နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Wednesday, December 25, 2013

ဖခင်ရဲ့လက်ဆောင်




လူငယ်လေးတစ်ယောက်ဟာ ကောလိပ်က ဘွဲ့ရဖို့ အသင့်ဖြစ်နေပါပြီ။ သူဟာ ကားရောင်းတဲ့သူရဲ့ အရောင်းပြခန်းထဲက အပျော်စီးကားလေးတစ်စီးကို သဘောကျနေခဲ့တာ လပေါင်းများစွာ ကြာပါပြီ။သူ့အဖေက ဒီကားလေးကို ကောင်းကောင်းဝယ်ပေးနိုင်တာသိတဲ့အတွက် ဒါကိုပဲ သူလိုချင်တဲ့အကြောင်း သူ့အဖေကိုပြောထားပါတယ်။

ဘွဲ့ယူရမယ့်နေ့ နီးလာတာနဲ့အမျှ လူငယ်လေးဟာ သူ့အဖေကားဝယ်လာတဲ့ အရိပ်လက္ခဏာကို မျှော်နေမိပါတယ်။ နောက်ဆုံးမှာတော့ သူဘွဲ
့ယူတဲ့မနက်မှာ သူ့ရဲ့အဖေက သူ့ကို သီးသန့်စာဖတ်ခန်းထဲကို ခေါ်လိုက်ပါတယ်။ သူ့အဖေက ဒီလိုသားကောင်းတစ်ယောက်ရှိလို့ သူ ဘယ်လောက်ဂုဏ်ယူတဲ့အကြောင်း၊ သားကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ ပြောပြနေပါတယ်။ သူက သားတော်မောင်ကို လှလှပပလေးထုပ်ပိုးထားတဲ့ လက်ဆောင်ဘူးလေး တစ်ဘူးကမ်းပေးတယ်။ လူငယ်လေးက သိချင်စိတ်ပြင်းပြစွာနဲ့ လက်ဆောင်ဘူးလေးကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့နာမည်ကို ရွှေရောင် ဖောင်းကြွစာလုံးနဲ့ရိုက်ထားတဲ့ ချစ်စရာ သားရေဖုံး သမ္မာကျမ်းစာအုပ်လေးကိုပဲ တွေ့တဲ့အခါ တော်တော်လေးသူစိတ်ပျက်သွားပါတယ်။ ဒေါသဖြစ်ဖြစ်နဲ့ သူ့ရဲ့အဖေကို အော်ကြီးဟစ်ကျယ်ပြောမိတယ်။ “အဖေ့မှာ ပိုက်ဆံဒီလောက်ရှိရက်နဲ့ဗျာ။ ကျွန်တော့်ကို သမ္မာကျမ်းစာအုပ်တစ်အုပ်ပဲ ပေးစရာလား” အဲဒီနောက် သူက သမ္မာကျမ်းစာအုပ်ကို ထားခဲ့ပြီး အိမ်ထဲကနေ ဒေါနဲ့မောနဲ့ ထွက်သွားခဲ့တယ်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးတဲ့နောက
်မှာ လူငယ်လေးဟာ စီးပွားရေးမှာ အလွန်အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူ့မှာ အိမ်လှလှလေးတစ်လုံးရှိပြီး နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလည်းရှိနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဖေက အသက်သိပ်ကြီးနေပြီဆိုတာ သိနေတော့ အဖေ့ကို သူသွားတွေ့သင့်တယ်လို့ တွေးမိတယ်။ သူ့အဖေနဲ့ မတွေ့ရတာ ဘွဲ့ယူပြီးတဲ့နေ့ကတည်းကပါပဲ။ သူအစီအစဉ်တွေ မလုပ်နိုင်သေးခင်မှာ သူ့ဖခင် ဆုံးသွားပြီဆိုတဲ့အကြောင်း ကြေးနန်းရတယ်။ သူအိမ်ကို ချက်ချင်းပြန်ပြီး ပိုင်ဆိုင်မှုတွေကို ဂရုစိုက်ဖို့လိုလာပါတယ်။

