်။ သူတို့က သူ့ရဲ့အနုပညာလက်ရာ နမူနာတွေကို တောင်းခဲ့ပါတယ်။ ဂရုတစိုက်ပြင်ဆင်ခဲ့ပေမဲ့ အဲဒါလည်း ငြင်းပယ်ခံခဲ့ရပါတယ်။ သူဟာအရှုံးသမားဆိုတာ နောက်ထပ်အတည်ပြုချက်တစ်ခုပါပဲ။

ဒါပေမဲ့ စပါ့ကီက လက်မလျှော့သေးပါဘူး။ အဲဒီအစား သူက သူ့ရဲ့ ကိုယ်ပိုင်ဘဝဇာတ်လမ်းတွေကို ကာတွန်းတွေနဲ့ပြောပြဖို့ ဆုံးဖြတ်ခဲ့တယ်။ အဓိကဇာတ်ဆောင်က အမြဲတမ်းအရှုံးသမား၊ အလွန်ချာတဲ့ စာမလိုက်နိုင်တဲ့ ကျောင်းသားကို သင်္ကေတပြုထားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ခင်ဗျားတို့ သူ့ကို ကောင်းကောင်းသိပါတယ်။ ဘာလို့လဲဆိုတော့ စပါ့ကီရဲ့ ကာတွန်းဇာတ်ကောင်က လူအမျိုးအစားများစွာရဲ့ ယဉ်ကျေးမှုဖြစ်ရပ်တစ်ခု ဖြစ်လာလို့ ဖြစ်ပါတယ်။ လူတွေက အဲဒါကို "ချစ်စရာ အရှုံးသမားလေး"လို့ အလွယ်တကူ မှတ်မိသိရှိနိုင်ပါတယ်။ သူက လူတွေကို သူတို့ရဲ့ အတိတ်က နာကျင်ပြီး ရှက်ရွံ့စရာဖြစ်တဲ့ အချိန်တွေ၊ သူတို့ရဲ့ နာကျင်မှုတွေနဲ့ သူတို့ ဝေမျှခဲ့တဲ့ လူသားချင်း စာနာထောက်ထားမှုတွေကို သတိရစေလို့ဖြစ်ပါတယ်။ ဒီဇာတ်ကောင်က မကြာခင်မှာ "ချာလီဘရောင်း" ဆိုပြီး တစ်ကမ္ဘာလုံးမှာ နာမည်ကျော်လာခဲ့ပါတယ်။ သူကြိုးစားမှုကို အရှုံးတွေများစွာက မတားနိုင်ခဲ့တဲ့ကောင်လေး၊ သူ့ရဲ့လက်ရာတွေ ထပ်ခါထပ်ခါ ငြင်းပယ်ခံခဲ့ရတဲ့ ကောင်လေးစပါ့ကီဟာ အလွန်အောင်မြင်တဲ့ ကာတွန်းဆရာ ချားလ်စ် ရွှတ်လ်ထ်စ် ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ပြဇာတ်လမ်း Peanuts ဟာ စာအုပ်တွေ၊ တီရှပ်တွေ၊ ခရစ်စမတ်အထူးပစ္စည်းတွေကို ဆက်လက် လှုံ့ဆော်ပေးခဲ့ပါတယ်။ တစ်ခါက တစ်စုံတစ်ယောက် မှတ်ချက်ပြုခဲ့သလိုပဲ ဘဝဟာ တစ်နည်းနည်းနဲ့ ကျွန်တော်တို့ အားလုံးအတွက်၊ အရှုံးသမားတွေအတွက်တောင် နည်းလမ်းရှာပေးတယ်ဆိုတာကို သတိပေးနေပါသေးတယ်။

စပါ့ကီရဲ့ဇာတ်လမ်းက ကျွန်တော်တို့အားလုံးကို ဘဝမှာ အလွန်အရေးကြီးတဲ့ စည်းမျည်းတစ်ခုကို သတိပေးနေပါတယ်။ ကျွန်တော်တို့အားလုံးဟာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေကို မကြာခဏဆိုသလို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့မှာ အဲဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ ရွေးချယ်စရာရှိနေပါတယ်။ ကျွန်တော်တို့ ဇွဲကောင်းမယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ခိုင်မာစွာ ဆုပ်ကိုင်ထားမယ်ဆိုရင်၊ ဘုရားသခင်က ကျွန်တော်တို့ကိုပေးခဲ့တဲ့ အတုမရှိတဲ့ ပင်ကိုစွမ်းရည်တွေကို ကျွန်တော်တို့က ဆက်လက် ဖွံ့ဖြိုးနေအောင် လုပ်မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။ အခက်အခဲတွေကပဲ ထွက်ပေါ်လာတဲ့ စိတ်ဓာတ်လှုံ့ဆော်ဖို့ စွမ်းရည်တွေ၊ ထိုးထွင်းသိမြင်မှုတွေနဲ့ ကျွန်တော်တို့ အဆုံးသတ်ကောင်း အဆုံးသတ်နိုင်ပါတယ်။ အဆုံးမှာတော့ ဘုရားသခင်အဖို့ အရှုံးသမားဆိုတာတွေ မရှိပါဘူး။ တချို့အောင်နိုင်သူတွေက ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်ပိုကြာရုံလေးပါ။

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: "The Loser Who Never Gave Up" by
"CAPT J. David Atwater, CHE, USN"

[The Best English magazine, October,2014]

ဘဝကို အရှုံးမပေးသူ

ဒီဇာတ်လမ်းလေးကတော့ ထိတ်လန့်စက်ဆုပ်ဖွယ်အကောင်းဆုံး မီးလျှံထဲကို ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းလေးကို ဖတ်ရတဲ့အခါ သင့်...ရဲ့ဝဋ်ဆင်းရဲဆိုတာတွေဟာ ဒီမိန်းကလေး ဖြတ်သန်းခဲ့ရတာနဲ့ ယှဉ်မယ်ဆိုရင် ဘာမှ မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ပါလိမ့်မယ်။

၂၀၀၀ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့က ဖြစ်ပါတယ်။ 'မယ်ရီဆယ်အက်ပတန်' ဟာ ဇမ်ဘိုအမ်ဂါစီရင်စုနယ် (ဖိလစ်ပိုင်) မှာနေတဲ့ ၁၁နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒီမိန်းကလေးဟာ ဦးလေးနဲ့အတူ ရေငင်ဖို့သွားခဲ့ပါတယ်။

လမ်းမှာ လူလေးယောက်နဲ့ သူတို့တွေ့ပါတယ်။ သူတို့ဟာ ဓားရှည်တွေကို ကိုင်ထားပါတယ်။ သူတို့က ဦးလေးကို မြေကြီးနဲ့ မျက်နှာအပ်ခိုင်းပြီး လည်ပင်းကို ဓားနဲ့ခုတ်ကာ သတ်ပစ်လိုက်ပါတယ်။

