နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, January 17, 2014

သတိမထားမိသည့် ကျေးဇူးတရား


                                                         

ထိုညတွင် သမီးငယ်သည် မိခင်နှင့်စကားများကာ အိမ်မှ ဒေါနှင့်မောနှင့်ထွက်လာခဲ့သည်။ လမ်းရောက်သောအခါ သူ၏အိတ်ထဲတွင် ပိုက်ဆံပါမလာသည်ကို သတိရသည်။ အိမ်ကို ဖုန်းဆက်ရန် ပိုက်ဆံအကြွေစေ့ပင် အလုံအလောက်မရှိတော့။

တစ်ချိန်တည်းမှာပင် သူသည် ခေါက်ဆွဲဆိုင်တစ်ခုကို ဖြတ်သွားရာတွင် မွှေးပျံ့သည့်ရနံ့ရပြီး ရုတ်တရက် အလွန်ဗိုက်ဆာလာည်။ ခေါက်ဆွဲတစ်ပွဲလောက် စားချင်စိတ်ဖြစ်မိသော်လည်း သူ့တွင် ပိုက်ဆံမရှိပေ။

ဆိုင်ရှင်က ကောင်တာရှေ့တွင် မဝံ့မရဲ ရပ်နေသော သူ့ကို တွေ့ပြီးမေးသည်။

“ဟေ့ ကောင်မလေး၊ ခေါက်ဆွဲ စားချင်လို့လား။”
“ဒါ…ဒါပေမဲ့ သမီးမှာ ပိုက်ဆံပါမလာဘူး” ဟု သူက ရှက်ရွံ့စွာ ပြန်ဖြေသည်။

“ရပါတယ်၊ ငါကျွေးပါ့မယ်။ ဝင်လာခဲ့ပါ။ ငါ တစ်ပွဲကြော်ပေးမယ်” ဟုဆိုင်ရှင်က ပြောသည်။

မိနစ်အနည်းငယ်ကြာသောအခါ ဆိုင်ရှင်က အငွေ့တစ်ထောင်းထောင်းထနေသော ခေါက်ဆွဲတစ်ပန်းကန် ယူလာပေးသည်။
သမီးငယ်က ခေါက်ဆွဲအနည်းငယ်စားပြီးသောအခါ ငိုလေသည်။

“ဘာဖြစ်လို့လဲ” ဟု ဆိုင်ရှင်က မေးသည်။

“ဘာမှ မဖြစ်ပါဘူး။ ဦးလေးရဲ့ ကြင်နာမှုကို ခံစားမိလို့ပါ” ဟု သမီးငယ်က မျက်ရည်များကို သုတ်ရင်း ဖြေသည်။

“လမ်းပေါ်က သူစိမ်းတစ်ယောက်တောင် သမီးကို ခေါက်ဆွဲကြော်တစ်ပွဲကျွေးတယ်။ အမေကတော့ သမီးနဲ့ စကားများပြီးတာနဲ့ သမီးကို အိမ်ပေါ်က မောင်းချတာပဲ။ အမေက ရက်စက်တယ်။”

ဆိုင်ရှင်က သက်ပြင်းချသည်။

“ကောင်မလေး၊ ဘာလို့ ဒီလိုတွေးရတာလဲ။ ထပ်ပြီးစဉ်းစားကြည့်ပါဦး။ ငါက မင်းကို ခေါက်ဆွဲတစ်ပွဲပဲကျွေးခဲ့တာတောင် မင်းဒီလိုခံစားမိတယ်။ မင်းရဲ့အမေက မင်းအရွယ်ငယ်ငယ်လေးတည်းက မင်းကို ပြုစုစောင့်ရှောက်ခဲ့တာလေ။ ဘာဖြစ်လို့ မင်းအမေကို ကျေးဇူးမတင်တာလဲ။ သူ့စကား ဘာဖြစ်လို့ နားမထောင်ရတာလဲ။”