သူ့အဖေအိမ်ကိုရောက်တဲ့အခါ သူ့ရဲ့နှလုံးသားထဲမှာ ချက်ချင်းဆိုသလို ဝမ်းနည်းမှုတွေ၊ နောင်တရမှုတွေနဲ့ ပြည့်လာခဲ့ပါတယ်။ သူက သူ့အဖေရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို စတင်ရှာဖွေကြည့်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူထားခဲ့တဲ့အတိုင်း သစ်လွင်နေဆဲဖြစ်တဲ့ သမ္မာကျမ်းစာအုပ်လေးကို တွေ့ပါတယ်။ သူကမျက်ရည်ကျပြီး သမ္မာကျမ်းစာအုပ်လေးကို ဖွင့်လို့ စာမျက်နှာတွေကို လှန်လိုက်ပါတယ်။ အဲဒီလို လုပ်နေစဉ်မှ သမ္မာကျမ်းစာရဲ့ အနောက်ဘက်ကနေ ကားသော့တစ်ချောင်းထွက်ကျလာပ
ါတယ်။ သော့လေးမှာ ရောင်းတဲ့သူရဲ့ နာမည်ပါတဲ့ ကတ်ပြားလေးတစ်ခုရှိနေပါတယ်။ သူလိုချင်ခဲ့တဲ့ အပျော်စီးကားလေးရှိတဲ့ ရောင်းတဲ့သူပါပဲ။ ကတ်ပြားလေးပေါ်မှာ သူဘွဲ့ရခဲ့တဲ့ ရက်စွဲနဲ့ “ငွေအပြည့်ချေပြီး” ဆိုတဲ့ စာလေးလည်း ပါနေပါတော့တယ်။

“ကျွန်တော်တို့ မျှော်လင့်နေတဲ့အချိန် အတိအကျရောက်မလာတဲ့အတွက် ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေ ကျွန်တော်တို့ရဲ့ ဆုတောင်းတွေအပေါ် ဖြည့်ဆည်းပေးမှုတွေကို အကြိမ်ဘယ်လောက်များ ကျွန်တော်တို့ လွဲချော်ခဲ့ပါသလဲ”

စည်သူထက် (မအူပင်တက္ကသိုလ်)

The Best English Magazine, No. (171), September, 2013

Ref: http://thebeststatusmessages.com/

ဖခင်၏မေတ္တာ




နံနက်တိုင်း ကျွန်တော် တက္ကသိုလ်တက်ရန် သွားသည့် အချိန်တွင် အဖြူအစိမ်းဝတ်စုံ ကိုယ်စီဝတ်ထားသော မူလတန်းကျောင်းသား၊ ကျောင်းသူလေးများ ကျောင်းသို့ လာကြသည်ကို တွေ့ရလေ့ရှိပါသည်။ အမိအဖ၊ အစ်ကို၊ အစ်မတို့၏လက်ကိုတွဲလျက် ရွှင်ပျတက်ကြွသော ဟန်ကလေးများနှင့် ကျောင်းသို့လာနေသော မူလတန်းကျောင်းသား၊ ကျေင်းသူလေးများကို မြင်ရသည်မှာ အားရကြည်နူးစရာ ကောင်းလှပါသည်။ နေ့စဉ်မြင်နေကျဖြစ်၍ မဆန်းကြယ်တော့သည့်တိုင် ရိုးအီမသွားနိုင်သော နံနက်ခင်း အလှပန်းချီကားချပ်တစ်ခုဟု တင်စားလျှင် လွန်မည်မထင်ပါ။

ကျွန်တော်တို့ တက္ကသိုလ်သို့သွားသည့် ကားလမ်းဘေးတစ်ဖက်တစ်ချက်တွင် လယ်ကွင်းများရှိပါသည်။ ကားလမ်းနှင့် လယ်ကွင်းများအကြားတွင် လယ်ကွင်းများသို့ ရေသွင်းသည့် မြောင်းကြီးများ တစ်မျှော်တစ်ခေါ်ရှိပါသည်။ လမ်းပေါ်မှ ကြည့်လျှင် ခပ်လှမ်းလှမ်းတွင်ရှိနေသည့် လယ်တဲလေးများကိုလည်း မြင်ရပါသည်။

တစ်နံနက်တွင် မိုးများတစိမ့်စိမ့်ရွာသွန်းနေပါသည်။ ကျောင်းတက်ချိန်ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူလေးများ ထီးကိုယ်စီဆောင်းကာ ကျောင်းသို့ ကသုတ်ကရက်လာနေကြပါသည်။ ကျွန်တော်လည်း ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စက်ဘီးလေးကို ဆက်လက်နင်းလာပါသည်။

