နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label ပင်ကိုရေး ရသစာ. Show all posts
Showing posts with label ပင်ကိုရေး ရသစာ. Show all posts

Wednesday, December 25, 2013

ဖခင်၏မေတ္တာ




နံနက်တိုင်း ကျွန်တော် တက္ကသိုလ်တက်ရန် သွားသည့် အချိန်တွင် အဖြူအစိမ်းဝတ်စုံ ကိုယ်စီဝတ်ထားသော မူလတန်းကျောင်းသား၊ ကျောင်းသူလေးများ ကျောင်းသို့ လာကြသည်ကို တွေ့ရလေ့ရှိပါသည်။ အမိအဖ၊ အစ်ကို၊ အစ်မတို့၏လက်ကိုတွဲလျက် ရွှင်ပျတက်ကြွသော ဟန်ကလေးများနှင့် ကျောင်းသို့လာနေသော မူလတန်းကျောင်းသား၊ ကျေင်းသူလေးများကို မြင်ရသည်မှာ အားရကြည်နူးစရာ ကောင်းလှပါသည်။ နေ့စဉ်မြင်နေကျဖြစ်၍ မဆန်းကြယ်တော့သည့်တိုင် ရိုးအီမသွားနိုင်သော နံနက်ခင်း အလှပန်းချီကားချပ်တစ်ခုဟု တင်စားလျှင် လွန်မည်မထင်ပါ။

ကျွန်တော်တို့ တက္ကသိုလ်သို့သွားသည့် ကားလမ်းဘေးတစ်ဖက်တစ်ချက်တွင် လယ်ကွင်းများရှိပါသည်။ ကားလမ်းနှင့် လယ်ကွင်းများအကြားတွင် လယ်ကွင်းများသို့ ရေသွင်းသည့် မြောင်းကြီးများ တစ်မျှော်တစ်ခေါ်ရှိပါသည်။ လမ်းပေါ်မှ ကြည့်လျှင် ခပ်လှမ်းလှမ်းတွင်ရှိနေသည့် လယ်တဲလေးများကိုလည်း မြင်ရပါသည်။

တစ်နံနက်တွင် မိုးများတစိမ့်စိမ့်ရွာသွန်းနေပါသည်။ ကျောင်းတက်ချိန်ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူလေးများ ထီးကိုယ်စီဆောင်းကာ ကျောင်းသို့ ကသုတ်ကရက်လာနေကြပါသည်။ ကျွန်တော်လည်း ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စက်ဘီးလေးကို ဆက်လက်နင်းလာပါသည်။

အဖြူအစိမ်းဝတ်ဆင်ထားသည့် မူလတန်းကျောင်းသားအရွယ် ကလေးတစ်ဦးကို ကုန်းပိုးကာ လယ်ကွင်းကိုဖြတ်၍ ကားလမ်းပေါ်လာနေသည့် ဖခင်တစ်ဦးကို အမှတ်မထင် ကျွန်တော် သတိထားမိလိုက်ပါသည်။ သားငယ်လေးကို မိုးကာ အင်္ကျီလုံလုံခြုံခြုံ ဝတ်ဆင်ပေးထားသော်လည်း ဖခင်ကိုယ်တိုင်ကမူ အင်္ကျီနွမ်းနွမ်းလေးကိုသာ ဝတ်ဆင်ထားပါသည်။ နေပူမိုးရွာမရှောင် အလုပ်လုပ်ရသဖြင့် ကြမ်းတမ်းရင့်ကျက်သော မျက်နှာပြင်နှင့် မလိုက်ဖက်စွာ ဖခင်၏မျက်နှာသည် ကြည်လင်လျက်ရှိပါသည်။ မိုးရွာထဲတွင် သားငယ်လေးကို ကုန်းပိုးကာ ကျောင်းပို့ရသည့်အတွက် ငြိုငြင်သည့်အသွင် တစ်ကွက်မှ မရှိပါချေ။

အမှန်တော့ ဖခင်၏ရင်ထဲတွင် သားငယ်၏ အနာဂတ်ကို မှန်းဆပုံဖော်ကာ ကြည်နူးပီတိဖြစ်နေဟန်ရှိပါသည်။ သူ၏ ကြံ့ခိုင်တောင့်တင်းသော ကျောပေါ်တွင် အခန့်သားလိုက်ပါလာသော သားငယ်လေးသည် တစ်ချိန်တွင် ပညာတတ်ကြီးတစ်ဦးဘဝဖြင့် လူပုံအလယ်တွင် ဝံ့ဝံ့ထည်ထည် နေနိုင်ပေလိမ့်မည်။ သူကဲ့သို့ ရွှံ့နွံတောထဲတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ရသော ဘဝမှ လွတ်မြောက်ကာ ဝင်ငွေကောင်းကောင်းဖြင့် တင့်တင့်တယ်တယ်နေနိုင်ပေလိမ့်မည်။ ဖခင်၏ရင်ထဲတွင် ဤသို့သော အတွေးများဖြင့် ဝမ်းမြောက်နေဟန်ရှိပါသည်။ဖခင်၏ ခြေလှမ်းများအားမာန် အပြည့်ဖြင့် သွက်လက်နေပါသည်။

ဤမြင်ကွင်းလေးက ဖခင်တစ်ဦး၏ မေတ္တာကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေပါသည်။ မိမိထက်ပို၍ သားငယ်လေးကို မေတ္တာထားကာ မိုးရွာသည်ကိုပင်မမှုဘဲ ကိုယ်တိုင်ကုန်းပိုး၍ ကျောင်းသို့ပို့သော ဖခင်၊ မည်မျှပင် ခွန်အားစိုက်ထုတ်ရကာ ပင်ပန်းသည်ဖြစ်စေ စိတ်မကွက် မငြိုငြင်ရှာသော ဖခင်၊ သားငယ်၏ရှေ့ရေးကို မျှော်တွေးကာ ကြည်နူးဝမ်းမြောက်ရှာသော ဖခင်၊ ဖခင်၏မေတ္တာ၊ စေတနာတို့မှာ အံ့သြချီးကျူးဖွယ်ကောင်းလှပါသည်။ ထိုမေတ္တာ၊စေတနာတို့ကို မြင်သာစေသည့် မြင်ကွင်းလေးကို ယနေ့တိုင် ကျွန်တော်၏ စိတ်အာရုံထဲတွင် မမေ့မပျောက်ဘဲ ထင်ကျန်နေပါတော့သည်။

စည်သူထက်(မအူပင်တက္ကသိုလ်)

မင်္ဂလာမောင်မယ်၊ ဒီဇင်ဘာလ၊ ၂၀၁၁