မယ်ရီဆယ်က အလွန်အမင်းတုန်လှုပ်သွားပါတယ်။ အထူးသဖြင့် ဒီလူတွေဟာ သူတို့ရဲ့ အိမ်နီးချင်းတွေဖြစ်နေတဲ့ အတွက်ပါ။ သူက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားပေမဲ့ ဒီလူတွေက သူ့ရဲ့နောက်ကို လိုက်လာပါတယ်။

သူက "kuya, 'wag po, 'wag n'yo akong tagain! Maawa op kayo as akin!" (ကျွန်မကို မသတ်ကြပါနဲ့။ သနားကြပါရှင်) ဆိုပြီးအော်တယ်။

ဒါပေမဲ့ သူတို့က နားမထောင်ပါဘူး။ လူတစ်ယောက်က သူ့ရဲ့လည်ပင်းကိုလည်း ဓားရှည်နဲ့ ခုတ်ချလိုက်ပါတယ်။

မယ်ရီဆယ် မြေပေါ်လဲကျသွားပြီး သတိလစ်သွားပါတယ်။

သူနိုးလာတဲ့အခါ သွေးတွေအများကြီးကို တွေ့ပါတယ်။ သူ့ရဲ့ဘေးမှာ အဲဒီလူတွေရဲ့ ခြေထောက်တွေကိုလည်းတွေ့ပါတယ်။ ဒါပေမဲ့ သူသေချင်ယောင်ဆောင်နေလိုက်တယ်။ သူတို့ထွက်သွားတဲ့အခါ မယ်ရီဆယ်က အိမ်ကိုပြန်ပြေးလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်နှစ်ဖက်စလုံးပြတ်နေတာကို လမ်းမှာမြင်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေဟာ လက်တွေကိုလည်း ခုတ်ခဲ့လို့ဖြစ်ပါတယ်။ သူငိုကြွေးမိပါတယ်။ ဒါပေမဲ့ ဆက်ပြေးပါတယ်။

တစ်ခါတစ်ရံမှာ သူကမေ့မျောပြီး မြေပေါ်ကို လဲကျသွားပါတယ်။ ဒါပေမဲ့ သူသတိပြန်ရလာရင် ထပ်ပြေးတာပါပဲ။

အိမ်နားရောက်လာတော့ မယ်ရီဆယ်က အမေ့ကိုခေါ်တယ်။ သမီးလေးကို တွေ့တဲ့အခါ အမေက ထိတ်လန့်တကြားစူးစူးဝါးဝါးအော်တယ်။ သူက သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတဲ့ ကလေးကို စောင်နဲ့ပတ်ပြိး ဆေးရုံကို သယ်သွားတယ်။

အခု ပြဿနာတက်ပါပြီ။သူတို့ရဲ့အိမ်ကနေ အမြန်လမ်းမကို ၁၂ ကီလိုမီတာ လမ်းလျှောက်ရပါတယ်။ အမြန်လမ်းမပေါ်ရောက်ဖို့တင် ၄ နာရီကြာပါတယ်။

ဆေးရုံရောက်တဲ့အခါ ဆရာဝန်တွေက မယ်ရီဆယ်သေတော့မှာပဲလို့ တွေးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ငါးနာရီကြာ ခွဲစိတ်ကုသခဲ့ကြပါတယ်။ သူ့ရဲ့လည်ပင်းနဲ့ နောက်ကျောက ဓားဒဏ်ရာ အရှည်ကြီးကို ၂၅ချက် ချုပ်ယူရပါတယ်။

မယ်ရီဆယ်ဟာ အသက်ရှင်တယ်ဆိုရုံလေး ရှင်ခဲ့ပါတယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးလည်း ဆုံးရှုံးခဲ့ရပါတယ်။

ဖြစ်ချင်တော့ နောက်တစ်နေ့ဟာ မယ်ရီဆယ်ရဲ့မွေးနေ့ဖြစ်ပါတယ်။ သူ့အသက် ၁၂ နှစ်ရှိပါပြီ။

ဒါပေမဲ့ ကြေကွဲစရာအဖြစ်က ဒီမှာအဆုံးမသတ်သေးပါဘူး။ သူတို့အိမ်ပြန်သွားတဲ့အခါ သူတို့အိမ်လေးမရှိတော့ပါဘူး။ အိမ်လေးကို ကြေးစားလူမိုက်တွေက မွှေနှောက်ခိုးယူပြီး မီးရှို့ထားလိုက်ပါပြီ။

အလွန်ဆင်းရဲသွားတဲ့အတွက် မယ်ရီဆယ်ရဲ့မိသားစုဟာ ဆေးရုံစရိတ် ပီဆို ၅၀,၀၀၀ ကိုပေးစရာမရှိပါဘူး။

ဒါပေမဲ့ ဘုရားသခင်က သူတို့ကိုကယ်ဆယ်ဖို့ နတ်သား၊ နတ်သမီးတွေအများကြီးကို စေလွှတ်လိုက်ပါပြီ။

ရပ်ဝေးက ဆွေမျိုးတစ်ဦးဖြစ်တဲ့ ခရစ်ယာန်ဂိုဏ်ချုပ် 'အန်တိုနီယို လီဒက်စမာ' က ဆေးရုံစရိတ်တွေ ပေးခဲ့ပြီး ရာဇဝတ်သားတွေ တရားခွင်ရောက်ဖို့ ကူညီခဲ့ပါတယ်။ သူတို့ထောင်ကျသွားပါတယ်။

ဒီနေ့မှာတော့ သူဟာ Regina Rosarii မှာ သီလရှင်တွေနဲ့ Sr.Eppie Brasil, O.P နဲ့အတူနေပါတယ်။

ဒါပေမဲ့ ဒါဟာ မယုံကြည်နိုင်လောက်တဲ့ အံ့ဖွယ်ရာတစ်ခုပါပဲ။ လှဲနေမယ့်အစား မယ်ရီဆယ်ဟာ ဆက်ပြေးနေခဲ့ပါတယ်။

သူ့မှာ လက်တွေ ဘာကြောင့်မရှိရတာလဲလို့ ဘုရားသခင်ကို ကျိန်ဆဲနေမယ့်အစား သင့်ကို ရင်သပ်ရှုမောဖြစ်စေမဲ့ မယုံနိုင်လောက်တဲ့နည်းလမ်းတွေနဲ့ သူ့ရဲ့လက်ကောက်ဝတ်တွေကို အခုသုံးနေပါတယ်။

မယ်ရီဆယ်ဟာ မသန်စွမ်းသူကလေးများကျောင်းမှာ လုံ့လဝီရိယအရှိဆုံး၊ ကွန်ပျူတာအတော်ဆုံး၊ အယဉ်ကျေးဆုံးအဖြစ် ချီမွမ်းခြင်းခံရပါတယ်။

၂၀၀၈ ခုနှစ်မှာ သူဟာ ဟိုတယ်နဲ့ စားသောက်ဆိုင်စီမံခန့်ခွဲမှု သင်တန်းပြီးဆုံးခဲ့ပါတယ်။ အနုပညာနဲ့ အတတ်ပညာကျွမ်းကျင်မှုအတွက် ရွှေတံဆိပ်ဆုတောင် ရခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ သူဟာစားဖိုမှူးတစ်ဦးဖြစ်လာမယ့် ပညာရေးကို ပြီးဆုံးခဲ့ပါတယ်။ ဟုတ်ပါတယ်။ လက်တွေမရှိတဲ့ စားဖိုမှူးကြီးပါ။

ဒီအမျိုးသမီးလေး သူ့ရဲ့စိတ်ကူးအိပ်မက်တွေဆီ မရောက်ရှိအောင် ဘယ်အရာကမှ ဟန့်တားနိုင်ခြင်း မရှိပါဘူး။

တကယ့်အောင်နိုင်သူတွေဟာ လက်မလျှော့တတ်ပါဘူး။

စည်သူထက် (မအူပင်တက္ကသိုလ်)Ref: Real Winners Don't Give Up!

