နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label မိဘမေတ္တာ. Show all posts
Showing posts with label မိဘမေတ္တာ. Show all posts

Thursday, November 20, 2014

ချစ်မေတ္တာတည်ရာ

"ကျွန်မရဲ့ ကလေးကို ကြည့်လို့ရမလား" ဟု ပျော်ရွှင်နေသော မိခင်က မေးသည်။ သူ၏ရင်ခွင်ထဲသို့ အနှီးဖြင့်ထွေးထားသော ကလေးလေး ရောက်လာသည်။ သူသည် သားငယ်လေး၏ မျက်နှာကို ကြည့်ရှုရန် အဝတ်ခေါက်လေးကို ဖယ်လိုက်ေ...သာအခါ ပင့်သက်ရှိုက်မိသွားသည်။ အကြောင်းမှာ သူ၏သားကလေးသည် နားရွက်များမပါဘဲ မွေးဖွားလာခြင်းကြောင့်ဖြစ်သည်။ ကလေးငယ်လေး၏ အကြားအာရုံမှာ ပြည့်စုံကောင်းမွန်ပါသည်။ သို့သော် နားရွက်များမပါသောကြောင့် သူ၏ရုပ်ရည်မှာ မလှမပဖြစ်နေသည်။

တစ်နေ့တွင် ထိုကလေးသည် ကျောင်းမှ အိမ်သို့ အပြေးပြန်လာပြီး မိခင်၏ ရင်ခွင်ထဲသို့ တိုးဝင်နေလိုက်သည်။ မိခင်က သက်ပြင်းချမိသည်။ သားလေး ဝမ်းနည်းစရာများ ကြုံလာခဲ့ရသည်ကို သိနေ၍ဖြစ်သည်။

"လူကောင်ကြီးကြီးနဲ့ တစ်ယောက်က သားကို ငကြောင်လို့ခေါ်တယ်" ဟု သားငယ်လေးက သူ၏ မိခင်ကို ဝမ်းနည်းစွာ ပြောပြသည်။

သူ ကြီးပြင်းလာသောအခါ သူ၏အတန်းဖော်ကျောင်းသားများသည် သူ့ကို အလွန်ခင်မင်ကြသည်။ သူသည် အတန်းခေါင်းဆောင်ဖြစ်သင့်သူပင်ဖြစ်သည်။ သို့သော် နားရွက်များမပါသည့် အတွက်ပင် မဖြစ်ခဲ့ပေ။ သူသည် နောက်ပိုင်းတွင် အတန်းဖော်များနှင့် ရောရောနှောနှောမနေတော့ဘဲ သူဝါသနာပါသော စာပေနှင့် ဂီတကိုသာ တိုးတက်အောင်လုပ်တော့သည်။ ဤတွင် မိခင်က "သား၊ တခြားကလေးတွေနဲ့ ခင်ခင်မင်မင်နေရမယ်လေ" ဟု ဆုံးမပြောဆိုသည်။ ပြောသာပြောရသည်။ မိခင်မှာလည်း သားငယ်လေးကို ကရုဏာသက်နေမိသည်။

သားငယ်လေး၏ ဖခင်သည် မိသားစုဆရာဝန်နှင့် တွေ့ဆုံပြီး "သားလေးအတွက် ဘာမှ လုပ်ပေးလို့ မရတော့ဘူးလား" ဟု မေးသည်။ ဆရာဝန်က "နားရွက်တစ်စုံလောက် ရနိုင်မယ်ဆိုရင်တော့ အစားထိုးပြီး ဆက်ပေးလို့ရပါတယ်" ဟုပြောသည်။ ထို့နောက်တွင် ထိုလူငယ်လေးအတွက် အနစ်နာခံ၍ နားရွက်လှူနိုင်မည့်သူကို ရှာပုံတော်ဖွင့်ကြသည်။

ဤသို့ဖြင့် ၂-နှစ်ကုန်လွန်သွားပြီးနောက် တစ်နေ့တွင် "သားဆေးရုံကိုသွားရမယ်။ မင်းအမေနဲ့ အဖေက သားလိုအပ်တဲ့ နားရွက်တွေလှူမယ့်သူတစ်ယောက်ကို ရထားတယ်။ ဒါပေမဲ့ အဲဒါကလျှို့ဝှက်ချက်နော်" ဟု ဖခင်က သားငယ်ကို ပြောသည်။

ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သဖြင့် သားငယ်လေးသည် ရုပ်သွင်အသစ်ပေါ်ထွက်လာသည်။ ဤတွင် လူငယ်လေး၏ ပင်ကို စွမ်းရည်များဖွံ့ဖြိုးလာပြီး သူ၏ကျောင်းနှင့် ကောလိပ်တစ်လျှောက်လုံး အောင်မြင်မှုတစ်သီတစ်တန်းကြီး ရလာခဲ့ပါသည်။ ထို့နောက်တွင် သူသည် အိမ်ထောင်ကျပြီး သံတမန်တစ်ဦးဖြစ်လာသည်။

တစ်နေ့တွင် သူက ဖခင်ကို မေးသည်။
"ဘယ်သူက ကျွန်တော့်ကို နားရွက်တွေ ပေးခဲ့တာလဲ။ ကျွန်တော် အဲဒီလူအတွက် ဘာမှ ကျေးဇူးမဆပ်နိုင်သေးဘူး။"

"မင်း ကျေးဇူးဆပ်နိုင်မှာ မဟုတ်ဘူး။ နားရွက်တွေ ဘယ်သူလှူခဲ့တယ် ဆိုတာကို သားသိခွင့်မရှိဘူးလို့ အဖေတို့ သဘောတူထားတယ်လေ။ ဒါကြောင့် အခုသိခွင့်မရှိသေးဘူးပေါ့ကွာ။"

နှစ်များကြာသည်အထိ လျှို့ဝှက်ချက်က ရှိနေဆဲဖြစ်ပါသည်။ သို့သော် သိရှိရမည့်နေ့ကို ရောက်လာပါပြီ။ ထိုနေ့သည် သူ့ဘဝတွင် ကြုံတွေ့ရသမျှ အမှောင်ဆုံးနေ့ရက်များထဲမှ တစ်နေ့ပင်ဖြစ်ပါသည်။

သူသည် ဖခင်နှင့်အတူ မိခင်အလောင်းဘေး၌ ရပ်နေသည်။ ဖခင်က ဖြည်းနှေးနူးညံ့စွာဖြင့် လက်ကို ရှေ့ဆန့်ထုတ်ပြီး မိခင်၏ ထူထဲသောနီညိုရောင် ဆံပင်များကို မ ပြီး ပြောသည်။ "မင်းအမေက ပြောတယ်။ သူ့ရဲ့ဆံပင်တွေကို ဘယ်တော့မှ မညှပ်ရတော့လို့ ဝမ်းသာတယ်တဲ့လေ။ ဘယ်သူကမှလည်း မင်းအမေရဲ့ အလှတွေလျော့သွားမယ်လို့ မထင်ပါဘူး။ ဟုတ်တယ်မဟုတ်လား။"

ဤတွင် သူ သေသေချာချာ မြင်လိုက်ပါပြီ။ သူ့မိခင်တွင် နားရွက်နှစ်ဖက်လုံး ပြတ်နေသည်ကို မြင်လိုက်ရခြင်းပင်တည်း။

ကျွန်တော်တို့ သတိရသင့်ပါသည်။ တကယ့်ရတနာဆိုသည်မှာ ကျွန်တော်တို့ မြင်နိုင်သည့် နေရာတွင်မရှိဘဲ ကျွန်တော်တို့ မမြင်နိုင်သည့် နေရတွင် ရှိနေမြဲဖြစ်ပါသည်။ ထို့အတူ တကယ့်ချစ်မေတ္တာသည်လည်း လူသိနိုင်သည့် အပေါ်ယံကြောတွင် မရှိဘဲ လူမသိနိုင်သည့် အတွင်းစိတ်သဏ္ဌာန်တွင် တည်ရှိနေတတ်ပါသည်။

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: Can I See My Baby

မင်္ဂလာမောင်မယ်၊ စက်တင်ဘာ၊ ၂၀၁၄

Friday, January 17, 2014

သတိမထားမိသည့် ကျေးဇူးတရား


                                                         

ထိုညတွင် သမီးငယ်သည် မိခင်နှင့်စကားများကာ အိမ်မှ ဒေါနှင့်မောနှင့်ထွက်လာခဲ့သည်။ လမ်းရောက်သောအခါ သူ၏အိတ်ထဲတွင် ပိုက်ဆံပါမလာသည်ကို သတိရသည်။ အိမ်ကို ဖုန်းဆက်ရန် ပိုက်ဆံအကြွေစေ့ပင် အလုံအလောက်မရှိတော့။

