နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, November 19, 2017

အင်္ဂလိပ်စာသင်ကြားရေးနည်းစနစ်ပြုပြင်ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး ဆရာတစ်ယောက်ရဲ့အမြင်


          နိုဝင်ဘာ ၁၄ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် မဲဆနနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အင်္ဂလိပ်စာသင်ကြားရေးနည်းစနစ်ကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲသင်ကြားဖို့ ပြည်ထောင်စုအစိုးရကိုတိုက်တွန်းတဲ့ အဆိုတင်သွင်းခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ အင်္ဂလိပ်စာကို နှစ်တွေအကြာကြီး သင်ခဲ့ကြပေမဲ့ မတတ်ကြတဲ့အတွက် တိုက်တွန်းတာလို့ နားလည်ပါတယ်။


          အင်္ဂလိပ်စာသင်တာရဲ့ ရည်ရွယ်ချက်က ဘာလဲ

ဘာသာစကားသင်ကြားရေး၊ တနည်းပြောရရင် အင်္ဂလိပ်စာသင်ကြားရေးရဲ့ ပန်းတိုင်က အင်္ဂလိပ်ဘာသာနဲ့ ဆက်သွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ထိထိရောက်ရောက် မဆက်သွယ်နိုင်ရင် အင်္ဂလိပ်ဘာသာစကားသင်ကြားရတဲ့ ရည်ရွယ်ချက် ပေါက်မြောက်တယ်လို့ မဆိုနိုင်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေ အင်္ဂလိပ်စာ သင်ကြားရတဲ့ နှစ်တွေကို တွက်ကြည့်မယ်ဆို  ဘွဲ့ရချိန်မှာ အနည်းဆုံး ၁၅ နှစ်ရှိပါပြီ။ အင်္ဂလိပ်စာကို ဒီလောက်ကြာအောင် သင်ခဲ့ရတော့ အင်္ဂလိပ်စာသုံးပြီး တစ်ကမ္ဘာလုံးက လူတွေနဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်ပြီလားဆိုပြီး ဘွဲ့ရလူငယ်တွေကို မေးရင် အများစုက ဘယ်လိုဖြေကြမှာလဲ။  ဟင့်အင်း လို့သာ တွင်တွင်ငြင်းရပါလိမ့်မယ်။ ဒါဆိုရင် အင်္ဂလိပ်စာ သင်ကြားရတဲ့ ရည်ရွယ်ချက် မပေါက်မြောက်ဘူးဆိုတာ သိသာနေပါတယ်။


လက်ရှိသင်ကြားပုံနည်းစနစ်နဲ့ အကဲဖြတ်ပုံ

အစိုးရကျောင်းတွေမှာ အတန်းငယ်ငယ်ကစပြီး ဆယ်တန်းအထိ သင်ကြားတဲ့ပုံစံက ဆရာဗဟိုပြု သင်ကြားတဲ့ပုံစံဖြစ်ပါတယ်။ အင်္ဂလိပ်စာသင်ကြားတဲ့အခါ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကြိုပေးပြီးကျက်ခိုင်း၊ စာပိုဒ်ကို ဘာသာပြန်ပြ၊ လေ့ကျင့်တဲ့အခါမှာလည်း စာပိုဒ်ပေါ်အခြေခံပြီး အမေးအဖြေလုပ် စတဲ့နည်းစနစ်တွေနဲ့ တောက်လျှောက်သင်ကြားနေရပါတယ်။ ပြဋ္ဌာန်းစာအုပ်ရဲ့ စီစဉ်ပုံကို ကြည့်မယ်ဆိုရင်လည်း စာဖတ်စွမ်းရည်၊ စာရေးစွမ်းရည်၊ သဒ္ဒါဆိုင်ရာတွေကိုသာ ဦးစားပေးထားပြီး နားထောင်စွမ်းရည်၊ အပြောစွမ်းရည်အတွက် အသုံးဝင်မယ့် အစီအစဉ်မရှိတာကို တွေ့နိုင်ပါတယ်။ စစ်ဆေးအကဲဖြတ်တဲ့အခါမှာလည်း စာမေးပွဲကို ဦးစားပေးတဲ့ပုံစံကို သုံးပါတယ်။ အပြောစွမ်းရည်၊ နားထောင်စွမ်းရည်ကို သင်ကြားပေးတာမရှိသလို ဘာသာစကားစွမ်းရည်အကဲဖြတ်ရာမှာလည်း လုံးဝထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါ့အပြင် မအောင်မနေရပုံစံနဲ့ တစ်တန်းပြီးတစ်တန်း တက်ရောက်လာတဲ့ ကလေးတွေဟာ အတန်းမြင့်လာပေမဲ့ အင်္ဂလိပ်စာ တတ်သင့်တဲ့အဆင့်ကို မတတ်တာ တွေ့ရပါတယ်။ ဒီပုံစံဟာ တက္ကသိုလ်အထိပါသွားပြီး ကျောင်းသားတွေက ကျက်ထားတာမရှိရင် စာကြောင်းတစ်ကြောင်းကိုတောင် ဖြောင့်အောင်မရေးနိုင်တဲ့ အခြေအနေထိ ရောက်ရှိနေပါတယ်။


