နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label သိင်္ဂါရ ရသစာများ. Show all posts
Showing posts with label သိင်္ဂါရ ရသစာများ. Show all posts

Tuesday, April 1, 2014

နောင်တ အေပရယ်


                                
                  

                                                      (၁)
“ကလင်"ဆိုတဲ့ SMS သံလေးနဲ့အတူ ဖုန်းထဲကို message တစ်စောင်ဝင်လာတယ်။ ဝေဝေ့ နှုတ်ခမ်းလေးကပြုံးမိသွားရတယ်။သိနေပြီသားပဲလေ။ ဒီအချိန်ပို့တဲ့ message ဟာ မောင့်ဆီကမဟုတ်လို့ ဘယ်သူ့ဆီက ဖြစ်ရမှာလဲ။ သိပ်ချစ်ဖို့ကောင်းတဲ့မောင်က မနက်တိုင်းလိုလို message ပို့ပြီး “ပျော်ရွှင်စရာနေ့သစ်လေးဖြစ်ပါစေ၊ အရမ်းလွမ်းတာပဲ" စတဲ့ message လေးတွေ သတိတရပို့နေကျပဲလေ။

မောင့်ရဲ့ message လေးဖွင့်ကြည့်တဲ့အခါမှာတော့ ဝေဝေ့ မျက်လုံးတွေပြာဝေသွားရတယ်။ “မင်းကို စိတ်ကုန်နေပြီ။ တို့လမ်းခွဲရအောင်" တဲ့။ ဟာ…အဓိပ္ပာယ်မရှိလိုက်တာ။ မောင်ဘာလို့ ဒီလိုပြောရတာလဲ။ မဖြစ်နိုင်ဘူး။ မောင့်ကိုမေးရမယ်။

တုန်ယင်နေတဲ့ စိတ်ကိုထိန်းပြီး မောင့်ဆီကို ဖုန်းခေါ်လိုက်တယ်။

“လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"

မဟုတ်ပါဘူး တစ်ခုခု လွဲမှားနေတာပဲဖြစ်မှာပါ။ အကြိမ်ကြိမ် ဖုန်းခေါ်လည်း ဒီစကားသံပဲကြားနေရတော့ စိတ်ထဲမှာ ခြောက်ခြားချင်လာတယ်။ မောင်ဘာလို့ စိတ်ပြောင်းရတာလဲ။ ခေါင်းကို သွက်သွက်ခါရမ်းရင်းတတွတ်တွတ်ရေရွတ်နေမိတယ်။ မောင်က ဒီလိုလူမဟုတ်ဘူး။ မိဘတွေသဘောတူပြီးနောက်မှာ အခု အဝေးကိုထွက်ပြီးအလုပ်ကြိုးစားနေတာလည်း နှစ်ကိုယ်တူ သာယာတဲ့အိမ်ထောင်ရေးလေး တည်ဆောက်ဖို့ပါလို့ မောင်ပဲပြောခဲ့တာလေ။ ဟိုတစ်နေ့ကတောင် ဖုန်းပြောဖြစ်ခဲ့တာပဲ။ ဖုန်းပြောတုန်းက…........

ရုတ်တရက်သတိရလိုက်တဲ့အခါ ရင်ထဲကို မိုးကြိုးပစ်ခွင်းလိုက်သလို တုန်လှုပ်သွားတယ်။ အဲဒီနေ့ဖုန်းပြောတုန်းက မောင်ဟာ သူ့ရဲ့အလုပ်ရှင်မမက သူ့ကိုအရေးပေးတဲ့အကြောင်း၊ သူ့ကိုခေါ်ပြီးညစာထွက်စားတယ်ဆိုတဲ့အကြောင်းကို အရိုးခံနဲ့ပြောပြတော့ မောင့်ကို စိတ်ဆိုးစွာနဲ့ ရန်တွေ့ခဲ့မိတာပဲ။ မောင်က တစ်ခွန်းမှပြန်မပြောဘဲ တိတ်တဆိတ်ဖုန်းချသွားလေရဲ့။ တကယ်တော့ မောင်ဟာ သူ့ရဲ့ဘဝမှာ ဘယ်သူကပဲဖြစ်ဖြစ်သူ့ကိုရန်တွေ့တာ အမုန်းဆုံးဆိုတာကို မောင့်စိတ်ကိုအသိဆုံးဖြစ်တဲ့ဝေဝေကအဲဒီအချိန်က ဘာလို့များသတိမထားမိတာပါလိမ့်။