အဖြူအစိမ်းဝတ်ဆင်ထားသည့် မူလတန်းကျောင်းသားအရွယ် ကလေးတစ်ဦးကို ကုန်းပိုးကာ လယ်ကွင်းကိုဖြတ်၍ ကားလမ်းပေါ်လာနေသည့် ဖခင်တစ်ဦးကို အမှတ်မထင် ကျွန်တော် သတိထားမိလိုက်ပါသည်။ သားငယ်လေးကို မိုးကာ အင်္ကျီလုံလုံခြုံခြုံ ဝတ်ဆင်ပေးထားသော်လည်း ဖခင်ကိုယ်တိုင်ကမူ အင်္ကျီနွမ်းနွမ်းလေးကိုသာ ဝတ်ဆင်ထားပါသည်။ နေပူမိုးရွာမရှောင် အလုပ်လုပ်ရသဖြင့် ကြမ်းတမ်းရင့်ကျက်သော မျက်နှာပြင်နှင့် မလိုက်ဖက်စွာ ဖခင်၏မျက်နှာသည် ကြည်လင်လျက်ရှိပါသည်။ မိုးရွာထဲတွင် သားငယ်လေးကို ကုန်းပိုးကာ ကျောင်းပို့ရသည့်အတွက် ငြိုငြင်သည့်အသွင် တစ်ကွက်မှ မရှိပါချေ။

အမှန်တော့ ဖခင်၏ရင်ထဲတွင် သားငယ်၏ အနာဂတ်ကို မှန်းဆပုံဖော်ကာ ကြည်နူးပီတိဖြစ်နေဟန်ရှိပါသည်။ သူ၏ ကြံ့ခိုင်တောင့်တင်းသော ကျောပေါ်တွင် အခန့်သားလိုက်ပါလာသော သားငယ်လေးသည် တစ်ချိန်တွင် ပညာတတ်ကြီးတစ်ဦးဘဝဖြင့် လူပုံအလယ်တွင် ဝံ့ဝံ့ထည်ထည် နေနိုင်ပေလိမ့်မည်။ သူကဲ့သို့ ရွှံ့နွံတောထဲတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ရသော ဘဝမှ လွတ်မြောက်ကာ ဝင်ငွေကောင်းကောင်းဖြင့် တင့်တင့်တယ်တယ်နေနိုင်ပေလိမ့်မည်။ ဖခင်၏ရင်ထဲတွင် ဤသို့သော အတွေးများဖြင့် ဝမ်းမြောက်နေဟန်ရှိပါသည်။ဖခင်၏ ခြေလှမ်းများအားမာန် အပြည့်ဖြင့် သွက်လက်နေပါသည်။

ဤမြင်ကွင်းလေးက ဖခင်တစ်ဦး၏ မေတ္တာကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေပါသည်။ မိမိထက်ပို၍ သားငယ်လေးကို မေတ္တာထားကာ မိုးရွာသည်ကိုပင်မမှုဘဲ ကိုယ်တိုင်ကုန်းပိုး၍ ကျောင်းသို့ပို့သော ဖခင်၊ မည်မျှပင် ခွန်အားစိုက်ထုတ်ရကာ ပင်ပန်းသည်ဖြစ်စေ စိတ်မကွက် မငြိုငြင်ရှာသော ဖခင်၊ သားငယ်၏ရှေ့ရေးကို မျှော်တွေးကာ ကြည်နူးဝမ်းမြောက်ရှာသော ဖခင်၊ ဖခင်၏မေတ္တာ၊ စေတနာတို့မှာ အံ့သြချီးကျူးဖွယ်ကောင်းလှပါသည်။ ထိုမေတ္တာ၊စေတနာတို့ကို မြင်သာစေသည့် မြင်ကွင်းလေးကို ယနေ့တိုင် ကျွန်တော်၏ စိတ်အာရုံထဲတွင် မမေ့မပျောက်ဘဲ ထင်ကျန်နေပါတော့သည်။

စည်သူထက်(မအူပင်တက္ကသိုလ်)

မင်္ဂလာမောင်မယ်၊ ဒီဇင်ဘာလ၊ ၂၀၁၁