[The Best English Magazine, September, 2014]

Tuesday, April 22, 2014

ပုဆိန်သွေးချိန်




တစ်ခါက အလွန်သန်မာသောသစ်ခုတ်သမားတစ်ဦးသည် သစ်ကုန်သည်တစ်ဦးထံတွင်အလုပ်တောင်းရာ ရှိခဲ့သည်။ လုပ်ခနှင့်အလုပ်အကိုင်အခြေအနေက အမှန်ကောင်းမွန်သည်။ ထို့ကြောင့်သစ်ခုတ်သမားသည် အကောင်းဆုံးအလုပ်လုပ်ရန် သန္နိဋ္ဌာန်ချထားသည်။

အလုပ်ရှင်က သူ့ကိုပုဆိန်တစ်လက်ပေးပြီး သစ်ခုတ်ခိုင်းသည်။ ပထမနေ့တွင် သစ်ခုတ်သမားသည် သစ်ပင် ၁၈ ပင်ခုတ်ယူလာနိုင်ခဲ့သည်။

“ဂုဏ်ယူတယ်ကွာ။ ဒီပုံစံအတိုင်းဆက်လုပ်ဟေ့" ဟုအလုပ်ရှင်ကပြောသည်။ အလုပ်ရှင်၏စကားကြောင့် အလွန်စိတ်ဓာတ်တက်ကြွသွားသည့်သစ်ခုတ်သမားသည် နောက်တစ်နေ့တွင်ပိုမိုကြိုးစားသည်။ သို့သော်သူသည် သစ်ပင် ၁၅ ပင်ကိုသာ ခုတ်နိုင်ခဲ့သည်။ တတိယနေ့တွင် သူပိုမိုကြိုးစားသည်။ သို့သော်သစ်ပင် ၁၀ ပင်ကိုသာ ခုတ်နိုင်တော့သည်။ တစ်နေ့ပြီးတစ်နေ့ သစ်ပင်ခုတ်နိုင်သည်မှာ နည်းသထက်နည်းလာသည်။

“ငါ့ရဲ့အင်အားတွေ ဆုံးရှုံးလာတာပဲဖြစ်ရမယ်" ဟုသစ်ခုတ်သမားကတွေးမိသည်။ သူကအလုပ်ရှင်ထံသွားရောက်တောင်းပန်ရင်း မည်သို့ဖြစ်နေသည်ကို သူနားမလည်ကြောင်းပြောပြသည်။

“မင်းပုဆိန်ကို ဘယ်အချိန်ကနောက်ဆုံးသွေးခဲ့တာလဲ"ဟု အလုပ်ရှင်ကမေးသည်။

“ကျွန်တော့်မှာပုဆိန်သွေးဖို့အချိန်မရှိခဲ့ဘူး။ ကျွန်တော်သစ်ပင်တွေကို ခုတ်ဖို့ကြိုးစားရင်းနဲ့ပဲ အချိန်တွေကုန်နေခဲ့တယ်ဗျာ။"

*******

ကျွန်တော်တို့ ဘဝသည်လည်း ဤသာဓကလေးအတိုင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်တော်တို့သည် သစ်ပင်ခုတ်ဖို့အလုပ်ရှုပ်နေသည့်အတွက် ပုဆိန်သွေးရန် အချိန်မယူဖြစ်ကြပေ။
ကျွန်တော်တို့အားလုံး အပန်းဖြေရန်အတွက်၊ စဉ်းစားတွေးခေါ်ရန်အတွက်၊ စိတ်ကိုငြိမ်းချမ်းအောင်လေ့ကျင့်ရန်အတွက်၊ လေ့လာသင်ယူပြီး ကြီးပြင်းရန်အတွက်အချိန်လိုပါသည်။ ကျွန်တော်တို့သည် ပုဆိန်သွေးရန် အချိန်မယူပါလျှင် ငြီးငွေ့မှုဖြစ်လာပြီး ကျွန်တော်တို့၏ထက်မြက်မှုများ ဆုံးရှုံးရမည်သာဖြစ်ပါတော့သည်။

စည်သူထက် (မအူပင်တက္ကသိုလ်)

မင်္ဂလာမောင်မယ်စာစောင်၊ မေလ၊ ၂၀၁၄

Ref: “Author Unknown"၏ “The story of a woodcutter"

မျှော်လင့်ခြင်းဖယောင်းတိုင်




အခန်းထဲမှာ ဖယောင်းတိုင်လေး လေးတိုင်တောက်လောင်နေပါတယ်။ ပတ်ဝန်းကျင်က အလွန်တိုးဖျော့တဲ့အတွက် သူတို့စကားပြောသံကို ကြားနေရပါတယ်။

ပထမဖယောင်းတိုင်ကပြောပါတယ်။ “ကျွန်တော်က ငြိမ်းချမ်းရေးပါ။ ဒါပေမဲ့ ဘယ်သူကမှ ကျွန်တော့်ကို လင်းနေအောင် မထားနိုင်ဘူး။ ကျွန်တော်မီးငြိမ်းသွားရလိမ့်မယ်လို့ ယုံကြည်တယ်။”
သူ့ရဲ့မီးတောက်လေး အလျင်အမြန်လျော့နည်းလာပြီး လုံးဝငြိမ်းသွားတယ်။

ဒုတိယဖယောင်းတိုင်က ပြောတယ်။ “ကျွန်တော်က ယုံကြည်မှုပါ။ ကျွန်တော်က မရှိမဖြစ်မဟုတ်တော့ဘူး။ ဒါကြောင့်ကျွန်တော်ဆက်ပြီးလင်းနေလို့ ဘာမှအဓိပ္ပာယ်မရှိတော့ပါဘူး။”
သူစကားပြောလို့ပြီးတဲ့အခါ လေပြေလေညှင်းလေးက ညင်ညင်သာသာတိုက်လာပြီး သူ့ကို ငြိမ်းလိုက်ပါတယ်။