တစ်ချိန်တည်းမှာပင် သူသည် ခေါက်ဆွဲဆိုင်တစ်ခုကို ဖြတ်သွားရာတွင် မွှေးပျံ့သည့်ရနံ့ရပြီး ရုတ်တရက် အလွန်ဗိုက်ဆာလာည်။ ခေါက်ဆွဲတစ်ပွဲလောက် စားချင်စိတ်ဖြစ်မိသော်လည်း သူ့တွင် ပိုက်ဆံမရှိပေ။

ဆိုင်ရှင်က ကောင်တာရှေ့တွင် မဝံ့မရဲ ရပ်နေသော သူ့ကို တွေ့ပြီးမေးသည်။

“ဟေ့ ကောင်မလေး၊ ခေါက်ဆွဲ စားချင်လို့လား။”
“ဒါ…ဒါပေမဲ့ သမီးမှာ ပိုက်ဆံပါမလာဘူး” ဟု သူက ရှက်ရွံ့စွာ ပြန်ဖြေသည်။

“ရပါတယ်၊ ငါကျွေးပါ့မယ်။ ဝင်လာခဲ့ပါ။ ငါ တစ်ပွဲကြော်ပေးမယ်” ဟုဆိုင်ရှင်က ပြောသည်။

မိနစ်အနည်းငယ်ကြာသောအခါ ဆိုင်ရှင်က အငွေ့တစ်ထောင်းထောင်းထနေသော ခေါက်ဆွဲတစ်ပန်းကန် ယူလာပေးသည်။
သမီးငယ်က ခေါက်ဆွဲအနည်းငယ်စားပြီးသောအခါ ငိုလေသည်။

“ဘာဖြစ်လို့လဲ” ဟု ဆိုင်ရှင်က မေးသည်။

“ဘာမှ မဖြစ်ပါဘူး။ ဦးလေးရဲ့ ကြင်နာမှုကို ခံစားမိလို့ပါ” ဟု သမီးငယ်က မျက်ရည်များကို သုတ်ရင်း ဖြေသည်။

“လမ်းပေါ်က သူစိမ်းတစ်ယောက်တောင် သမီးကို ခေါက်ဆွဲကြော်တစ်ပွဲကျွေးတယ်။ အမေကတော့ သမီးနဲ့ စကားများပြီးတာနဲ့ သမီးကို အိမ်ပေါ်က မောင်းချတာပဲ။ အမေက ရက်စက်တယ်။”

ဆိုင်ရှင်က သက်ပြင်းချသည်။

“ကောင်မလေး၊ ဘာလို့ ဒီလိုတွေးရတာလဲ။ ထပ်ပြီးစဉ်းစားကြည့်ပါဦး။ ငါက မင်းကို ခေါက်ဆွဲတစ်ပွဲပဲကျွေးခဲ့တာတောင် မင်းဒီလိုခံစားမိတယ်။ မင်းရဲ့အမေက မင်းအရွယ်ငယ်ငယ်လေးတည်းက မင်းကို ပြုစုစောင့်ရှောက်ခဲ့တာလေ။ ဘာဖြစ်လို့ မင်းအမေကို ကျေးဇူးမတင်တာလဲ။ သူ့စကား ဘာဖြစ်လို့ နားမထောင်ရတာလဲ။”

ထိုစကားကို ကြားရသောအခါ သမီးငယ် အမှန်တကယ် အံ့သြသွားသည်။

“သမီး ဒီအချက်ကို ဘာလို့ မစဉ်းစားမိပါလိမ့်။ သူစိမ်းတစ်ယောက်ဆီက ခေါက်ဆွဲတစ်ပွဲက သမီးကို ကျေးဇူးကြွေးရှိတယ်လို့ ခံစားရတယ်။ အမေကတော့ သမီးကို ငယ်ငယ်လေးတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့ပေမယ့် တစ်ခါမှ ဒီလိုမျိုးနည်းနည်းလေးတောင် မခံစားမိခဲ့ဘူး။”

အိမ်အပြန်လမ်းတွင် သမီးငယ်သည် အမေ့ကို ပြောမည့် စကားများကို ခေါင်းထဲတွင် တွေးလာခဲ့သည်။

“အမေ သမီးစိတ်မကောင်းပါဘူး။ သမီးအပြစ်ဆိုတာ သမီးသိပါတယ်။ ကျေးဇူးပြုပြီး သမီးကို ခွင့်လွှတ်ပါ။”

