နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, January 6, 2019

နည်းပြ/သရုပ်ပြ ရွေးချယ်ရေး စာမေးပွဲ (2016 တောင်ကြီး တက္ကသိုလ်)


2016 ခုနှစ် တောင်ကြီးတက္ကသိုလ်မှာ မေးခဲ့တဲ့ နည်းပြ/သရုပ်ပြ ရွေးချယ်ရေး စာမေးပွဲ မေးခွန်းမှာ နံပါတ် II မှာ မေးခဲ့တဲ့ မေးခွန်းကို လေ့လာကြည့်ကြပါစို့။
ဒီမေးခွန်းပုံစံက တွင်ကျယ်တဲ့ မေးခွန်းပုံစံဖြစ်သလို ကောင်းတဲ့ မေးခွန်းပုံစံလည်း ဖြစ်ပါတယ်။ နည်းပြ၊ သရုပ်ပြ စာမေးပွဲတင်သာမက တခြားစစ်ဆေးတဲ့ နေရာမျိုးစုံမှာပါ မေးပါတယ်။ ဝေါဟာရ၊ Tenses ၊ Conjunctions စတာတွေ အားလုံးကို မေးခွန်းပုံစံတစ်ခုတည်းမှာ စစ်ဆေးလို့ရသလို ဖြေရတာလည်း မလွယ်လှပါဘူး။
ကြည့်ကြရအောင်ပါ။ မေးခွန်းလေးတွေ ဖြေကြည့်ပါ။
You will see four words or phrases marked (A), (B), (C) and (D). Choose the ONE word or phrase that best completes the sentence.
(A), (B), (C), (D) လို့ အမှတ်အသားပြုထားတဲ့ စာလုံးလေးလုံးကို တွေ့လိမ့်မယ်။ ဒီဝါကျကို အကောင်းဆုံး ဖြည့်စွက်ပေးနိုင်တဲ့ စကားလုံး သို့မဟုတ် စကားစုကို ရွေးချယ်ပါတဲ့။
1. ………… hard he studied, he did not get high marks in the final exam.
(A) As long as (B) Since (C) Although (D) No matter how
ဒီမေးခွန်းမှာပေးထားတဲ့ စာလုံးတွေကို ကြည့်ရင် as long as / since / although / no matter how ဆိုတာတွေ တွေ့ရမယ်။ အဲဒီအထဲက မှန်ကန်တဲ့ တစ်ခု ရွေးပေးရမှာပေါ့။ မေးခွန်းကို စကားအဆက်အစပ်နဲ့ ဖတ်ကြည့်ရင် သူဘယ်လောက်ကြိုးစား ကြိုးစား နောက်ဆုံးစာမေးပွဲမှာ အမှတ်ကောင်းကောင်း မရခဲ့ဘူး ဆိုတာ နားလည်လိမ့်မယ်။ as long as ဆိုတာ "သမျှ၊ သရွေ့၊ ကာလပတ်လုံး" လို့ အဓိပ္ပာယ်ရတယ်။ ဒါဆိုမဖြစ်နိုင်ဘူး ဒါကိုပယ်။ since / because / as တို့က "သောကြောင့်" လို့ ဆိုလိုတယ်။ အကြောင်းပြချက်ကို ပေးတယ်။ ဒါလည်း စကားအဆက်အစပ်အရ မဖြစ်နိုင်ပြန်ဘူး။ ဒါဆို ဖြစ်နိုင်တာ နှစ်ခုပဲ ရှိတယ်။ although နဲ့ no matter how ။ although ကို ပြန်စဉ်းစားမယ်။ ဝါကျတည်ဆောက်ပုံအရ although နောက်မှာ clause (S + V …) လိုက်ရတယ်။ မေးခွန်းကို ပြန်ကြည့်။ ဒီလိုမဟုတ်ပြန်ဘူး။ adjective ပါနေတယ်။ ဒါလည်း ပယ်လိုက်တော့ no matter how ပဲ ကျန်တာပေါ့။ ဒီတော့ အဖြေသိပြီ။
No matter ပုံစံလေး ပိုနားလည်အောင် အသေးစိတ်ကြည့်လိုက်ပါဦးမယ်။
Use of No Matter
No matter နဲ့ရေးချင်ရင် ဒီပုံစံ သုံးပြီး ရေးနိုင်တယ်။
No matter + Wh Question + Adjective / Adverb + Clause, Main Clause
ခုမေးထားတဲ့ မေးခွန်းမှာ how ပါပေမဲ့ no matter what / where …စသည်ဖြင့်လည်း ရေးနိုင်ပါတယ်။