မောင့်ရဲ့ message လေးကို ပြန်ဖတ်မိတဲ့အချိန်မှာ Sent April 1
ဆိုတဲ့ SMS ရောက်တဲ့ရက်စွဲလေးကိုပဲ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့အထဲက ဝိုးတဝါးမြင်ရပါတော့တယ်။

                                                  (၂)
အုံ့မှိုင်းနေတဲ့ တိမ်တွေနဲ့ နေ့ဟာ ခါတိုင်းလောက်တော့ မရွှင်ပျဘူး။

လူငယ်လေးတစ်ယောက်ဟာ ခြေလှမ်းသွက်သွက်လေးနဲ့ လှမ်းလာတယ်။ သူ့ရဲ့လက်ထဲမှာ နှင်းဆီပန်းစည်းနဲ့။ သူ့ရဲ့နှုတ်ခမ်းပါးပါးတွေမှာ အပြုံးရိပ်တွေတွဲခိုနေတယ်။ သူက အေပရယ် တစ်ရက်နေ့ April Fool လို့ခေါ်ကြတဲ့ ကိုယ်ချစ်ခင်သူတွေကို စနောက်တဲ့ နေ့မှာ ချစ်သူဆီကို လမ်းခွဲမယ်ဆိုတဲ့ message လေး ချစ်သူလန့်သွားအောင်စနောက်ပြီး ပို့ခဲ့တယ်။ သူ့ရဲ့ဖုန်းကို ပိတ်ထားခဲ့တယ်။ တစ်ပတ်အတွင်းမှာ ခွင့်ယူပြီးပြန်လာမယ်ဆိုတဲ့အကြောင်းကိုတော့ လျှို့ဝှက်ထားလိုက်တယ်။ ပြန်ရောက်လာမှ ချစ်သူကို နောက်တာပါဆိုတဲ့အကြောင်းဖွင့်ပြောပြီးပန်းစည်းလေးနဲ့ချော့မယ်။ ချစ်သူမျက်စောင်းလှလှလေးထိုးရင် အပြုံးနဲ့ ခံယူမယ်။ ဒေါပွပွနဲ့ သူ့ရဲ့ရင်အုပ်ကို ချစ်သူရဲ့လက်သီးဆုပ်လေးနဲ့ တအုန်းအုန်းထုမယ်ဆိုရင် တဟားဟား ရယ်မောပြီး ချစ်လို့ စတာဆိုတဲ့အကြောင်းပြောပြရမယ်။ အဝေးထွက်ပြီးအလုပ်လုပ်တာ ကြာပြီဆိုတော့ ဒီလကုန်ရင် လက်ထပ်ဖို့အတွက် ငွေကြေးအရင်းအနှီးလုံလောက်ပြီလေ။ ချစ်သူအမြန်ဆုံးလက်ထပ်ဖို့ပြောမယ်။ ချစ်သူက မျက်နှာမှာ ပန်းရောင်သွေးဖျန်းပြီး ရှက်ရှက်နဲ့ခေါင်းငုံ့နေလေမလား။ တွေးရင်းကြည်နူးမိတယ်။ သူ့ရဲ့ ခြေလှမ်းတွေပိုပြီး သွက်သွက်လှမ်းလိုက်တယ်။

ချစ်သူရဲ့လမ်းထိပ်ကိုရောက်တဲ့အခါ ချစ်သူနဲ့အမြဲအတူတူတွဲနေတဲ့သူငယ်ချင်းမလေးတွေနဲ့ လမ်းမှာဆုံတယ်။ သူဝမ်းသာအားရလှမ်းသွားလိုက်တယ်။ ဒါပေမဲ့ သူတို့က သူ့ကိုတင်းမာလှတဲ့မျက်လုံးတွေနဲ့တစ်ခါမှ မတွေ့ဘူးတဲ့သူကိုမြင်ရသလို စိမ်းစိမ်းကြီး စိုက်ကြည့်နေလေရဲ့။ ပြီးမှ တစ်ယောက်ကပြောတယ်။

“ဝေဝေဆုံးပြီ။ အဲဒါရှင့်ကြောင့်"

မြတ်စွာဘုရား။ ကမ္ဘာလောကကြီး အိုးထိန်းစက်လိုချာချာလည်သွားတယ်။ သူ့ရဲ့ဒူးတွေညွှတ်ကျသွားတယ်။ သူ့ရဲ့လက်ထဲက နှင်းဆီပန်းစည်းလွတ်ကျသွားတယ်။ လေတစ်ချက်အဝှေ့မှာ နှင်းဆီပန်းစည်းလေးလွင့်သွားပြီး ခပ်လှမ်းလှမ်းက ဖြတ်သွားတဲ့ကားတစ်စီးအောက်ရောက်သွားတယ်။ အနီသွေးတွေ ဖွားကနဲ လွင့်စဉ်လို့။