အိမ်လှေကားထစ်များအပေါ် တက်ချိန်တွင် သမီးငယ်သည် သူ၏အမေ စိုးရိမ်ပူပန်နေသည့်အသွင်နှင့် သူ့ကို နေရာအနှံ့ ရှာဖွေနေရသည့်အတွက် ပင်ပန်းနေသည်ကို တွေ့ရသည်။ သမီးငယ်ကို မြင်သည့်အခါ ညင်ညင်သာသာပြောသည်။

“အမေ့သမီးလေး၊ အထဲဝင်လာလေ။ သမီးလေး သိပ်ဆာနေမှာပေါ့။ အမေထမင်းချက်ထားတယ်။ အစားအသောက်တွေလည်း ပြင်ပြီးပြီ။ ပူပူနွေးနွေးလေးရှိတုန်း စားနော်။”

သမီးငယ်သည် ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘဲ အမေ့ရင်ခွင်ထဲဝင်ကာ ငိုချလိုက်တော့သည်။

ဘဝတွင် ကျွန်တော်တို့သည် တစ်ခါတစ်ရံ ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ လူအချို့၏ လုပ်ဆောင်ပေးမှုအသေးအမွှားလေးများကို အလွယ်တကူ အသိအမှတ်ပြု ခံစားတတ်ပါသည်။ သို့သော် ဆွေမျိုးများ (အထူးသဖြင့် မိဘများ) ၏ စွန့်လွှတ်အနစ်နာခံမှုများကို သဘာဝပဲလေဟု မြင်မိတတ်ကြပါသည်။

မိဘတို့၏ မေတ္တာနှင့် စိုးရိမ်ပူပန်မှုများသည် ကျွန်တော်တို့ မွေးဖွားစဉ်ကတည်းက ရရှိသည့် တန်ဖိုးအရှိဆုံးလက်ဆောင်များပင် ဖြစ်ပါသည်။

မိဘများသည် ကျွန်တော်တို့ကို ပြုစုစောင့်ရှောက်ခဲ့ရသည့်အတွက် ပြန်လည်ပေးဆပ်ခြင်းရရှိရန် မျှော်လင့်ရိုးမရှိပါ။ သို့သော် မိဘများ၏ အဆုံးအစမရှိသော စွန့်လွှတ်အနစ်နာခံမှုများကို ကျွန်တော်တို့ကရော အသိအမှတ်ပြုမိပါရဲ့လား။ တန်ဖိုးထားမိပါရဲ့လား။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: “A bowl of noodles from a stranger” Translated from a Vietnamese story by Tina
မင်္ဂလာမောင်မယ်စာစောင်၊ ဖေဖော်ဝါရီ၊ ၂၀၁၄

Wednesday, December 25, 2013

ဖခင်ရဲ့လက်ဆောင်




လူငယ်လေးတစ်ယောက်ဟာ ကောလိပ်က ဘွဲ့ရဖို့ အသင့်ဖြစ်နေပါပြီ။ သူဟာ ကားရောင်းတဲ့သူရဲ့ အရောင်းပြခန်းထဲက အပျော်စီးကားလေးတစ်စီးကို သဘောကျနေခဲ့တာ လပေါင်းများစွာ ကြာပါပြီ။သူ့အဖေက ဒီကားလေးကို ကောင်းကောင်းဝယ်ပေးနိုင်တာသိတဲ့အတွက် ဒါကိုပဲ သူလိုချင်တဲ့အကြောင်း သူ့အဖေကိုပြောထားပါတယ်။