တတိယဖယောင်းတိုင်က သူ့ရဲ့အလှည့်မှာ ဝမ်းနည်းစွာနဲ့ပြောတယ်။ “ကျွန်တော်က ချစ်မေတ္တာပါ။ ကျွန်တော့်မှာ ဆက်ပြီးလင်းနေဖို့ အားအင်မရှိတော့ပါဘူး။ လူတွေက ကျွန်တော့်ကိုဘေးဖယ်ထားပြီး ကျွန်တော့်ရဲ့အရေးပါမှုကို နားမလည်ဘူး။ သူတို့က သူတို့နဲ့အနီးဆုံးမှာရှိတဲ့သူတွေကို ချစ်ဖို့တောင်မေ့နေပါတယ်။” စောင့်ဆိုင်းရင်း မကြာခင်မှာ သူငြိမ်းသွားပါတယ်။

ရုတ်တရက် ကလေးတစ်ယောက်က အခန်းထဲဝင်လာပြီး ဖယောင်းတိုင်သုံးတိုင် တောက်လောင်ခြင်းမရှိတာကို တွေ့သွားပါတယ်။ “မင်းတို့ အဆုံးထိမီးလင်းနေသင့်တာ။ ဘာလို့မလောင်တော့တာလဲ”
ဒီလိုပြောရင်း ကလေးက စတင်ပြီးငိုကြွေးပါတယ်။

အဲဒီနောက် စတုတ္ထဖယောင်းတိုင်လေးက ပြောတယ်။ “မစိုးရိမ်ပါနဲ့။ ကျွန်တော်တောက်လောင်နေသေးတဲ့ အချိန်မှာ ကျွန်တော်တို့ တခြားဖယောင်းတိုင်တွေကို မီးပြန်ညှိပေးနိုင်ပါတယ်။ ကျွန်တော်က မျှော်လင့်ချက်ပါ။”

တောက်ပတဲ့မျက်ဝန်းလေးတွေနဲ့ ကလေးက မျှော်လင့်ခြင်းဖယောင်းတိုင်လေးကို ယူပြီးတခြားဖယောင်းတိုင်တွေကို မီးညှိပေးပါတော့တယ်။

မျှော်လင့်ခြင်းမီးတောက်ဟာ ကျွန်တော်တို့ရဲ့ဘဝက ဘယ်တော့မှ မထွက်သွားသင့်ပါဘူး။ ပြီးတော့ ကျွန်တော်တို့တစ်ယောက်စီဟာလည်း မျှော်လင့်ချက်၊ ယုံကြည်မှု၊ ငြိမ်းချမ်းမှုတွေနဲ့ ချစ်မေတ္တာတွေကို ထိန်းထားနိုင်ပါတယ်။

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: Author Unknown ၏ “Four Burning Candles"

Sunday, January 19, 2014

ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးပွားစေခြင်း






သင်ဟာ အပျက်သဘောဆောင်တဲ့ အကြံဥာဏ်တွေရဲ့ လွှမ်းမိုးမှုကို အလွယ်တကူခံရတဲ့ လူမျိုးဖြစ်နေပါသလား။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေတဲ့ ဒီသင်ခန်းစာတိုလေးကို လိုက်နာပါ။

“ဟင်နရီ ဝါ့ဒ် ဘီးချာ” ဟာ ကျောင်းမှာ အသက်ငယ်ငယ်ကောင်လေးတစ်ယောက်အဖြစ် ရှိနေစဉ်မှာ သူဘယ်တော့မှ မမေ့နိုင်တဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေတဲ့ သင်ခန်းစာတစ်ခုကို သင်ယူခဲ့ရပါတယ်။

သူ့ကို အတန်းရှေ့မှာ စာရွတ်ပြဖို့ခိုင်းပါတယ်။ သူက စတင်ပြီး ရွတ်ရုံရှိသေးချိန်မှာ ဆရာက ပြတ်ပြတ်သားသားနဲ့ “မဟုတ်ဘူး” လို့ ကြားဖြတ်ပြောတယ်။ သူက ပြန်စပါတယ်။ “မဟုတ်သေးဘူး” ဆိုတဲ့ ဆရာ့ရဲ့အသံ ထပ်ပြီးတော့ ဟိန်းထွက်လာပြန်ပါတယ်။ “ဟင်နရီ” အရှက်ရသွားပြီး ထိုင်ချလိုက်ပါတယ်။
နောက်ကောင်လေးတစ်ယောက် စာရွတ်ပြဖို့ ထရပါတယ်။ သူ စတင်ရုံရှိသေးချိန်မှာ ဆရာက “မဟုတ်ဘူး” လို့ အော်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းသားက စာကို အပြီးထိဆက်ရွတ်ပါတယ်။ သူထိုင်လိုက်တဲ့အခါ ဆရာက “သိပ်ကောင်းတယ်” လို့ ပြောပါတယ်။

“ဟင်နရီ” စိတ်တိုသွားပါတယ်။ “ကျွန်တော်လည်း သူရွတ်သလို ရွတ်ခဲ့တာပဲ” လို့ သူက ဆရာ့ကို မကျေမနပ် ပြောပါတယ်။

ဒါပေမဲ့ နည်းပြဆရာက ပြန်ပြောတယ်။

“မင်းရဲ့ သင်ခန်းစာကို သိတယ်ဆိုတာနဲ့တင် မလုံလောက်သေးဘူး။ တကယ်ကို သိနားလည်တယ်ဆိုတာ သေချာရမယ်။ ငါ မင်းကို ရပ်ခိုင်းတာကို မင်း လက်ခံလိုက်တဲ့အခါ မင်းဘက်က မသေချာသေးဘူးလို့ အဓိပ္ပာယ်ထွက်တယ်။ ကမ္ဘာကြီးက “မဟုတ်ဘူး” လို့ ပြောလာတဲ့အခါ မင်းရဲ့အလုပ်က ဟုတ်တယ် လို့ပြောပြီး အဲဒါကို သက်သေပြဖို့ပဲ။”

ကမ္ဘာကြီးက “မဟုတ်ဘူး” ဆိုတဲ့ စကားကို နည်းလမ်းပေါင်း တစ်ထောင်လောက်နဲ့ ပြောပါလိမ့်မယ်။

“မဟုတ်ဘူး။ မင်းဒါကို မလုပ်နိုင်ဘူး”
“မဟုတ်ဘူး။ မင်းမှားတယ်”
“မဟုတ်ဘူး။ မင်းက အသက်ကြီးလွန်းနေပြီ”
“မဟုတ်ဘူး။ မင်းက အသက်ငယ်လွန်းတယ်”
“မဟုတ်ဘူး။ မင်းက အားနည်းလွန်းတယ်”
“မဟုတ်ဘူး။ ဒါ ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ဘူး”
“မဟုတ်ဘူး။ မင်းမှာ ပညာအရည်အချင်းမရှိဘူး”
“မဟုတ်ဘူး။ မင်းမှာ နောက်ခံအင်အားမရှိဘူး”
“မဟုတ်ဘူး။ မင်းမှာ ငွေကြေးမရှိဘူး”
“မဟုတ်ဘူး။ ဒါကို လုပ်လို့မရဘူး”