                                                     (၃)
“အမှန်တော့ ဝေဝေဟာ မင်းကိုသိပ်ချစ်လွန်းလို့ ဒီလိုဖြစ်သွားရတာပါကွာ။ မင်းဆီက ဖြတ်စာရတော့ သူအတော်လေးခံစားသွားရတယ်ကွ။ မင်းဆီကို သူဖုန်းတွေနေ့တိုင်းဆက်တယ်။ တစ်ခါမှ ဖုန်းဆက်လို့မရဘူးတဲ့။ မင်းရဲ့အိမ်ကိုလည်းသွားမေးတယ်။ ငါတို့ဆီကိုလည်း အခေါက်ခေါက်အခါခါ လာမေးတယ်။ ဒါပေမဲ့ မင်းနဲ့ဘယ်သူမှအဆက်အသွယ်မရကြဘူး။ မင်းရဲ့ဖုန်းပိတ်ထားလို့လဲပါတာပေါ့ကွာ။ သူ့မိဘတွေရဲ့အပြောအရ ဝေဝေဟာ အဲဒီနေ့က စပြီး အခန်းအောင်းပြီး ငိုနေတယ်တဲ့။ စိတ်နဲ့လူနဲ့လည်းမကပ်ဘူး။ သူအမြဲထုတ်ထုတ်ကြည့်တဲ့မင်းရဲ့ဓာတ်ပုံကို သူ့အခန်းနံရံမှာ ကပ်မလို့လုပ်တယ်တဲ့ကွာ။ ဒါပေမဲ့ လူက အိပ်ရေးပျက်အစားပျက်လည်းဖြစ် သတိလက်လွတ်လည်း ဖြစ်နေတော့ ခုံပေါ်အတက်မှာ ခြေချော်ကျပြီးအုတ်နံရံနဲ့ခေါင်းကို ဆောင့်မိတယ်။ ဆေးရုံမှာ သူမသေခင် နောက်ဆုံးပြောသွားတဲ့စကားက “မောင့်ကိုဘာပဲဖြစ်ဖြစ်မမုန်းပါဘူး။ ချစ်နေတုန်းပါတဲ့"

ရှင်းပြနေတဲ့ သူငယ်ချင်းရဲ့အသံတိမ်ဝင်သွားတယ်။

“အေးကွာ ငါလည်း April Fool ဆိုပြီး စ လိုက်တာပါကွာ။ သူဒီလောက်ယုံသွားမယ်လို့မထင်မိဘူး။ နောက်ပြီး ငါကတစ်ပတ်အတွင်းပြန်လာမှာလေ။ ဒီတော့မှ ချော့မယ်။ နောက်ပြီး ငါတို့လက်ထပ်ဖို့လည်း ပြောမယ်လို့ စဉ်းထားလိုက်တာ။ ငါ အမှားကြီးမှားသွားပြီကွာ"

ဆို့နစ်အက်ကွဲစွာထွက်လာတဲ့ အသံဟာ သူ့ရဲ့အသံဆိုတာတောင် မသေချာသလိုပင်။

“သူငယ်ချင်း လူတစ်ယောက်ကို လှည့်စားနိုင်တယ်ဆိုတာ ကိုယ်သိပ်တော်လို့လဲမဟုတ်သလို သူသိပ်ညံ့လို့လဲမဟုတ်ဘူး။ သူက မင်းမျှော်လင့်ထားတာထက် မင်းကို ပိုယုံကြည်မိလို့သာ အလိမ်ခံရတာပဲ။ လူတစ်ယောက် အထူးသဖြင့် ကိုယ်ချစ်တဲ့သူကို April Fool မှာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့မှ မလှည့်စားတာ အကောင်းဆုံးပေါ့ကွာ။"

တိုးသက်စွာပြောနေသော သူငယ်ချင်းရဲ့စကားကို သူနားထောင်နေသလားမသေချာ။ သူ့ရဲ့ရီဝေတဲ့မျက်လုံးတွေက ခပ်လှမ်းလှမ်းက လေအဝှေ့မှာ လွင့်ပါနေသော ရော်ရွက်ဝါလေးတွေကို ငေးကြည့်နေတယ်။ ဟော ရော်ရွက်ဝါလေးတစ်ခု ကြွေလွင့်ပြန်ပြီ။ ဖြုတ်ခနဲ……။
 
 စည်သူထက် (မအူပင်တက္ကသိုလ်)
 April 1, 2014

Sunday, August 11, 2013




                                  "သူလိုချစ်သူ"

