နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, August 11, 2013




                                  "သူလိုချစ်သူ"

ဟိုးအစတုန်းက ကောင်မလေးရဲ့မိသားစုက ကောင်မလေးနဲ့ဒီကောင်လေးတွဲနေတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြတယ်။ မိသားစုနောက်ခံအခြေအနေနဲ့ဆိုင်ကြောင်းပြောတဲ့အပြင် သူသာဒီကောင်လေးနဲ့အတူနေမယ်ဆိုရင် တစ်သက်လုံး ဒုက္ခရောက်နေမှာလို့လည်း ပြောကြပြန်တယ်။

မိသားစုရဲ့ဖိအားပေးမှုကြောင့် ချစ်သူနှစ်ဦးဟာ မကြာခဏဆိုသလို စကားများရန်ဖြစ်ရတယ်။ ကောင်မလေးက ကောင်လေးကို လေးလေးနက်နက်ချစ်ပေမဲ့ “နင့်ရဲ့အချစ်က ငါ့အပေါ်ဘယ်လောက်လေးနက်သလဲ” လို့ကောင်လေးကို အမြဲတမ်း သူမေးတယ်။ ကောင်လေးကစကားမကြွယ်တဲ့သူဖြစ်နေတာကြောင့် ကောင်မလေးမကြာခဏဆိုသလို သိပ်ပြီး စိတ်ပျက်သွားပါတယ်။ ဒီလိုအခြေအနေတွေလည်းရှိ၊ မိသားစုရဲ့ဖိအားကလည်းရှိနေတော့ ကောင်မလေးရဲ့ဒေါသတွေဟာ ကောင်လေးအပေါ်ပဲ ကျရောက်နေတတ်ပါတယ်။ ကောင်လေးကတော့ ကောင်မလေးရဲ့ဒေါသတွေကို တိတ်တဆိတ်ပဲ ခံယူပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါ ကောင်လေးဟာ နောက်ဆုံးတော့ ဘွဲ့ရရှိပြီး နိုင်ငံခြားမှာ နောက်ထပ်ပညာတော်သင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမသွားခင်မှာ ကောင်မလေးကိုလက်ထပ်ခွင့် တောင်းပါတယ်။

“ငါစကားလုံးလှလှလေးတွေ မပြောတတ်ဘူးဟာ။ ဒါပေမဲ့ ငါသိတာကတော့ ငါနင့်ကိုချစ်တယ်။ နင်ခွင့်ပြုမယ်ဆိုရင် ငါနင့်ကိုတစ်သက်လုံးဂရုစိုက်သွားမှာပါ။ နင့်ရဲ့မိသားစုနဲ့ ပတ်သက်လို့ကတော့ သူတို့ကို နားလည်အောင်ပြောဖို့အတတ်နိုင်ဆုံး ငါကြိုးစားပါမယ်။ ငါ့ကိုလက်ထပ်မယ်မဟုတ်လားဟင်။”
ကောင်မလေးကသဘောတူခဲ့တယ်။ ကောင်လေးရဲ့ ဇွဲသတ္တိကြောင့်နောက်ဆုံးတော့ မိသားစုကလည်းအလျှော့ပေးပြီး သူတို့ကိုလက်ထပ်ပေးဖို့ သဘောတူခဲ့တယ်။ ဒါကြောင့် သူမသွားခင်မှာ သူတို့စေ့စပ်ခဲ့တယ်။ ကောင်မလေးက အလုပ်အကိုင်အသိုင်းအဝန်းထဲကို ဝင်ရောက်ခဲ့တယ်။ ကောင်လေးကတော့ နိုင်ငံရပ်ခြားမှာ ပညာတွေ ဆက်လက်သင်ယူနေတယ်။ သူတို့ဟာ သူတို့အချစ်တွေကို အီးမေးလ်တွေ၊ ဖုန်းတွေကတစ်ဆင့် ပို့နေကြတယ်။ ဒီလိုလုပ်နေရတာ ခက်ခဲပေမဲ့လည်း သူတို့လက်လျှော့ဖို့ ဘယ်တော့မှ မတွေးခဲ့ပါဘူး။

တစ်နေ့မှာကောင်မလေးဟာ အလုပ်ကို သွားတဲ့လမ်းမှာ အထိန်းအချုပ်ကင်းမဲ့နေတဲ့ ကားတစ်စီးက ဝင်တိုက်တာကို ခံလိုက်ရတယ်။သူနိုးလာတဲ့အခါ သူ့ရဲ့အိပ်ရာဘေးမှာ မိဘတွေကိုမြင်ရတယ်။ သူပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်ဆိုတာ ကောင်မလေးသဘောပေါက်ခဲ့တယ်။ဒါပေမဲ့ သူထပ်ပြီးသဘောပေါက်လိုက်တာက သူ့ပါးစပ်က လေသံသဲ့သဲ့ပဲ ထွက်နိုင်တော့တယ်ဆိုတာပါပဲ။ သူ့ရဲ့အသံတွေ ဆုံးရှုံးသွားခဲ့ရပြီလေ။