သင် ကြားလိုက်ရတဲ့ “မဟုတ်ဘူး” ဆိုတဲ့ စကားတစ်ခွန်းစီမှာ သင် ရပ်တန့် နုတ်ထွက်လိုက်ရတဲ့ အချိန်ထိ သင့်ရဲ့ ယုံကြည်မှုကို တစ်စတစ်စ လျော့နည်းစေမယ့် အလားအလာ ရှိနေပါတယ်။

ကမ္ဘာကြီးက ဒီနေ့ သင့်ကို “မဟုတ်ဘူး” လို့ ပြောလာပေမဲ့ သင်က “ဟုတ်တယ်” လို့ ပြန်ပြောပြီး သက်သေပြနိုင်ဖို့ သန္နိဋ္ဌာန် ချထားသင့်လှပါတယ်။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: “Improving Self Confidence” by “Steve Goodier”
The Best English Magazine, January, 2014

Sunday, August 11, 2013

                 

               “အကောင်းဆုံးသက်သေ”


၁၈၈၃- ခုနှစ်တွင် ဂျွန်ရော့ဘလင်းဟု အမည်ရသည့် တီထွင်ဥာဏ်ရှိသောအင်ဂျင်နီယာတစ်ဦးသည် နယူးယောက်မြို့နှင့် လောင်းအိုင်လန်ကျွန်းကို ဆက်သွယ်ပေးသည့် ခမ်းနားကြီးကျယ်လှသော တံတားတစ်စင်းကို တည်ဆောက်ရန် စိတ်ကူးရရှိခဲ့သည်။ သို့သော် ကမ္ဘာတစ်ဝန်းရှိတံတားတည်ဆောက်ရာတွင်ကျွမ်းကျင်သူများက ထိုတံတားမျိုးတည်ဆောက်ခြင်းသည် မဖြစ်နိုင်သည့်စွမ်းဆောင်မှုတစ်ရပ်ဟု ယူဆကြပြီးရော့ဘလင်းကို သူ၏စိတ်ကူးအားမေ့ပစ်ရန်ပြောခဲ့ကြသည်။ ၎င်းစိတ်ကူးသည် လုပ်ဆောင်ရန်မဖြစ်နိုင်သလို လက်တွေ့လည်းမကျပေ။ ယခင်က လုပ်ဆောင်နိုင်ခဲ့ခြင်းမျိုးမရှိသေးသောကြောင့်လည်း ဖြစ်ပေသည်။

ရော့ဘလင်းသည် သူ၏စိတ်အာရုံထဲတွင်ရှိနေသော တံတား၏ပုံရိပ်ကို လျစ်လျူရှု၍ မရဘဲဖြစ်နေသည်။ သူသည်ထိုတံတားအကြောင်းကိုသာ တစ်ချိန်လုံးတွေးနေမိသည်။ တံတားတည်ဆောက်၍ ရနိုင်မည်ကို သူ၏နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်းသိနေသည်။ သူသည် သူ၏စိတ်ကူးအိပ်မက်ကို အခြားသူတစ်စုံတစ်ယောက်နှင့်မျှဝေရတော့သည်။ ထိုသူကားအခြားမဟုတ်။ အလားအလာကောင်းသော အင်ဂျင်နီယာတစ်ဦးဖြစ်သည့် သူ၏သားဝါရှင်တန်ပင်ဖြစ်သည်။ သူ၏သားကို တံတားအမှန်တကယ်တည်ဆောက်၍ရနိုင်ကြောင်း လက်ခံယုံကြည်စေနိုင်ခဲ့သည်။

ပထမဦးဆုံးအကြိမ်အဖြစ်အဖေနှင့်သားအတူအလုပ်တွဲလုပ်ကာ တံတားပြီးစီးအောင်မြင်နိုင်ရေး၊ အခက်အခဲအတားအဆီးများကို ကျော်လွှားနိုင်ရေးဆိုင်ရာ သဘောတရားများကို ကြံဆခဲ့ကြသည်။ သူတို့ရှေ့ဆက်ရမည့်ခရီးတွင် စိတ်လှုပ်ရှားစရာ ပြင်းထန်သောစိန်ခေါ်မှုရှိနေသည်။ သားအဖနှစ်ယောက်သည် စိတ်လှုပ်ရှားမှု၊ အားပေးလှုံ့ဆော်မှုကြီးစွာဖြင့် သူတို့၏အိပ်မက်တံတားကြီးကို တည်ဆောက်ခဲ့ကြသည်။

စီမံကိန်းကြီးမှာ အစကောင်းခဲ့သည်။ သို့သော် တံတားကြီးတည်ဆောက်နေဆဲလအနည်းငယ်အကြာတွင် လုပ်ငန်းခွင်၌ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတစ်ခုကြုံခဲ့ရသည်။ ထိုဖြစ်ရပ်မှာ မတော်တဆမှုတစ်ခုကြောင့် ဂျွန်ရော့ဘလင်းအသက်ဆုံးရှုံးခဲ့ရပြီး ဝါရှင်တန်လည်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်သည် ဦးနှောက်တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပြီး လမ်းမလျှောက်နိုင်၊ စကားမပြောနိုင်ဖြစ်ရရုံသာမက လှုပ်ပင်မလှုပ်နိုင်တော့ပေ။

“ဒီလိုဖြစ်မယ်ဆိုတာ ပြောသားပဲ။”
“အရူးတွေ၊ အရူးစိတ်ကူးတွေပါကွာ။”
“စိတ်ကူးထဲပေါက်ကရမြင်တိုင်းလိုက်လုပ်တာ ရူးလို့ပေါ့။”
လူတိုင်းက အဆိုးမြင်မှတ်ချက်များကိုသာ ပေးနေကြသည်။

မည်သို့ပင်ဖြစ်စေ ဝါရှင်တန်သည် ဖခင်ဂျွန်ရော့ဘလင်းမရှိတော့သည့်အပြင်မိမိကိုယ်တိုင်လည်း ခန္ဓာကိုယ်ချို့ယွင်းချက်များရှိနေသည်။ သို့သော်လည်း စိတ်ပျက်အားလျှော့ခြင်းမရှိပေ။ ထို့ပြင်တံတားကို ပြီးစီးအောင်တည်ဆောက်လိုသည့် သူ၏ပြင်းပြသောဆန္ဒမှာလည်း ယခင်အတိုင်းထက်သန်ဆဲပင်။ သူသည်သာလျှင်တံတားကြီးအပြီးသတ်တည်ဆောက်နိုင်မည့်နည်းလမ်းကိုသိသည့် တစ်ယောက်တည်းသောသူဖြစ်နေပေပြီ။