ဒီဥပမာတွေကို ဖတ်ပါ။
1.    No matter how rich he is, he never lends us any money.
သူက ဘယ်လောက် ချမ်းသာ ချမ်းသာ ငါတို့ကို ပိုက်ဆံ ဘယ်တော့မှ မချေးဘူး။
2.    No matter how carefully you drive, you shouldn’t drink alcohol.
ဘယ်လောက်ပဲ ဂရုတစိုက်မောင်းပါစေ အရက်ကို မသောက်သင့်ဘူး။
3.    No matter how beautiful she is, I won’t marry her.
သူဘယ်လောက်ပဲ လှလှ ငါသူ့ကို လက်ထပ်မှာ မဟုတ်ဘူး။
4.    No matter where you are, I will find you.
မင်းဘယ်မှာပဲ ရှိနေ ရှိနေ၊ ငါမင်းကို ရှာမယ်။
5.    No matter what you believe, you should respect others'.
မင်းဘာကိုပဲ ယုံကြည်သည်ဖြစ်စေ တခြားသူတွေရဲ့(ယုံကြည်ချက်)ကိုလည်း လေးစားသင့်တယ်။
6.    No matter who you are, you need to meet the necessary requirements for this position.
မင်းဘယ်သူပဲ ဖြစ်ဖြစ် ဒီရာထူးအတွက် လိုအပ်တဲ့သတ်မှတ်ချက်တွေကို ဖြည့်ဆည်းဖို့လိုတယ်။
2. There a big danger for the old to …… by the young.
(A) placed (B) replace (C) be replaced (D) replacing
နံပါတ် 2 အတွက် အဖြေစဉ်းစားပုံ အရင်ပြောပါမယ်။ ဒါမျိုးဖြေရင် မဖြစ်နိုင်တာ အရင်ပယ်ရပါတယ်။ ကွက်လပ်ရဲ့ ရှေ့နောက်ကြည့်ပါ။ ရှေ့မှာ to ဖြစ်နေတဲ့အတွက် (A) replaced နဲ့ (D) replacing ပယ်ရမှာကို အလွယ်သိလိမ့်မယ်။ ဒါဆို စဉ်းစားစရာ နှစ်ခုပဲ ရှိတယ်။ (B) replace နဲ့ (C) be replaced ပါ။ replace သုံးရင် active voice သဘောဆောင်ပါတယ်။ be replaced ကတော့ passive voice သဘောပါ။ စာကြောင်းကို ပြန်ဖတ်ကြည့်ပါ။ လူကြီးတွေမှာ လူငယ်တွေနဲ့ အစားထိုးခံရမယ့် အန္တရာယ်ကြီး ရှိနေတယ်ဆိုတော့ လူကြီးတွေက အစားထိုးခံရမှာပါ။ Subject က တစ်ခုခုပြုလုပ်ခံရတဲ့သဘောဆိုရင် passive voice သုံသင့်တာမို့ ဒီအဖြေက (C) be replaced ပါ။