ကောင်မလေးရဲ့ဦးနှောက်ကို ထိခိုက်မှုက သူ့ကိုအသံတွေဆုံးရှုံးသွားစေတာလို့ ဆရာဝန်တွေက ပြောကြတယ်။ မိဘတွေရဲ့နှစ်သိမ့်စကားကို နားထောင်နေပေမဲ့ သူ့ဆီက ဘာအသံမှ ထွက်မလာနိုင်တဲ့အခါ သူ့စိတ်ဓာတ်တွေပျက်ပြားခဲ့ရပါတယ်။ ဆေးရုံမှာရှိနေစဉ်မှာ သူဟာတိတ်တဆိတ်ငိုကြွေးနေရတာကိုပဲ အဖော်ပြုနေရပါတယ်။

အိမ်ပြန်ရောက်တော့လည်းတယ်လီဖုန်းမြည်သံကလွဲလို့ အရာအားလုံးက အတူတူလိုပါပဲ။ ဒီတယ်လီဖုန်းမြည်တိုင်း သူ့ရဲ့အသည်းနှလုံးကို ထိုးနှက်နေပါတယ်။

သူကကောင်လေးကို မသိစေချင်ပါဘူး။ ကောင်လေးကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့အတွက် သူကကောင်လေးကို ထပ်မစောင့်ချင်တော့ကြောင်းစာရေးပြောလိုက်ပါတယ်။

ဒီစာနဲ့အတူ ကောင်လေးဆီကို လက်စွပ်လေးပြန်ပို့လိုက်ပါတယ်။ အပြန်အလှန်အားဖြင့် ကောင်လေးက သူ့ဆီ ပြန်စာတွေ အများကြီး၊ အများကြီးပြန်ပို့တဲ့အပြင် မရေမတွက်နိုင်အောင်လည်းဖုန်းခေါ်ပါတယ်။ ငိုကြွေးတာအပြင် ကောင်မလေးလုပ်နိုင်တာကလည်း ငိုကြွေးတာပဲ ရှိနေပါတယ်။ မိဘတွေက ကောင်မလေးအရာအားလုံးကိုမြေ့ပီး ပျော်ပျော်ရွှင်ရွှင်ရှိနေစေဖို့ မျှော်လင့်ချက်နဲ့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ပါတယ်။

ပတ်ဝန်းကျင်အသစ်မှာ ကောင်မလေးက သင်္ကေတပြဘာသာစကားကို လေ့လာပြီး ဘဝအသစ်ပြန်စပါတယ်။နေ့တိုင်းလည်း သူ့ကိုယ်သူကောင်လေးကို မေ့ပစ်ရမယ်ဆိုတာ ပြောနေပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သူငယ်ချင်းရောက်လာပြီး ကောင်လေးပြန်ရောက်နေပြီဖြစ်ကြောင်းပြောပြပါတယ်။ ကောင်မလေးက သူငယ်ချင်းကို သူဘာဖြစ်ခဲ့တယ်ဆိုတာ ကောင်လေးမသိပါစေနဲ့လို့ မှာရှာတယ်။ အဲဒီအချိန်ကစပြီး ကောင်လေးသတင်း ဘာမှထပ်မကြားရတော့ဘူး။

တစ်နှစ်ကုန်ဆုံးသွားတဲ့အခါ သူ့ရဲ့သူငယ်ချင်းက ကောင်လေးရဲ့မင်္ဂလာဖိတ်စာပါတဲ့ စာအိတ်တစ်အိပ်နဲ့ရောက်လာတယ်။ ကောင်မလေးကြေကွဲခံစားသွားရပါတယ်။ စာကိုဖွင့်လိုက်တဲ့အခါ (သတို့သမီးနေရာမှာ) သူ့ရဲ့နာမည်ကိုတွေ့လိုက်ရပါတယ်။ ဘာတွေဖြစ်တာလဲလို့ သူ့ရဲ့သူငယ်ချင်းကို မေးတော့မယ့် အချိန်မှာ သူ့ရဲ့ရှေ့မှာ ကောင်လေးရပ်နေတာကို တွေ့ရပါတယ်။

သူကသင်္ကေတပြဘာသာစကားကိုသုံးပြီး ကောင်မလေးကိုပြောတယ်။ “ကိုယ်တစ်နှစ်လုံးလုံး သင်္ကေတပြဘာသာစကားကို လေ့လာခဲ့တယ်။ ကိုယ်တို့ရဲ့ကတိကို ကိုယ်မမေ့ဘူးဆိုတာ မင်းသိဖို့ပါ။ ကိုယ့်ကိုမင်းရဲ့အသံလေးဖြစ်ဖို့ အခွင့်အရေးပေးပါ။ ကိုယ်မင်းကို ချစ်တယ်”
နောက်ဆုံးတော့ ကောင်မလေးပြုံးလာပါတယ်။

"သံယောဇဉ်တိုင်းကို နောက်ဆုံးတစ်ခုအဖြစ်မှတ်ယူသဘောထားပါ။ သံယောဇဉ်ဘယ်လိုပေးရမယ်ဆိုတာ သင်သိလာပါလိမ့်မယ်။

တဒင်္ဂအချိန်တိုင်းကို နောက်ဆုံးနေ့အဖြစ်မှတ်ယူသဘောထားပါ။ တဒင်္ဂအချိန်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ သင်သိလာပါလိမ့်မယ်။”

"သင့်မှာ အခုရှိနေတာတွေကို အမြတ်တနိုးတန်ဖိုးထားပါ။ အဲဒီလိုမှ မဟုတ်ရင်တစ်နေ့မှာ သင်နောင်တရပါလိမ့်မယ်။”

စည်သူထက်(မအူပင်တက္ကသိုလ်)

Ref: http://www.india-forums.com/
The Best English Magazine, No.(170), August 2013

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