ထိုစကားကို ကြားရသောအခါ သမီးငယ် အမှန်တကယ် အံ့သြသွားသည်။

“သမီး ဒီအချက်ကို ဘာလို့ မစဉ်းစားမိပါလိမ့်။ သူစိမ်းတစ်ယောက်ဆီက ခေါက်ဆွဲတစ်ပွဲက သမီးကို ကျေးဇူးကြွေးရှိတယ်လို့ ခံစားရတယ်။ အမေကတော့ သမီးကို ငယ်ငယ်လေးတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့ပေမယ့် တစ်ခါမှ ဒီလိုမျိုးနည်းနည်းလေးတောင် မခံစားမိခဲ့ဘူး။”

အိမ်အပြန်လမ်းတွင် သမီးငယ်သည် အမေ့ကို ပြောမည့် စကားများကို ခေါင်းထဲတွင် တွေးလာခဲ့သည်။

“အမေ သမီးစိတ်မကောင်းပါဘူး။ သမီးအပြစ်ဆိုတာ သမီးသိပါတယ်။ ကျေးဇူးပြုပြီး သမီးကို ခွင့်လွှတ်ပါ။”

အိမ်လှေကားထစ်များအပေါ် တက်ချိန်တွင် သမီးငယ်သည် သူ၏အမေ စိုးရိမ်ပူပန်နေသည့်အသွင်နှင့် သူ့ကို နေရာအနှံ့ ရှာဖွေနေရသည့်အတွက် ပင်ပန်းနေသည်ကို တွေ့ရသည်။ သမီးငယ်ကို မြင်သည့်အခါ ညင်ညင်သာသာပြောသည်။

“အမေ့သမီးလေး၊ အထဲဝင်လာလေ။ သမီးလေး သိပ်ဆာနေမှာပေါ့။ အမေထမင်းချက်ထားတယ်။ အစားအသောက်တွေလည်း ပြင်ပြီးပြီ။ ပူပူနွေးနွေးလေးရှိတုန်း စားနော်။”

သမီးငယ်သည် ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘဲ အမေ့ရင်ခွင်ထဲဝင်ကာ ငိုချလိုက်တော့သည်။

ဘဝတွင် ကျွန်တော်တို့သည် တစ်ခါတစ်ရံ ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ လူအချို့၏ လုပ်ဆောင်ပေးမှုအသေးအမွှားလေးများကို အလွယ်တကူ အသိအမှတ်ပြု ခံစားတတ်ပါသည်။ သို့သော် ဆွေမျိုးများ (အထူးသဖြင့် မိဘများ) ၏ စွန့်လွှတ်အနစ်နာခံမှုများကို သဘာဝပဲလေဟု မြင်မိတတ်ကြပါသည်။

မိဘတို့၏ မေတ္တာနှင့် စိုးရိမ်ပူပန်မှုများသည် ကျွန်တော်တို့ မွေးဖွားစဉ်ကတည်းက ရရှိသည့် တန်ဖိုးအရှိဆုံးလက်ဆောင်များပင် ဖြစ်ပါသည်။

မိဘများသည် ကျွန်တော်တို့ကို ပြုစုစောင့်ရှောက်ခဲ့ရသည့်အတွက် ပြန်လည်ပေးဆပ်ခြင်းရရှိရန် မျှော်လင့်ရိုးမရှိပါ။ သို့သော် မိဘများ၏ အဆုံးအစမရှိသော စွန့်လွှတ်အနစ်နာခံမှုများကို ကျွန်တော်တို့ကရော အသိအမှတ်ပြုမိပါရဲ့လား။ တန်ဖိုးထားမိပါရဲ့လား။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: “A bowl of noodles from a stranger” Translated from a Vietnamese story by Tina
မင်္ဂလာမောင်မယ်စာစောင်၊ ဖေဖော်ဝါရီ၊ ၂၀၁၄

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