3. You have been learning English for so many years. Why …… mistakes?
(A) make (B) did you make (C) do you make (D) are you still making
မင်းအင်္ဂလိပ်စာ လေ့လာတာ နှစ်တွေကြာပြီ။ ဘာလို့ အမှားတွေ လုပ်နေသေးတာလဲ ဆိုတဲ့ အဓိပ္ပာယ်နဲ့ မေးထားပါတယ်။ ဖြည့်ရမယ့် နေရာက မေးခွန်းပုံစံပါ။ (Wh)+ auxiliary verb + Subject + main verb ဖြစ်ရမယ်နော်။ ဒါကြောင့် (A) ကိုပယ်ပါ။ နောက်တစ်ချက်က tense ကို ကြည့်ပါ။ present tense သုံးပြီး ဝါကျရေးထားတယ်မဟုတ်လား။ ဒါကြောင့် ပေးထားတဲ့ past ပုံစံ (B) did you make ကိုလည်းပယ်ပါ။ ဒါဆို ဖြစ်နိုင်တာ (C) နဲ့ (D) နှစ်ခုပဲ ရှိတော့တယ်။ (C) do you make က present simple ပုံစံပါ။ Present Simpleကို -
(၁) ယေဘုယျမှန်ကန်တာ
(၂) အလေ့အထကို ဖော်ပြတာမှာ သုံးတယ်။
ဒီမှာက စကားအဆက်အစပ်အရကြည့်ရင် အဲဒီအဓိပ္ပာယ်တွေနဲ့ သုံးချင်တာမဟုတ်ဘဲ လုပ်နေဆဲဖြစ်နေဆဲ ဆိုတဲ့ သဘောကို ပြောချင်တာပါ။ဒါကြောင့် အဲဒီသဘောသက်ရောက်တဲ့ present continuous tense သုံးပါ။ (D) are you still making က အဖြေပေါ့။
4. We have been good friends for so many years now. There should be no secret …… all of us.
(A) by (B) between (C) with (D) among
မေးခွန်းမှာ ငါတို့ ခုဆို မိတ်ဆွေတွေဖြစ်တာ နှစ်ပေါင်းများစွာကြာပြီ။ ငါတို့အားလုံးကြားမှာ လျှို့ဝှက်ချက်တွေ မရှိသင့်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ပေးထားပါတယ်။
ဒီမှာတော့ preposition အသုံးတွေ နားလည်ရင် အဆင်ပြေပါတယ်။ by ဆိုတာက အနီးမှာ၊ ဘေးမှာ စတဲ့ အဓိပ္ပာယ်တွေရှိပါတယ်။ between ဆိုတာက (နှစ်ခု)အကြား ကို ဆိုလိုပါတယ်။ with က နှင့်အတူ။ among က (အများ)အကြား ဆိုပြီး အသီးသီး အဓိပ္ပာယ်တွေ ရှိကြတယ်။ မေးခွန်းကို ပြန်ဖတ်ကြည့်မယ်ဆိုရင် တို့အားလုံးအကြားမှာ လျှို့ဝှက်ချက် မရှိသင့်ဘူးဆိုတော့ အများသဘောသက်ရောက်လို့ (D) among ဖြစ်သင့်ပါတယ်။ all of သာမပါဘဲ ……us လို့ပဲ ပေးထားရင်တော့ between လည်း ဖြစ်နိုင်ပါတယ်။
5. She was feeling so hot that she …… her jacket.
(A) took off (B) took in (C) put on (D) put off
        ဒီမှာတော့ phrasal verb အသုံးကို ဘယ်လောက်သိသလဲ စစ်တာပါ။ တစ်ခုချင်းစီရဲ့ အဓိပ္ပာယ် အများကြီးရှိတယ်နော်။ ဆိုင်တာပဲ ပြောရရင် -
1.    Take off = (အဝတ်အစား) ချွတ်သည်
The little boy’s mother took off his shorts.
ကောင်လေးရဲ့ အမေက ကောင်လေးရဲ့ဘောင်းဘီတိုကို ချွတ်ပေးတယ်။
2.    Take in = (အစ) သိမ်းသည်
This dress needs to be taken in at the waist.
ဒီဝတ်စုံက ခါးမှာအစသိမ်းဖို့ လိုတယ်။
3.    Put on = ဝတ်သည်
Which dress shall I put on for the party?
ပါတီပွဲအတွက် ကျွန်မဘယ်ဝတ်စုံ ဝတ်ရမလဲ။
4.    Put off = ရွှေ့ဆိုင်းသည်
This afternoon’s meeting will have to be put off.