ဟိုးအစတုန်းက ကောင်မလေးရဲ့မိသားစုက ကောင်မလေးနဲ့ဒီကောင်လေးတွဲနေတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြတယ်။ မိသားစုနောက်ခံအခြေအနေနဲ့ဆိုင်ကြောင်းပြောတဲ့အပြင် သူသာဒီကောင်လေးနဲ့အတူနေမယ်ဆိုရင် တစ်သက်လုံး ဒုက္ခရောက်နေမှာလို့လည်း ပြောကြပြန်တယ်။

မိသားစုရဲ့ဖိအားပေးမှုကြောင့် ချစ်သူနှစ်ဦးဟာ မကြာခဏဆိုသလို စကားများရန်ဖြစ်ရတယ်။ ကောင်မလေးက ကောင်လေးကို လေးလေးနက်နက်ချစ်ပေမဲ့ “နင့်ရဲ့အချစ်က ငါ့အပေါ်ဘယ်လောက်လေးနက်သလဲ” လို့ကောင်လေးကို အမြဲတမ်း သူမေးတယ်။ ကောင်လေးကစကားမကြွယ်တဲ့သူဖြစ်နေတာကြောင့် ကောင်မလေးမကြာခဏဆိုသလို သိပ်ပြီး စိတ်ပျက်သွားပါတယ်။ ဒီလိုအခြေအနေတွေလည်းရှိ၊ မိသားစုရဲ့ဖိအားကလည်းရှိနေတော့ ကောင်မလေးရဲ့ဒေါသတွေဟာ ကောင်လေးအပေါ်ပဲ ကျရောက်နေတတ်ပါတယ်။ ကောင်လေးကတော့ ကောင်မလေးရဲ့ဒေါသတွေကို တိတ်တဆိတ်ပဲ ခံယူပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါ ကောင်လေးဟာ နောက်ဆုံးတော့ ဘွဲ့ရရှိပြီး နိုင်ငံခြားမှာ နောက်ထပ်ပညာတော်သင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမသွားခင်မှာ ကောင်မလေးကိုလက်ထပ်ခွင့် တောင်းပါတယ်။

“ငါစကားလုံးလှလှလေးတွေ မပြောတတ်ဘူးဟာ။ ဒါပေမဲ့ ငါသိတာကတော့ ငါနင့်ကိုချစ်တယ်။ နင်ခွင့်ပြုမယ်ဆိုရင် ငါနင့်ကိုတစ်သက်လုံးဂရုစိုက်သွားမှာပါ။ နင့်ရဲ့မိသားစုနဲ့ ပတ်သက်လို့ကတော့ သူတို့ကို နားလည်အောင်ပြောဖို့အတတ်နိုင်ဆုံး ငါကြိုးစားပါမယ်။ ငါ့ကိုလက်ထပ်မယ်မဟုတ်လားဟင်။”
ကောင်မလေးကသဘောတူခဲ့တယ်။ ကောင်လေးရဲ့ ဇွဲသတ္တိကြောင့်နောက်ဆုံးတော့ မိသားစုကလည်းအလျှော့ပေးပြီး သူတို့ကိုလက်ထပ်ပေးဖို့ သဘောတူခဲ့တယ်။ ဒါကြောင့် သူမသွားခင်မှာ သူတို့စေ့စပ်ခဲ့တယ်။ ကောင်မလေးက အလုပ်အကိုင်အသိုင်းအဝန်းထဲကို ဝင်ရောက်ခဲ့တယ်။ ကောင်လေးကတော့ နိုင်ငံရပ်ခြားမှာ ပညာတွေ ဆက်လက်သင်ယူနေတယ်။ သူတို့ဟာ သူတို့အချစ်တွေကို အီးမေးလ်တွေ၊ ဖုန်းတွေကတစ်ဆင့် ပို့နေကြတယ်။ ဒီလိုလုပ်နေရတာ ခက်ခဲပေမဲ့လည်း သူတို့လက်လျှော့ဖို့ ဘယ်တော့မှ မတွေးခဲ့ပါဘူး။

တစ်နေ့မှာကောင်မလေးဟာ အလုပ်ကို သွားတဲ့လမ်းမှာ အထိန်းအချုပ်ကင်းမဲ့နေတဲ့ ကားတစ်စီးက ဝင်တိုက်တာကို ခံလိုက်ရတယ်။သူနိုးလာတဲ့အခါ သူ့ရဲ့အိပ်ရာဘေးမှာ မိဘတွေကိုမြင်ရတယ်။ သူပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်ဆိုတာ ကောင်မလေးသဘောပေါက်ခဲ့တယ်။ဒါပေမဲ့ သူထပ်ပြီးသဘောပေါက်လိုက်တာက သူ့ပါးစပ်က လေသံသဲ့သဲ့ပဲ ထွက်နိုင်တော့တယ်ဆိုတာပါပဲ။ သူ့ရဲ့အသံတွေ ဆုံးရှုံးသွားခဲ့ရပြီလေ။