ထို့ကြောင့်သူသည် မိတ်ဆွေအချို့ကို အားပေးလှုံ့ဆော်ရန်၊ သူ၏စိတ်အားထက်သန်မှုများကို လက်ဆင့်ကမ်းပေးရန်ကြိုးစားခဲ့သည်။ သို့သော်သူတို့သည် ထိုတာဝန်ကိုစိုးရွံ့နေကြသည်။ ဆေးရုံတွင်းရှိ ခုတင်ပေါ်တွင် သူ လဲလျောင်းနေစဉ်တွင် နေရောင်ခြည်များက ပြတင်းပေါက်များကို ဖြတ်ကာ တိုးဝင်နေသည်။ လေပြည်လေညှင်းများက ပါးလျပေါ့ပါးသော လိုက်ကာဖြူများကို တွန်းဝှေ့တိုက်ခတ်လိုက်သောအခါ သူသည် အပြင်ဘက်မှ ကောင်းကင်ကြီးနှင့် သစ်ပင်ထိပ်ဖျားများကို ခေတ္တမြင်လိုက်ရသည်။

ထိုတွင် သူသည် လက်မလျှော့ရန် သတင်းစကားတစ်ခု ရရှိလိုက်သကဲ့သို့ဖြစ်သွားသည်။ သူသည် ရုတ်တရက်စိတ်ကူးတစ်ခုကို ရရှိလိုက်သည်။ သူလုပ်နိင်သည့်အရာမှာ လက်ချောင်းလေးတစ်ချောင်းလှုပ်ရှားနိုင်ခြင်းမျှသာဖြစ်သည်။ ထိုလက်ချောင်းလေးကိုပင် အကောင်းဆုံးအသုံးပြုရန် သူဆုံးဖြတ်လိုက်သည်။ လက်ချောင်းလေးကို လှုပ်ရှားခြင်းဖြင့် သူ၏ဇနီးနှင့်ဆက်သွယ်နိုင်သည့် သင်္ကေတဝှက် (ကုတ်) တစ်ခုကိုတဖြည်းဖြည်းနှင့်သူရရှိခဲ့သည်။

သူသည်ဇနီးသည်၏လက်မောင်းကို လက်ချောင်းလေးဖြင့်ခေါက်သည့် အလားတူနည်းလမ်းကိုသုံးပြီး အင်ဂျင်နီယာများကို ဘာလုပ်ရမည်ကိုပြောခဲ့သည်။ ရူးမိုက်ရာကျသည်ဟု ထင်စရာရှိပါသည်။ သို့သော် စီမံကိန်းကြီးကတော့ တစ်ဖန်ပြန်လည်၍ အသက်ဝင်ခဲ့ပါပြီ။

ဆယ့်သုံးနှစ်တိုင်တိုင် ဝါရှင်တန်သည် ဇနီးဖြစ်သူ၏လက်မောင်းကို လက်ချောင်းလေးဖြင့်ခေါက်၍ ညွှန်ကြားချက်ပေးကာ နောက်ဆုံးတွင် တံတားကြီးကို အပြီးသတ်တည်ဆောက်နိုင်ခဲ့သည်။ ယနေ့တွင် ခမ်းနားကြီးကျယ်လှသော ဘရွတ်ကလင်းတံတားကြီးသည် လူသားတစ်ဦး၏အလံမလှဲစတမ်းစိတ်ဓာတ်နှင့် မည်သည့်အခြေအနေတွင်မဆို အနိုင်မခံ အရှုံးမပေးတတ်သောသနိဋ္ဌာန်တို့၏အောင်ပွဲသက်သေအဖြစ် ဂုဏ်ကျက်သရေ ကြီးမားစွာတည်ရှိနေပေသည်။ ၎င်းတံတားကြီးသည် အင်ဂျင်နီယာများနှင့် ၎င်းတို့၏အသင်းအဖွဲ့လိုက်ဆောင်ရွက်တတ်မှု၏ သက်သေသာမက လူတစ်ဝက်ခန့်က ရူးနေပြီဟုယူဆခဲ့ကြသူအပေါ် သူတို့ယုံကြည်ချက်ထားရှိမှု၏ သက်သေလည်းဖြစ်ပေသည်။ ၎င်းသည်ဇနီးသည်၏ ချစ်မေတ္တာနှင့် ကြီးမားသော သံယောဇဉ်တို့၏ သိသာလှသော အထိန်းအမှတ်လည်းဖြစ်ပေသည်။ သူသည် ဆယ့်သုံးနှစ်တိုင်တိုင် ခင်ပွန်းသည်၏ သတင်းစကားများကို စိတ်ရှည်လက်ရှည် ဖော်ကာ အင်ဂျင်နီယာများ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ပြောကြားခဲ့ရသူဖြစ်သည်။

ဤဖြစ်ရပ်သည် ဆိုးရွားသည့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ကျော်လွှားပြီး မဖြစ်နိုင်သော ရည်မှန်းချက်များကို အောင်မြင်ပေါက်မြောက်စေနိုင်သော လှေခွက်ချည်းကျန်အလံမလှဲစိတ်ဓာတ်ကို ဖော်ပြနေသည့် အကောင်းဆုံးဥပမာတစ်ခုဖြစ်ပေသည်။

နေ့စဉ်ဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်တော်တို့၏အခက်အခဲအတားအဆီးများသည် အခြားသူများရင်ဆိုင်ရသည်နှင့်နှိုင်းစာလျှင် လွန်စွာသေးငယ်နေပေသည်။ အခြေအနေမည်သို့ရှိပါစေ သနိဋ္ဌာန်နှင့်ဇွဲသာရှိပါက မဖြစ်နိုင်ဟုထင်ရသော စိတ်ကူးအိပ်မက်များလည်း အမှန်ဖြစ်လာနိုင်ကြောင်း ဘရွတ်ကလင်းတံတားကြီးက ပြသနေပါသည်။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: Determination and Persistence
မင်္ဂလာမောင်မယ်၊ အမှတ်-၆၊ ဇွန်၊၂၀၁၃
                                             

                                                     

 

                         "ဘ၀ဟူသည်"


ကောင်လေးတစ်ဦးက အဘွားဖြစ်သူအား ကျောင်းတွင်ပညာသင်ယူနေရမှု၊ မိသားစုပြသနာများ၊ဆိုးဆိုးရွားရွားကျန်းမာရေးပြသနာများ စသည့်အစစအရာရာအခက်ကြုံနေရမှုများကိုပြောပြနေသည်။

ထိုသို့ပြောပြနေချိန်တွင် အဘွားဖြစ်သူက ကိတ်မုန့်ဖုတ်နေသည်။ သူကမြေးလေးကို အဆာပြေမုန့်စားမလားဟုမေးရာ မြေးလေးကစားမည်ဟုဖြေသည်။