ဒီမွန်းလွဲပိုင်းအစည်းအဝေးကို ရွှေ့ဆိုင်းရလိမ့်မယ်။
မေးခွန်းမှာက သူက ပူလွန်းလို့ သူ့ရဲ့ ဂျာကင်အင်္ကျီကို ….. ဆိုတော့ ချွတ်လိုက်တာပဲ ဖြစ်ရမှာပေါ့။ (A) too off ကို ရွေးပါ။
6. …… Daw Mya Khin was working as a journalist, she began writing her first book.
(A) During (B) while (C) just as (D) Once
          ဒီမေးခွန်းမှာတော့ စကားဆက်တွေကို သုံးတတ်မှု စစ်တာပါ။ တစ်လုံးချင်း ကြည့်တာပေါ့။
(A) During ..ဒီစာလုံးကို ပယ်ရမယ်။ ဘာလို့လဲဆိုတော့ during ဆိုတာ ကာလတစ်လျှောက်လုံး / (အချိန်) အတောအတွင်း လို့ ဆိုလိုပါတယ်။ သူ့ရဲ့နောက်မှာ noun/noun phrase လိုက်ရပါတယ်။ ခုက မေးခွန်းမှာ clause ဖြစ်နေလို့ ဒီ အဖြေမဖြစ်နိုင်ပါဘူး။ while က စဉ်တွင်၊ စဉ်အတွင်း လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကတော့ ဖြစ်နိုင်တယ်။ ခဏထားပြီး တခြားစကားလုံးတွေကို ကြည့်ဦးမယ်။
just as ဆိုတာကတော့ အခိုက် လို့ အဓိပ္ပာယ်ရတယ်။
·         The clock struck six just as I arrived.
ငါရောက်တဲ့ အခိုက်မှာ နာရီက ခြောက်နာရီထိုးတယ်။
once ဆိုတာကတော့ သောအခါ။ …လျှင်…ချင်း ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။
·         Once you learn the basic rules, it’s easy to play.
မင်း အခြေခံစည်းမျည်းလေ့လာပြီးတဲ့အခါ ကစားဖို့လွယ်ပါတယ်။
·         How would you cope once the money had gone?
ပိုက်ဆံတွေ ကုန်လျှင်ကုန်ချင်း  ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။
ဒီအသုံးအနှုန်းတွေကို သိပြီးတဲ့အခါ စဉ်းစားရတာ အတော်လွယ်ပါပြီ။ အဖြေက (B) while ပါ။
7. I know she has good intention. …… she should think of others' feeling.
(A) Then (B) However (C) As a result (D) At the end
သူ့မှာ စေတနာကောင်း ရှိတာ ငါသိပါတယ်။ …… တခြားသူတွေရဲ့ ခံစားချက်တွေကို စဉ်းစားသင့်တယ်။
မေးခွန်းမှာ ဒီလိုပေးထားတယ်။ ဒီဝါကျနှစ်ကြောင်းကို ယှဉ်ကြည့်ပါ။ ဆန့်ကျင်ဘက် သဘောကို ပြောထားတာ တွေ့ရမယ်။ သဘောရိုးနဲ့ လုပ်ပေမဲ့ သူများတွေ စိတ်ထဲ အဆင်မပြေဖြစ်ရပုံကို ပြောချင်တာ။ ဒီလိုဆန့်ကျင်ဘက် နှစ်ခုကို ဆက်ပေးချင်ရင် but တို့ however တို့ သုံးနိုင်တယ်။ ဒီမှာက however ပေးထားတော့ အဆင်ပြေတာပေါ့။ အဖြေက (B) ပါ။ Then က ထို့နောက်၊ ပြီးနောက် လို့ ဆိုလိုတယ်။ as a result ရလာဒ်အနေနဲ့၊ အကျိုးဆက်အနေနဲ့။ at the end အဆုံးမှာ ဆိုပြီး အဓိပ္ပာယ်တွေရှိကြတယ်။ ဒါတွေကိုတော့ ပယ်ရမယ်။
8. I informed her about the meeting. …… she didn't know.
(A) In addition (B) In fact (C) In case (D) Instead
ငါသူ့ကို အစည်းအဝေးအကြောင်း သတင်းပေးခဲ့တယ်။ …… သူမသိခဲ့တာ။
In addition က အပြင် လို့ ဆိုလိုတယ်။
·         In addition (to these arrangements), thirty ambulances will be on duty till midnight.