ကောင်မလေးရဲ့ဦးနှောက်ကို ထိခိုက်မှုက သူ့ကိုအသံတွေဆုံးရှုံးသွားစေတာလို့ ဆရာဝန်တွေက ပြောကြတယ်။ မိဘတွေရဲ့နှစ်သိမ့်စကားကို နားထောင်နေပေမဲ့ သူ့ဆီက ဘာအသံမှ ထွက်မလာနိုင်တဲ့အခါ သူ့စိတ်ဓာတ်တွေပျက်ပြားခဲ့ရပါတယ်။ ဆေးရုံမှာရှိနေစဉ်မှာ သူဟာတိတ်တဆိတ်ငိုကြွေးနေရတာကိုပဲ အဖော်ပြုနေရပါတယ်။

အိမ်ပြန်ရောက်တော့လည်းတယ်လီဖုန်းမြည်သံကလွဲလို့ အရာအားလုံးက အတူတူလိုပါပဲ။ ဒီတယ်လီဖုန်းမြည်တိုင်း သူ့ရဲ့အသည်းနှလုံးကို ထိုးနှက်နေပါတယ်။

သူကကောင်လေးကို မသိစေချင်ပါဘူး။ ကောင်လေးကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့အတွက် သူကကောင်လေးကို ထပ်မစောင့်ချင်တော့ကြောင်းစာရေးပြောလိုက်ပါတယ်။

ဒီစာနဲ့အတူ ကောင်လေးဆီကို လက်စွပ်လေးပြန်ပို့လိုက်ပါတယ်။ အပြန်အလှန်အားဖြင့် ကောင်လေးက သူ့ဆီ ပြန်စာတွေ အများကြီး၊ အများကြီးပြန်ပို့တဲ့အပြင် မရေမတွက်နိုင်အောင်လည်းဖုန်းခေါ်ပါတယ်။ ငိုကြွေးတာအပြင် ကောင်မလေးလုပ်နိုင်တာကလည်း ငိုကြွေးတာပဲ ရှိနေပါတယ်။ မိဘတွေက ကောင်မလေးအရာအားလုံးကိုမြေ့ပီး ပျော်ပျော်ရွှင်ရွှင်ရှိနေစေဖို့ မျှော်လင့်ချက်နဲ့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ပါတယ်။

ပတ်ဝန်းကျင်အသစ်မှာ ကောင်မလေးက သင်္ကေတပြဘာသာစကားကို လေ့လာပြီး ဘဝအသစ်ပြန်စပါတယ်။နေ့တိုင်းလည်း သူ့ကိုယ်သူကောင်လေးကို မေ့ပစ်ရမယ်ဆိုတာ ပြောနေပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သူငယ်ချင်းရောက်လာပြီး ကောင်လေးပြန်ရောက်နေပြီဖြစ်ကြောင်းပြောပြပါတယ်။ ကောင်မလေးက သူငယ်ချင်းကို သူဘာဖြစ်ခဲ့တယ်ဆိုတာ ကောင်လေးမသိပါစေနဲ့လို့ မှာရှာတယ်။ အဲဒီအချိန်ကစပြီး ကောင်လေးသတင်း ဘာမှထပ်မကြားရတော့ဘူး။

တစ်နှစ်ကုန်ဆုံးသွားတဲ့အခါ သူ့ရဲ့သူငယ်ချင်းက ကောင်လေးရဲ့မင်္ဂလာဖိတ်စာပါတဲ့ စာအိတ်တစ်အိပ်နဲ့ရောက်လာတယ်။ ကောင်မလေးကြေကွဲခံစားသွားရပါတယ်။ စာကိုဖွင့်လိုက်တဲ့အခါ (သတို့သမီးနေရာမှာ) သူ့ရဲ့နာမည်ကိုတွေ့လိုက်ရပါတယ်။ ဘာတွေဖြစ်တာလဲလို့ သူ့ရဲ့သူငယ်ချင်းကို မေးတော့မယ့် အချိန်မှာ သူ့ရဲ့ရှေ့မှာ ကောင်လေးရပ်နေတာကို တွေ့ရပါတယ်။