"ရော့ ဒီမှာဆီလေးနည်းနည်းသောက်လိုက်"
"ထွတ်….ရွံစရာကြီး"
"ကြက်ဥအစိမ်းနှစ်လုံးလောက် သောက်ရင်သောက်ပေါ့"
"အော်ဂလီဆန်စရာကြီးအဘွားရာ"
"ဒါဖြင့်ဂျုံမှုန့်စားမလား။ မဟုတ်ရင်လည်းမုန့်ဖုတ်တဲ့ဆိုဒါစားပေါ့"
"အဘွားနော်…အကုန်လုံးကစိတ်ပျက်စရာတွေချည်းပဲ"

ဤတွင်အဘွားကပြောပြသည်။
"ဟုတ်တာပေါ့…ဒါတွေအားလုံးက သူ့အတိုင်းဆိုရင် မကောင်းသလိုပဲ။ ဒါပေမဲ့ အဲဒါတွေကိုနည်းလမ်းမှန်မှန်နဲ့ပေါင်းစပ်လိုက်တဲ့အခါ အင်မတန်အရသာရှိတဲ့ ကိတ်မုန့်တစ်လုံးရလာတာပဲ"

*****
"ဘုရားသခင်က ကျွန်တော်တို့ကိုခက်ခဲကြမ်းတမ်းသည့်အချိန်များကို အဘယ့်ကြောင့်ဖြတ်သန်းသွားခိုင်းရပါသနည်းဟု ကြိမ်ဖန်များစွာကျွန်တော်တို့သိချင်မိကြပါသည်။

သို့သော်ဘုရားသခင်က အရာအားလုံးကို အစီအစဉ်တကျနေရာချထားပေးသည်သာဖြစ်ပါသည်။ ထိုအရာအားလုံးသည်ကောင်းကျိုးဖြစ်စေရန် အမြဲဆောင်ရွက်ပေးပါသည်။

ကျွန်တော်တို့ဘုရားသခင်ပေါ်တွင် ယုံကြည်မှုရှိရပါမည်။ အဘယ့်ကြောင့်ဆိုသော် သူကတစ်စုံတစ်ရာကို ထူးကဲအံ့သြဖွယ်ဖြစ်အောင် လုပ်ဆောင်ပေးမည်ဖြစ်သောကြောင့်ပင်ဖြစ်ပါသတည်း။"

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: Life As a Cake
Author Unknown
The Best English Magazine,2012

****
ဒီစာမူကိုဖတ်ပြီးတဲ့အခါ သူငယ်ချင်းတစ်ယောက်စိတ်ဓာတ်ကျနေလို့ ဇာတ်လမ်းလေးပြောပြခဲ့ဖူးပါတယ်။ နောက်မှအများလည်းဖတ်သင့်တယ်ထင်လို့ ဘာသာပြန်ပြီး The Best English Magazine ကိုပို့ခဲ့ပါတယ်။

အင်္ဂလိပ်စာပညာပေး Magazine ဖြစ်လို့ မူရင်းအတိုင်းတိတိကျကျဘာသာပြန်ခဲ့ပါတယ်။ အောက်ဆုံးသုံးပိုဒ်က မူရင်းစာရေးသူရဲ့အာဘော်ဖြစ်တာကြောင့်ဘာသာရေးသဘောတွေပါနေပါမှာပါ။

ဒါပေမဲ့ ဘ၀ဆိုတာကိတ်မုန့်တစ်လုံးလိုပါ။ဘ၀အခက်အခဲတွေမျိုးစုံကြုံတွေ့ရမှာ မှန်ပေမဲ့ အဲဒါတွေကကျွန်တော်တို့ကို ပိုပြီးပညာရှိအောင်၊ရင့်ကျက်အောင်၊အခက်အခဲတွေဖြေရှင်းတတ်အောင်၊ပိုပိုသာသာလေးပြောရရင်ဘ၀ဆိုတာကိုအရသာရှိလာအောင်ဖန်တီးပေးတဲ့အရာတွေဖြစ်တယ်ဆိုတဲ့အမြင်လေးထုတ်နှုတ်ရယူနိုင်မယ်ဆိုရင် အကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။

"ဟယ်လင်ကဲလားရဲ့ဘဝဇာတ်ကြောင်း တစေ့တစောင်း"

                                                      
၁၉၂ဝ ပြည့်နှစ်၊ အေးမြတဲ့ဆောင်းရာသီ၊ မွန်းလွဲပိုင်းအချိန်ကဖြစ်ပါတယ်။ နယူးယောက်မြို့၊ ပြပွဲခန်းမတစ်ခုရဲ့အပြင်ဘက်မှာ လူတွေအများကြီးလက်မှတ်ဝယ်ဖို့စောင့်နေကြပါတယ်။ ခန်းမအတွင်းမှာတော့ ပြပွဲမန်နေဂျာဟာ သိပ်ကိုကျေနပ်ဝမ်းမြောက်နေပုံရပါတယ်။ သူမျှော်လင့်ထားတာထက်ပိုပြီး လူတွေအများကြီးရောက်လာပါတယ်။ ဒီနေ့မှာ ပြပွဲအသစ်တစ်မျိုးကို တင်ဆက်ပြသမှာဖြစ်ပါတယ်။

ကန့်လန့်ကာပွင့်သွားပါပြီ။ ပြပွဲစင်မြင့်ကို အိမ်ကဧည့်ခန်းပုံစံပြင်ဆင်ထားပါတယ်။ စန္ဒရား ဘေးနားမှာ ထိုင်နေတဲ့ လူငယ်လေးက မတ်တပ်ရပ်လိုက်ပြီး (ပရိသတ်ကို) ဟန်ပါပါနဲ့ဦးညွှတ်နှုတ်ဆက်ပါတယ်။ သူကပရိသတ်ကို သက်လတ်ပိုင်းအရွယ် ထည်ထည်ဝါဝါရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ ဒီအမျိုးသမီးကတော့ "အဲန်းဆူလီဗန်မေစီ" ပဲဖြစ်ပါတယ်။ "အဲန်း" ကတော့ စကားခပ်တိုတိုပြောပါတယ်။ သူ့ရဲ့စကာသံချိုချိုလေးကို လူတိုင်းအာရုံစိုက်နားထောင်ကြပါတယ်။ အဲဒီနောက်လှလှပပ ဝတ်ဆင်ထားပြီးရုပ်ရည်ပြေပြစ်တဲ့ အမျိုးသမီးလေးတစ်ယောက်စင်ပေါ်လျှောက်လာပါတယ်။ "အဲန်း" က သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားပါတယ်။ သူကပရိသတ်ကို မျက်နှာမူပြီးထွက်ရပ်ပြပါတယ်။