ဒီအစီအစဉ်တွေအပြင် လူနာတင်ကားအစီးသုံးဆယ်က သန်းခေါင်အထိ တာဝန်ယူနေလိမ့်မယ်။
In fact က အမှန်အားဖြင့်။ တကယ်တော့ လို့ ဆိုလိုတယ်။
·         I thought the work would be difficult. In fact, it’s quite easy.
ဒီအလုပ်က ခက်မယ်လို့ ကျွန်တော်တွေးခဲ့တယ်။ တကယ်တော့ ဒါကအတော်လွယ်ပါတယ်။
Instead က အစား လို့ ဆိုလိုတယ်။
·         This time there was no standing ovation. Instead, she received only a brief round of applause.
ဒီအကြိမ်မှာတော့ ရပ်ပြီး အားရပါးရ သြဘာပေးတာ မရှိဘူး။ အဲဒီအစား သူက လက်ခုပ်သြဘာသံ ခပ်တိုတိုပဲ ရခဲ့တယ်။
ဒီအသုံးအနှုန်းတွေ ကြည့်ပြီးတဲ့အခါမှာ အဖြေက (B) In fact မှန်းသိလောက်ပါပြီ။
9. My brother is …… me, but I am stronger.
(A) taller then (B) as strong (C) taller than (D) the taller
ငါ့အစ်ကိုက ငါ့ထက်အရပ်ရှည်တယ်။ ဒါပေမဲ့ ငါက ပိုသန်မာတယ်လို့ ပြောထားတာပါ။ ဒီဝါကျမှာ နှိုင်းယှဉ်ထားတာ နှစ်ခုရှိတယ်။ my brother နဲ့ I (me) ပါ။ Adjectives တွေကို နှိုင်းယှဉ်ပုံအကြောင်း ပြောရရင် တူညီတာတွေ နှိုင်းယှဉ်ချင်ရင် as adj/adv as သုံးနိုင်တယ်။ စကားအဆက်အစပ်အရရော၊ ပုံစံရော မမှန်တဲ့အတွက် (B) ကို စိတ်ချလက်ချပယ်ပါ။ တစ်ခုက တစ်ခုထက် ပိုသာကြောင်းပြောချင်ရင် Comparative degree + than သုံးပါ။ အလွယ်ပြောရရင် D2+ than ပါ။ than နော်။ then မဟုတ်ဘူး။ ဒါကြောင့် (A) နဲ့ (D) ကိုလည်း ပယ်လိုက်ရင် အဖြေမှန်က (C) ရပြီပေါ့။
10. We are looking forward to …… the good news.
(A) hear (B) hearing (C) listen (D) heard
သတင်းကောင်းကြားရဖို့ မျှော်လင့်စောင့်စားနေတယ်လို့ အဓိပ္ပာယ်ရတယ်။ တချို့က to တွေ့တာနဲ့ နောက်မှာ v1 ထည့်ရမယ်လို့ တွေးမိတတ်ပါတယ်။ ဒီမေးခွန်းက ဒီတစ်ချက်ကို ဖမ်းထားတာပါ။ တကယ်တော့ ဒီနေရာမှာ to က preposition အနေနဲ့ သုံးထားတာပါ။ ဒါကြောင့် prep + N / V-ing သုံးသင့်တယ်လေ။ တစ်ခုတည်းသော အဖြေ (B) hearing ကို ရွေးပါ။
          အားလုံး အဆင်ပြေ အောင်မြင်ကြပါစေ။ လိုအပ်တာတွေလည်း အကြံပြုပါခင်ဗျာ။
                                                                                      ဆရာစည်သူထက်
                                                                                      Essential English

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