သူကသင်္ကေတပြဘာသာစကားကိုသုံးပြီး ကောင်မလေးကိုပြောတယ်။ “ကိုယ်တစ်နှစ်လုံးလုံး သင်္ကေတပြဘာသာစကားကို လေ့လာခဲ့တယ်။ ကိုယ်တို့ရဲ့ကတိကို ကိုယ်မမေ့ဘူးဆိုတာ မင်းသိဖို့ပါ။ ကိုယ့်ကိုမင်းရဲ့အသံလေးဖြစ်ဖို့ အခွင့်အရေးပေးပါ။ ကိုယ်မင်းကို ချစ်တယ်”
နောက်ဆုံးတော့ ကောင်မလေးပြုံးလာပါတယ်။

"သံယောဇဉ်တိုင်းကို နောက်ဆုံးတစ်ခုအဖြစ်မှတ်ယူသဘောထားပါ။ သံယောဇဉ်ဘယ်လိုပေးရမယ်ဆိုတာ သင်သိလာပါလိမ့်မယ်။

တဒင်္ဂအချိန်တိုင်းကို နောက်ဆုံးနေ့အဖြစ်မှတ်ယူသဘောထားပါ။ တဒင်္ဂအချိန်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ သင်သိလာပါလိမ့်မယ်။”

"သင့်မှာ အခုရှိနေတာတွေကို အမြတ်တနိုးတန်ဖိုးထားပါ။ အဲဒီလိုမှ မဟုတ်ရင်တစ်နေ့မှာ သင်နောင်တရပါလိမ့်မယ်။”

စည်သူထက်(မအူပင်တက္ကသိုလ်)

Ref: http://www.india-forums.com/
The Best English Magazine, No.(170), August 2013

Sunday, December 16, 2012

                               
                                 "ရင်ခုန်သံအနီးဆုံး"

ကောင်မလေး---"နင့်လောက်အရပ်မရှည်တဲ့ငါ့အဖြစ်ကိုငါမုန်းလိုက်တာဟာ"

ကောင်လေး---"အင်း...နင်ငါ့ကိုယုံရင်တော့ဒီလိုအရပ်မရှည်တာကိုကနင့်အတွက်အကျိုးရှိတာပါ"

ကောင်မလေး---"ဘယ်လို.......ဘယ်လို"

ကောင်လေး---"နင့်တစ်ယောက်တည်းအတွက်ပဲခုန်တဲ့ငါ့ရဲ့ရင်ခုန်သံကိုနင်နားထောင်လို့ရတာပေါ့"

စည်သူထက်ဘာသာပြန်ဆိုသည်

          "စွန့်လွှတ်အနစ်နာခံတဲ့အချစ်" 

လိပ်ပြာလေးတစ်ကောင်က နှင်းဆီဖြူလေးကို ချစ်နေမိပါသတဲ့။

တစ်နေ့မှာ လိပ်ပြာလေးက နှင်းဆီဖြူလေးကို ချစ်ရေးဆိုပါတယ်။

နှင်းဆီဖြူလေးက သူအနီရောင်ပြောင်းတဲ့အခါမှ လိပ်ပြာလေးကိုပြန်ချစ်နိုင်မယ်လို့ ပြောလိုက်တယ်။

လိပ်ပြာလေးကပျံသန်းသွားပြီး သူ့ရဲ့ကိုယ်ကိုနှစ်ပိုင်းဖြတ်ကာ နှင်းဆီဖြူလေးအပေါ် သူ့ရဲ့သွေးတွေ ဖျန်းပေးလိုက်ပါတယ်။

နှင်းဆီဖြူလေးလည်း အနီရောင်ပြောင်းသွားပြီး လိပ်ပြာလေးကို ပြန်ချစ်မိသွားပါတယ်။ဒါပေမဲ့.........လိပ်ပြာလေးကတော့ အသက်မရှိရှာတော့ပါဘူး။

ကိုယ်ချစ်ရတဲ့သူက အသိအမှတ်မပြုတဲ့အခါ ချစ်လွန်းလို့ စွန့်လွှတ်အနစ်နာခံတာမျိုးက တစ်ခါတစ်ရံမှာတော့ အသုံးမ၀င်ပါဘူး။

ဒီလိုစွန့်လွှတ်အနစ်နာခံဝံ့တဲ့ အချစ်မျိုးက ဘယ်လောက်မြတ်နိုးတန်ဖိုးထားထိုက်သလဲဆိုတာ အချိန်အတော်ကြီးနှောင်းကာမှ နားလည်ကြတာမဟုတ်လားဗျာ။

စည်သူထက်ဘာသာပြန်ဆိုသည်
                   
              "ဆုတောင်းလို့ရတဲ့အချစ်"