နောက်တော့ အဲဒီအမျိုးသမီးလေး "ဟယ်လင်ကဲလား" က စကားပြောပါတယ်။ သူ့ခမျာ စကားတစ်လုံးချင်းထွက်လာဖို့တာင်မနည်းအားစိုက်ရပါတယ်။ ပရိသတ်ကလည်းသူပြောတာကို နားလည်သဘောပေါက်ဖို့အားစိုက်ရတာပါပဲ။ သူတို့ကနားတွေကို စွင့်ထား၊ လျင်နေအောင်ထားရပါတယ်။ ဟယ်လင်စကားပြောတာပြီးဆုံးသွားတဲ့အခါ လက်ခုပ်သံတွေပဲ့တင်ထပ်မျှ မြည်ဟီးသွားပါတယ်။ သူတို့နှစ်ဦးဟာ အဲဒီအချိန်တုန်းက အမေရိကမှာရှိတဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ် တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ "အဲန်းဆူလီဗန်" က ရဲရင့်တဲ့ ပညာရေးသမားတစ်ဦးဖြစ်သလို ပြည်သူလူထုအခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။ "ဟယ်လင်အဒမ်ကဲလား" ကတော့ သူ့ရဲ့မျက်မမြင်နားမကြားတဲ့ တပည့်မလေးဖြစ်ပါတယ်။ ဟယ်လင်ဟာ ခန္ဓာကိုယ်ချို့ယွင်းချက်တွေရှိနေပေမဲ့ စာရေးဆရာမ၊ အမျိုးသမီးဘဝလွတ်မြောက်ရေးတက်ကြွလှုပ်ရှားသူ၊ လူမှုရေးအလုပ်သမားအဖြစ် နာမည်ကျော်အောင် လုပ်နိုင်ခဲ့ပါတယ်။

ပရိသတ်တွေက ဟယ်လင်ရဲ့စကားတစ်ခွန်းကို သိပ်ခိုက်သွားပါတယ်။ သူ့ရဲ့စကားကို အနှစ်ချုပ်ဖော်ပြရမယ်ဆိုရင် ဒီလိုပါ…။

"ကျွန်မရဲ့ဆရာမက သူ့ရဲ့စကားတစ်ခွန်း ကျွန်မရဲ့စိတ်အမှောင်ကို ဘယ်လိုထိသွားစေတယ်ဆိုတဲ့အကြောင်းနဲ့ ဘဝရဲ့ပျော်ရွှင်စရာထဲကို ကျွန်မဘယ်လိုနိုးထလာနိုင်တဲ့အကြောင်း ရှင်တို့ကို ပြောပြခဲ့ပါတယ်။ ကျွန်မ ဆွံ့အခဲ့တယ်။ ခုတော့ စကားပြောနိုင်ပါပြီ။ ဒီအောင်မြင်မှုအတွက် တခြားသူတွေရဲ့ အကူအညီတွေ၊ စိတ်အားထက်သန်မှုတွေကို ကျေးဇူးတင်ရမှာပါ။ သူတို့တွေရဲ့ ချစ်မေတ္တာ နဲ့ ကျွန်မရဲ့စိတ်ကို ကျွန်မမြင်နိုင်ခဲ့ပါတယ်။ ကျွန်မပျော်ရွှင်မှုကို ရှာတွေ့နိုင်ခဲ့ပါတယ်။ တကယ်တော့ ကျွန်မတို့အားလုံးဟာ သူတစ်ပါးကိုလည်းကူညီ၊ ကိုယ်ကလည်းအကူအညီရယူပြီး အသက်ရှင်နေထိုင်ကြတာပါ။ စည်းစည်းလုံးလုံးနေခြင်းအားဖြင့် ကျွန်မတို့ တွေအများကြီးလုပ်ဆောင်နိုင်ပါတယ်။ ချစ်မေတ္တာကသာလျှင် ကျွန်မတို့နဲ့ကျွန်မတို့ရဲ့ ပျော်ရွှင်မှုအကြားမှာရှိတဲ့ နံရံကို ဖြိုဖျက်နိုင်မှာဖြစ်ပါတယ်။ ပညတ်တော်ဆယ်ပါးမှာပါတဲ့ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ တစ်ဦးနဲ့တစ်ဦးချစ်ခင်ဖို့ပါ။ ကျွန်မဆီကိုရောက်လာမယ့် ချစ်မေတ္တာတွေ၊ ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေအတွက် ဘုရားသခင်ကို ကျေးဇူးတော်စကားအသံ အကျယ်ဆုံးပြောလိုက်ချင်မိပါတယ်။"

ဟယ်လင်ကဲလားက ဒီလိုသတင်းစကားကို ဘာကြောင့်ပေးခဲ့တာပါလဲ။ ဟယ်လင်ရော သူ့ဆရာမပါ အသက်ရှင်ရပ်တည်ဖို့် ငွေလိုအပ်ခဲ့ပါတယ်။ အခကြေးငွေရရှိဖို့ မျှော်လင့်ချက်နဲ့ ဒီပွဲအတွက် သူတို့အဆင်သင့်ဖြစ်ခဲ့ကြပါတယ်။ ပရိသတ်ကလည်း ဟောပြောချက်ကိုနားထောင်ဖို့ထက် "သက်ရှိထင်ရှားအံ့ဖွယ်ရာလူ" ကို ကြည့်ဖို့လာခဲ့ကြတာပါ။ လူအများစုက ရှားပါးတဲ့ဖန်တီးချက်တစ်ခုကို ကြည့်ရတော့မယ့်အလား စူးစမ်းချင်စိတ်ပြင်းပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဟယ်လင့်ရဲ့ဂုဏ်ကျက်သရေက ဒီလိုအရှက်ရစရာလေးတွေကို ခံစားပြီးတော့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေတဲ့သူတွေရဲ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့အချက်ပေါ်မှာရှိနေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိနေသူတွေဟာ ပုံမှန်လူတွေလိုပဲ နေထိုင်ခွင့်ရှိတယ်လို့ သူကကြေငြာခဲ့တယ်။

သူတို့တွေအတွက် လူသားချင်းစာနာမှုနဲ့ သာတူညီမျှရှိမှုတွေကို ဟယ်လင်ကတောင်းဆိုခဲ့ပါတယ်။ ဘဝရဲ့အတားအဆီးအခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ ဟယ်လင့်ရဲ့ဘဝဇာတ်ကြောင်းဟာ လူသန်းပေါင်းများစွာအတွက် လှုံ့ဆော်အားပေးမှုတွေ၊ စိတ်အားထက်သန်မှုတွေပေးနိုင်တဲ့အကြောင်းတရားအဖြစ် ဒီကနေ့အထိ တကယ့်ကို တည်ရှိနေပါတယ်။

ဟယ်လင်ကဲလားရဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းက ကိုယ်ခန္ဓာ မသန်စွမ်းသူတွေအတွက်သာမက ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးကို မဆိုခံစားနေရတဲ့လူတွေအတွက် လှုံ့ဆော်အားအားပေးမှုဖြစ်နေပါတယ်။ သူက ကွယ်လွန်တဲ့အချိန်ထိ အဲဒီလူတွေရဲ့ အခွင့်အရေးတွေအတွက် ထောက်ခံခဲ့၊ ကြိုးပမ်းဆောင်ရွက်ခဲ့တာလေ။

စည်သူထက်(မအူပင်တက္ကသိုလ်)
Ref: http://immstories.wordpress.com/

The Best English Magazine, No.(166), April,2013