ထိရောက်တဲ့ အင်္ဂလိပ်စာ သင်ကြားရေးအတွက် လိုအပ်ချက်များ

သင်ကြားရေးနည်းစနစ် ပြုပြင်ပြောင်းလဲတယ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အင်္ဂလိပ်စာတတ်မြောက်အောင် သင်ကြားရေးမှာ အရေးအကြီးဆုံးလိုအပ်ချက်က အရည်အသွေးမြင့် ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတော်လေလေ၊ သင်ကြားနည်းစနစ်တွေကို ကျွမ်းကျင်လေလေ ကျောင်းသားတွေပိုပြီး တတ်မြောက်လေလေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေကတော့ အလိုလိုနေရင်း တော်လာဖို့ခက်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့လေ့ကျင့်မှုမျိုးပေးပြီး ခေတ်မီနည်းစနစ်တွေနဲ့ ထိတွေ့ပေးရမှာဖြစ်ပါတယ်။ အခုလည်း မွမ်းမံသင်တန်းတွေ ပေးနေတယ်၊ အောင်ချက်မြင့်မားရေးတွေ လုပ်နေတယ်ဆိုပြီး စောဒက တက်စရာရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေက ခေတ်အဆက်ဆက် ဟန်ပြလုပ်လာခဲ့တာသာဖြစ်ပြီး တကယ်ပညာမရဘဲ အချိန်ကုန်လူပန်းပဲ ဖြစ်တယ်ဆိုတာ ဆရာ၊ ဆရာမတွေကို နည်းနည်းလေး စူးစမ်းမေးမြန်းကြည့်ရင်ပဲ သိနိုင်ပါတယ်။ အင်္ဂလိပ်စာသင်ကြားရေးဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေကနေ ပုံမှန်လေ့ကျင့်သင်ကြားပေးတာမျိုး လုပ်နိုင်မယ်ဆိုရင် ဆရာ၊ ဆရာမတွေ အရည်အသွေး တိုးတက်လာမှာ ဖြစ်သလို တပည့်တွေကိုလည်း အကောင်းဆုံးသင်ပြပေးနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်က စာသင်ကြားတဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်း၊ တက္ကသိုလ်အများစုမှာ စာသင်ခန်းတစ်ခန်းကို ကျောင်းသားအနည်းဆုံးခြောက်ဆယ်ကျော်ရှိတာကို တွေ့ရပါလိမ့်မယ်။ ကျောင်းသားနဲ့ ဆရာအချိုးမမျှတတဲ့အခါမှာ ဘာသာစကားကို စိတ်ဝင်စားစဖွယ် ခေတ်မီသင်ကြားတဲ့ပုံစံဖြစ်တဲ့ နှစ်ယောက်တွဲလေ့ကျင့်တာ၊ အုပ်စုဖွဲ့ဆွေးနွေးတာ၊ ဘာသာစကားဆိုင်ရာ ကစားနည်းတွေ၊ လှုပ်ရှားမှုတွေအတွက် အချိန်၊ နေရာ မပေးနိုင်သလောက်ဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအာရုံစိုက်ပေးလို့ မရတဲ့အခါ ထိထိရောက်ရောက် သင်နိုင်ဖို့အသာထား၊ အတန်းကိုတောင် ထိန်းဖို့မလွယ်ပါဘူး။ ဒါတွေအတွက် အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ပေးဖို့လိုပါတယ်။

ပြဋ္ဌာန်းစာနဲ့ စစ်ဆေးတဲ့ နည်းစနစ်ကိုလည်း ပြင်ဖို့လိုပါတယ်။ ဘာသာစကားကို ကျက်မှတ်ပြီး စာမေးပွဲဖြေနေသလိုဖြစ်နေတဲ့ သင်ရိုးညွှန်းတမ်းပြင်ဆင်ဖို့ လိုပါတယ်။ သင်ရိုးညွှန်းတမ်းစီစဉ်တဲ့အခါမှာ ခေတ်မီဖို့၊ ကျောင်းသားတွေရဲ့ အဆင့်နဲ့ကိုက်ညီဖို့ ဂရုပြုဖို့လိုသလို စာမေးပွဲစနစ်မှာလည်း ဒါသင်၊ ဒါမေး၊ ဒါဖြေဆိုတဲ့ ဘောင်တွေထဲက လွတ်အောင်၊ ဘာသာစကားစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ပုံစံပြင်ဖို့လိုပါတယ်။

