နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, January 19, 2014

ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးပွားစေခြင်း






သင်ဟာ အပျက်သဘောဆောင်တဲ့ အကြံဥာဏ်တွေရဲ့ လွှမ်းမိုးမှုကို အလွယ်တကူခံရတဲ့ လူမျိုးဖြစ်နေပါသလား။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေတဲ့ ဒီသင်ခန်းစာတိုလေးကို လိုက်နာပါ။

“ဟင်နရီ ဝါ့ဒ် ဘီးချာ” ဟာ ကျောင်းမှာ အသက်ငယ်ငယ်ကောင်လေးတစ်ယောက်အဖြစ် ရှိနေစဉ်မှာ သူဘယ်တော့မှ မမေ့နိုင်တဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေတဲ့ သင်ခန်းစာတစ်ခုကို သင်ယူခဲ့ရပါတယ်။

သူ့ကို အတန်းရှေ့မှာ စာရွတ်ပြဖို့ခိုင်းပါတယ်။ သူက စတင်ပြီး ရွတ်ရုံရှိသေးချိန်မှာ ဆရာက ပြတ်ပြတ်သားသားနဲ့ “မဟုတ်ဘူး” လို့ ကြားဖြတ်ပြောတယ်။ သူက ပြန်စပါတယ်။ “မဟုတ်သေးဘူး” ဆိုတဲ့ ဆရာ့ရဲ့အသံ ထပ်ပြီးတော့ ဟိန်းထွက်လာပြန်ပါတယ်။ “ဟင်နရီ” အရှက်ရသွားပြီး ထိုင်ချလိုက်ပါတယ်။
နောက်ကောင်လေးတစ်ယောက် စာရွတ်ပြဖို့ ထရပါတယ်။ သူ စတင်ရုံရှိသေးချိန်မှာ ဆရာက “မဟုတ်ဘူး” လို့ အော်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းသားက စာကို အပြီးထိဆက်ရွတ်ပါတယ်။ သူထိုင်လိုက်တဲ့အခါ ဆရာက “သိပ်ကောင်းတယ်” လို့ ပြောပါတယ်။

“ဟင်နရီ” စိတ်တိုသွားပါတယ်။ “ကျွန်တော်လည်း သူရွတ်သလို ရွတ်ခဲ့တာပဲ” လို့ သူက ဆရာ့ကို မကျေမနပ် ပြောပါတယ်။

ဒါပေမဲ့ နည်းပြဆရာက ပြန်ပြောတယ်။

“မင်းရဲ့ သင်ခန်းစာကို သိတယ်ဆိုတာနဲ့တင် မလုံလောက်သေးဘူး။ တကယ်ကို သိနားလည်တယ်ဆိုတာ သေချာရမယ်။ ငါ မင်းကို ရပ်ခိုင်းတာကို မင်း လက်ခံလိုက်တဲ့အခါ မင်းဘက်က မသေချာသေးဘူးလို့ အဓိပ္ပာယ်ထွက်တယ်။ ကမ္ဘာကြီးက “မဟုတ်ဘူး” လို့ ပြောလာတဲ့အခါ မင်းရဲ့အလုပ်က ဟုတ်တယ် လို့ပြောပြီး အဲဒါကို သက်သေပြဖို့ပဲ။”

ကမ္ဘာကြီးက “မဟုတ်ဘူး” ဆိုတဲ့ စကားကို နည်းလမ်းပေါင်း တစ်ထောင်လောက်နဲ့ ပြောပါလိမ့်မယ်။

“မဟုတ်ဘူး။ မင်းဒါကို မလုပ်နိုင်ဘူး”
“မဟုတ်ဘူး။ မင်းမှားတယ်”
“မဟုတ်ဘူး။ မင်းက အသက်ကြီးလွန်းနေပြီ”
“မဟုတ်ဘူး။ မင်းက အသက်ငယ်လွန်းတယ်”
“မဟုတ်ဘူး။ မင်းက အားနည်းလွန်းတယ်”
“မဟုတ်ဘူး။ ဒါ ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ဘူး”
“မဟုတ်ဘူး။ မင်းမှာ ပညာအရည်အချင်းမရှိဘူး”
“မဟုတ်ဘူး။ မင်းမှာ နောက်ခံအင်အားမရှိဘူး”
“မဟုတ်ဘူး။ မင်းမှာ ငွေကြေးမရှိဘူး”
“မဟုတ်ဘူး။ ဒါကို လုပ်လို့မရဘူး”

သင် ကြားလိုက်ရတဲ့ “မဟုတ်ဘူး” ဆိုတဲ့ စကားတစ်ခွန်းစီမှာ သင် ရပ်တန့် နုတ်ထွက်လိုက်ရတဲ့ အချိန်ထိ သင့်ရဲ့ ယုံကြည်မှုကို တစ်စတစ်စ လျော့နည်းစေမယ့် အလားအလာ ရှိနေပါတယ်။

ကမ္ဘာကြီးက ဒီနေ့ သင့်ကို “မဟုတ်ဘူး” လို့ ပြောလာပေမဲ့ သင်က “ဟုတ်တယ်” လို့ ပြန်ပြောပြီး သက်သေပြနိုင်ဖို့ သန္နိဋ္ဌာန် ချထားသင့်လှပါတယ်။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: “Improving Self Confidence” by “Steve Goodier”
The Best English Magazine, January, 2014

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