ကောင်းကင်မှာ ကြယ်ကြွေတာကိုတွေ့တော့ ကောင်လေးက ဆုတောင်းတယ်။

ကောင်လေး..."ကျေးဇူးပြုပြီးတော့ ကျွန်တော်ချစ်တဲ့ကောင်မလေးကို ဘ၀တစ်လျှောက်လုံးပျော်ရွှင်အောင်လုပ်ပေးပါ"


ကြယ်..."မင်းရဲ့ဆုတောင်းကို ငါဘာကြောင့် ဖြည့်ဆည်းပေးသင့်တယ်ဆိုတာအကြောင်းပြချက်ကောင်းကောင်းတစ်ခုပေးပါ"

ကောင်လေး..."ကျွန်တော်သူ့ကိုချစ်လို့ပါ"

ကြယ်..."သူကမင်းကိုပြန်ချစ်ပါစေလို့ ဘာကြောင့်ဆုမတောင်းသလဲ"

ကောင်လေး..."ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သူ့ရဲ့အချစ်ကို ဆုတောင်းပြီးရတာမျိုး မဖြစ်ချင်လို့ပါ"

**********
စည်သူထက်ဘာသာပြန်ဆိုသည်
................................................................................................

အချစ်စစ်နဲ့ ချစ်မြတ်နိုးတဲ့သူတစ်ယောက်က သူချစ်ရတဲ့သူရဲ့တုံ့ပြန်အချစ်ကို ဖန်တီးပြီးရချင်မှာမဟုတ်ပါဘူး။သူ့ကို ရင်ထဲကတစ်ကယ်နှစ်နှစ်ကာကာ တုံ့ပြန်ချစ်တဲ့အချစ်ကိုသာ ပိုမြတ်နိုးမိမှာပါ။

ကြယ်ကြွေတုန်း ဆုတောင်းရင်ပြည့်တယ်ဆိုရင် ကျွန်တော်တို့တွေရော ဘာများဆုတောင်းကြမလဲ..???

ချစ်တဲ့အကြောင်းမနှောင်းစေချင်

   
                                         

ခရစ်ယာန်ဘုန်းတော်ကြီးက သင်္ချိုင်းမြေပုံဘေးမှာ ၀တ်ပြုဆုတောင်းတာကို အဆုံးသတ်လုပ်ဆောင်နေပါပြီ၊

အခုဆုံးပါးသွားတဲ့ အသက်ငါးဆယ်အရွယ် အဘွားကြီးရဲ့ခင်ပွန်း အသက်ခုနစ်ဆယ့်ငါးနှစ်အရွယ် အဘိုးကြီးက ရင်ထဲကလှိုက်တက်လာတဲ့အသံန

ဲ့ "အိုး.....ငါသူ့ကိုသိပ်ချစ်တာ" ဆိုပြီး ရုတ်တရက်ပြောပါတော့တယ်။

သူ့ရဲ့ဝမ်းနည်းကြေကွဲစွာ ငိုကြွေးသံကြောင့် တိတ်ဆိတ်ပြီး ဂုဏ်သိက္ခာရှိလှတဲ့ အခမ်းအနားက အနှောက်အယှက်ဖြစ်သွားပါတယ်။သင်္ချိုင်းမြေပုံကို ၀ိုင်းပြီးရပ်နေကြတဲ့ တခြားမိသားစုတွေနဲ့ မိတ်ဆွေတွေလည်း လန့်သွားပြီး စိတ်ကသိကအောက်ဖြစ်ကြရပါတယ်။

အဘိုးကြီးရဲ့ သားတွေ၊သမီးတွေကလည်း အရွယ်ရောက်နေကြသူတွေဆိုတော့ ရှက်ရှက်နဲ့ အဘိုးကြီးကို တိတ်တိတ်နေခိုင်းကြပါတယ်။

"ဟုတ်ပါပြီအဖေရယ်။ သားတို့သမီးတို့တွေ နားလည်ပါတယ်။တိတ်တိတ်လေးသာနေပါနော်" လို့ပြောကြတယ်။

အဘိုးကြီးကတော့ မြေကျင်းထဲ ဖြည်းဖြည်းချင်းချနေတဲ့ အခေါင်းကိုပဲ မမှိတ်မသုန် ကြည့်နေပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးက ၀တ်ပြုဆုတောင်းတာကို ဆက်လုပ်ပါတယ်။ပြီးသွားတဲ့အခါ သေဆုံးခြင်းကို အမှတ်အသားပြုတဲ့အနေနဲ့ မိသားစုဝင်တွေကို မြေကြီးကော်ပြီး အခေါင်းပေါ်ချဖို့ ပြောပါတယ်။