ဘွဲ့ယူရမယ့်နေ့ နီးလာတာနဲ့အမျှ လူငယ်လေးဟာ သူ့အဖေကားဝယ်လာတဲ့ အရိပ်လက္ခဏာကို မျှော်နေမိပါတယ်။ နောက်ဆုံးမှာတော့ သူဘွဲ
့ယူတဲ့မနက်မှာ သူ့ရဲ့အဖေက သူ့ကို သီးသန့်စာဖတ်ခန်းထဲကို ခေါ်လိုက်ပါတယ်။ သူ့အဖေက ဒီလိုသားကောင်းတစ်ယောက်ရှိလို့ သူ ဘယ်လောက်ဂုဏ်ယူတဲ့အကြောင်း၊ သားကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ ပြောပြနေပါတယ်။ သူက သားတော်မောင်ကို လှလှပပလေးထုပ်ပိုးထားတဲ့ လက်ဆောင်ဘူးလေး တစ်ဘူးကမ်းပေးတယ်။ လူငယ်လေးက သိချင်စိတ်ပြင်းပြစွာနဲ့ လက်ဆောင်ဘူးလေးကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့နာမည်ကို ရွှေရောင် ဖောင်းကြွစာလုံးနဲ့ရိုက်ထားတဲ့ ချစ်စရာ သားရေဖုံး သမ္မာကျမ်းစာအုပ်လေးကိုပဲ တွေ့တဲ့အခါ တော်တော်လေးသူစိတ်ပျက်သွားပါတယ်။ ဒေါသဖြစ်ဖြစ်နဲ့ သူ့ရဲ့အဖေကို အော်ကြီးဟစ်ကျယ်ပြောမိတယ်။ “အဖေ့မှာ ပိုက်ဆံဒီလောက်ရှိရက်နဲ့ဗျာ။ ကျွန်တော့်ကို သမ္မာကျမ်းစာအုပ်တစ်အုပ်ပဲ ပေးစရာလား” အဲဒီနောက် သူက သမ္မာကျမ်းစာအုပ်ကို ထားခဲ့ပြီး အိမ်ထဲကနေ ဒေါနဲ့မောနဲ့ ထွက်သွားခဲ့တယ်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးတဲ့နောက
်မှာ လူငယ်လေးဟာ စီးပွားရေးမှာ အလွန်အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူ့မှာ အိမ်လှလှလေးတစ်လုံးရှိပြီး နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလည်းရှိနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဖေက အသက်သိပ်ကြီးနေပြီဆိုတာ သိနေတော့ အဖေ့ကို သူသွားတွေ့သင့်တယ်လို့ တွေးမိတယ်။ သူ့အဖေနဲ့ မတွေ့ရတာ ဘွဲ့ယူပြီးတဲ့နေ့ကတည်းကပါပဲ။ သူအစီအစဉ်တွေ မလုပ်နိုင်သေးခင်မှာ သူ့ဖခင် ဆုံးသွားပြီဆိုတဲ့အကြောင်း ကြေးနန်းရတယ်။ သူအိမ်ကို ချက်ချင်းပြန်ပြီး ပိုင်ဆိုင်မှုတွေကို ဂရုစိုက်ဖို့လိုလာပါတယ်။

သူ့အဖေအိမ်ကိုရောက်တဲ့အခါ သူ့ရဲ့နှလုံးသားထဲမှာ ချက်ချင်းဆိုသလို ဝမ်းနည်းမှုတွေ၊ နောင်တရမှုတွေနဲ့ ပြည့်လာခဲ့ပါတယ်။ သူက သူ့အဖေရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို စတင်ရှာဖွေကြည့်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူထားခဲ့တဲ့အတိုင်း သစ်လွင်နေဆဲဖြစ်တဲ့ သမ္မာကျမ်းစာအုပ်လေးကို တွေ့ပါတယ်။ သူကမျက်ရည်ကျပြီး သမ္မာကျမ်းစာအုပ်လေးကို ဖွင့်လို့ စာမျက်နှာတွေကို လှန်လိုက်ပါတယ်။ အဲဒီလို လုပ်နေစဉ်မှ သမ္မာကျမ်းစာရဲ့ အနောက်ဘက်ကနေ ကားသော့တစ်ချောင်းထွက်ကျလာပ
ါတယ်။ သော့လေးမှာ ရောင်းတဲ့သူရဲ့ နာမည်ပါတဲ့ ကတ်ပြားလေးတစ်ခုရှိနေပါတယ်။ သူလိုချင်ခဲ့တဲ့ အပျော်စီးကားလေးရှိတဲ့ ရောင်းတဲ့သူပါပဲ။ ကတ်ပြားလေးပေါ်မှာ သူဘွဲ့ရခဲ့တဲ့ ရက်စွဲနဲ့ “ငွေအပြည့်ချေပြီး” ဆိုတဲ့ စာလေးလည်း ပါနေပါတော့တယ်။

“ကျွန်တော်တို့ မျှော်လင့်နေတဲ့အချိန် အတိအကျရောက်မလာတဲ့အတွက် ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေ ကျွန်တော်တို့ရဲ့ ဆုတောင်းတွေအပေါ် ဖြည့်ဆည်းပေးမှုတွေကို အကြိမ်ဘယ်လောက်များ ကျွန်တော်တို့ လွဲချော်ခဲ့ပါသလဲ”

စည်သူထက် (မအူပင်တက္ကသိုလ်)

The Best English Magazine, No. (171), September, 2013

Ref: http://thebeststatusmessages.com/