သင်ထောက်ကူပစ္စည်းတွေကလည်း ဘာသာစကားသင်တဲ့အခါမှာ အရေးကြီးပါသေးတယ်။ နားထောင်စွမ်းရည်အတွက်တော့ သင်ပေးချင်ပါရဲ့ ဒါပေမဲ့ ဖွင့်ပြစရာ ဘာစက်ပစ္စည်းမှ မရှိဘူးဆိုရင်လည်း အလကားပါပဲ။ ဒီတော့ သင်တော်မယ့် ပရိုဂျက်တာ၊ ကွန်ပျူတာ၊ ဒီဗီဒီစက်၊ ကက်စက် စသည်ဖြင့် တစ်ခုခု စီစဉ်ပေးနိုင်ဖို့လိုပါတယ်။ ဖွင့်မရမယ့် စက်တွေပဲ ဟန်ပြထားမယ်ဆိုရင်လည်း အလကားပါပဲ။ တခြား အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ ရုပ်ပုံတွေ၊ စာအုပ်တွေလည်း ဖြည့်ပေးနိုင်ရင် ပိုထိရောက်ပါတယ်။


အင်္ဂလိပ်စာသင်ကြားရေးမူဝါဒ

ကျွန်တော်တို့ ပညာရေးမှာ အင်္ဂလိပ်စာသင်ကြားရေးမှ မဟုတ်ပါဘူး ဘာမူဝါဒပဲဖြစ်ဖြစ် ချမှတ်တဲ့အခါမှာ တကယ်ပါဝင်ဆောင်ရွက်နေသူတွေရဲ့ အကြံပြုချက်တွေကို လက်ခံဆွေးနွေး ညှိနှိုင်းပေးတာ အတော်ရှားပါတယ်။ အင်္ဂလိပ်စာ သင်ကြားရေးနဲ့ ပတ်သက်တဲ့ မူဝါဒအသစ်တွေချမှတ်မယ်၊ ပြဋ္ဌာန်းစာအုပ် အသစ်တွေရေးမယ်၊ မေးခွန်းပုံစံတွေပြောင်းမယ် ဆိုရင်လည်း ဒီကိစ္စတွေကို လူကြီးတွေချည်းလုပ်နေရင် အကျိုးရှိမယ့် မူဝါဒတွေ မရနိုင်ပါဘူး။ ဆိုလိုတာက ရာထူးထိပ်ပိုင်းရောက်နေတဲ့သူတွေက လက်တွေ့မြေပြင်အခြေအနေနဲ့ အများကြီးကင်းကွာနေတတ်ပါတယ်။ အောက်ခြေမှာ ဘယ်လို အခြေအနေရှိနေတယ်ဆိုတာ သူတို့ အသေအချာနားမလည်ဘဲ စားပွဲမှာထိုင်ပြီး အချင်းချင်းစိတ်ကူးနဲ့ စီစဉ်ပြီးချမှတ်လိုက်တဲ့ မူဝါဒတွေဟာ လက်တွေ့မှာ ဘယ်လိုမှ အကောင်အထည်ဖော်လို့မရတာတွေ ဖြစ်နေတာများပါတယ်။ ဒီအခါမှာ ပြန်လည်ဝေဖန်ထောက်ပြဖို့၊ ညှိနှိုင်းဖို့အခွင့်အရေးမရတဲ့အတူ  သက်ဆိုင်ရာဆရာ၊ ဆရာမတွေက အောက်ကအခြေအနေကိုနားမလည်တဲ့ လူကြီးတွေနဲ့ ပြဿနာမတက်ရအောာင် ဟန်ပြအလုပ်တွေ လုပ်ပေးရင်း နှစ်ပေါင်းများစွာ ဒီပုံစံအတိုင်း လုံးလည်ချာလပတ်ရိုက်နေတာ ဖြစ်ပါတယ်။ ဒီတော့ မူဝါဒတစ်ခုချမှတ်တော့မယ်ဆိုရင် ကျွမ်းကျင်ပညာရှင်တွေ၊ စီမံခေါင်းဆောင်တွေတင်သာမက လက်တွေ့သင်ကြားနေရတဲ့ ဆရာ၊ ဆရာမတွေကို အချိုးကျခေါ်ယူဆွေးနွေးညှိနှိုင်းမှသာ လက်တွေ့ကျတဲ့ မူဝါဒရလာနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရရင် အင်္ဂလိပ်စာသင်ကြားရေး မအောင်မြင်ရတာက ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ညံ့ဖျင်းမှုသက်သက်ကြောင့်မဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေမှာ ကြိုးစားချင်လျက် ခေတ်ကြောင့် အခွင့်အရေးမရတဲ့သူတွေ အများကြီးရှိနေပါတယ်။ ကျောင်းသားကျောင်းသူတွေလည်း တော်ချင်လျှက် မတော်ရတဲ့ ဘဝမျိုးဖြစ်နေပါတယ်။ ဒါတွေကို မှန်ကန်တဲ့ မူဝါဒ၊ အထောက်အပံ့၊ လေ့ကျင့်သင်ကြားပေးမှုတွေနဲ့ ရေရှည်လုပ်သွားမှသာ ထိထိရောက်ရောက် အောင်အောင်မြင်မြင်ဖြစ်မှာပါ။ တစ်ပွဲတိုးဆေးမြီးတိုတွေနဲ့ ဟန်ပြအလုပ်လုပ်ပြနေတဲ့ အနေအထားကနေ ကင်းလွတ်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။




No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