အဘိုးကြီးကလွဲပြီး ကျန်တဲ့မိသားစုဝင်တွေက တစ်ယောက်တစ်လှည့်စီ မြေကြီးတွေကော်ပြီး အခေါင်းပေါ်ချကြပါတယ်။

"အိုး.....ငါသူ့ကိုသိပ်ချစ်တာဆိုပြီး" အဘိုးကြီးက အသံကျယ်လောင်စွာနဲ့ ညည်းတွားနေပါတယ်။

သူ့ရဲ့သမီးနဲ့ သားနှစ်ယောက်က သူ့ကိုထိန်းဖို့ ကြီုးစားပါတယ်။ဒါပေမဲ့ သူကတော့ "ငါသူ့ကိုသိပ်ချစ်တယ်" လို့ ပြောမြဲပြောနေဆဲပါပဲ။

အခုတော့ စုဝေးရောက်လာကြတဲ့သူတွေ သင်္ချိုင်းထဲက ထွက်နေကြပါပြီ။အဘိုးကြီးကတော့ ခေါင်းမာမာနဲ့ ရပ်နေဆဲပါ။

ခရစ်ယာန်ဘုန်းတော်ကြီးက အနားကပ်လာပြီး...

"ခင်ဗျားဘယ်လို ခံစားနေရမလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့ ပြန်ကြရအောင်။ကျွန်တော်တို့တတွေ ပြန်ပြီး ကိုယ့်ဘ၀ကိုယ်ခရီးဆက်ကြရမှာပဲလေ" ဟုပြောပါတယ်။

"အိုး.....ငါသူ့ကိုသိပ်ချစ်တာ"

အဘိုးကြီးက စိတ်မချမ်းမြေ့စွာညည်းတွားပါတယ်။

သူကခရစ်ယာန်ဘုန်းတော်ကြီးကို ပြောပြန်သည်

"ခင်ဗျားနားမလည်ပါဘူးဗျာ။တစ်ခါက သူ့ကိုသိပ်ချစ်တဲ့အကြောင်း ကျွန်တော်ပြောမိမလို ဖြစ်ပြီးမှဗျာ။အခုတော့......."

စည်သူထက်ဘာသာပြန်ဆိုသည်

................................................................................................
ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း အပြောရခက်တာနဲ့၊အချိန်ဆွဲတာတွေနဲ့ မပြောဖြစ်ပဲ အချိန်တွေ နောက်ကျမှသာ မပြောဖြစ်လိုက်ဘူး၊သူသိမသွားရရှာဘူးဆိုပြီးနောင်တရကြတာက လူအများစုရဲ့သဘာဝပါပဲ။

ကျွန်တော်တို့တတွေလည်း ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း အချိန်မနှောင်းခင် သတိတရပြောရရင်မကောင်းဘူးလားခင်ဗျာ။


                                             "တစ်ယောက်ဆို တစ်ယောက်"

ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ကြွေနေတဲ့အတွက် ကောင်မလေးဘယ်သွားသွား အနောက်ကနေ တကောက်ကောက်လိုက်နေပါတယ်။

တစ်နေ့မှာ ကောင်မလေးက ကောင်လေး သူ့နောက်ကိုလိုက်နေတာ သတိထားမိသွားပြီး မေးပါတယ်။
ကောင်မလေး-----နင်ဘာဖြစ်လို့ ငါ့နောက်ကို တကောက်ကောက် လိုက်နေတာလဲ

ကောင်လေး-----နင်ကအရမ်းလှလို့ပါ။ငါတော့ နင့်ကို ချစ်မိနေပြီထင်တယ်

ကောင်မလေး-----တကယ်လား။ဒါပေမဲ့ နင်ငါ့သူငယ်ချင်းကို မတွေ့သေးလို့ ဒီလိုပြောတာပါ။သူက ငါ့ထက်ပိုလှတယ်ဟ။နင့်ရဲ့အနောက်မှာ သူရောက်နေပြီ

ကောင်လေးက လှည့်ကြည့်လိုက်တယ်။

ကောင်လေး-----နင်ငါ့ကိုနောက်နေတာလား။ငါ့နောက်မှာဘယ်သူမှလဲမရှိဘဲနဲ့

ကောင်မလေး-----ဟုတ်တယ်မရှိဘူး။ဒါပေမဲ့ နင်ငါ့ကို တကယ်ချစ်တာမှန်ရင် နောက်လှည့်ကြည့်နေမှာမဟုတ်ဘူးလေ

စည်သူထက်ဘာသာပြန်ဆိုသည်