ရှေးရှေးတုန်းက ဧကရာဇ်တစ်ပါးက သူ့ရဲ့မြင်းသည်တော်ကို မြင်းစီးပြီး
သူကြိုက်သလောက်မြေအကျယ်အ၀န်းကို ခရီးပေါက်အောင်သွားရင်
သူရောက်ရှိခဲ့သမျှမြေတွေပေးမယ်လို့ပြောလိုက်တယ်။
သေချာတာပေါ့။မြင်းသည်တော်ဟာ မြင်းပေါ်ကိုအမြန်ခုန်တက်ပြီး
တတ်နိုင်သမျှအမြန်ဆုံး မြင်းစီးသွားတယ်။သူမရပ်မနား မြင်းစီးခဲ့တယ်။
မြင်းကိုလည်းမြန်နိုင်သမျှမြန်မြန်သွားဖို့ ကျာပွတ်နဲ့ရိုက်လာခဲ့တယ်။
သူဆာလောင် မောပန်းတဲ့အခါမှာလည်းမရပ်နားပါဘူး။သူကတတ်နိုင်သမျှ
ခရီးပေါက်ချင်တာလေ။
အလွန်ကြီးမားတဲ့မြေအကျယ်အ၀န်းကိုခရီးပေါက်ပြီးတဲ့အချိန်
တစ်နေရာအရောက်မှာတော့သူခြေကုန်လက်ပန်းကျပြီး သေလုမျောပါး ဖြစ်နေပါပြီ။
ဒီတော့မှသူ့ကိုယ်သူမေးမိတယ်။ "မြေနေရာအကျယ်ကြီးကို ခရီးပေါက်ဖို့
ဘာကြောင့်များငါ့ကိုယ်ငါ ဒီလောက်ပြင်းပြင်းထန်ထန် တွန်းအားပေးမိခဲ့ပါလိမ့်။
ငါအခုသေလုမျောပါးဖြစ်နေပြီ။ ငါ့ကိုမြေမြှုပ်ဖို့ မြေနေရာနည်းနည်းလေးပဲ
လိုတော့တာပါ။"
အထက်ပါဇာတ်လမ်းလေးကကျွန်တော်တို့ရဲ့ဘ၀ခရီးနဲ့ဆင်တူပါတယ်။ကျွန်တော်တို့ဟာ
ပိုက်ဆံပိုရဖို့၊အာဏာနဲ့အသိအမှတ်ပြုခံရမှုတွေ ရရှိဖို့
နေ့တိုင်းပြင်းပြင်းထန်ထန်တွန်းအားပေးနေတာပါ။ကိုယ့်ရဲ့ကျန်းမာရေး၊မိသားစုနဲ့အတူရှိတဲ့အချိန်တွေကိုကျွန်တော်တို့လျစ်လျူရှုမိတတ်ကြပါတယ်။ပတ်ဝန်းကျင်အလှတွေ၊
ကျွန်တော်တို့မြတ်နိုးတဲ့ဝါသနာတွေကို အသိအမှတ်ပြုခံစားဖို့
လျစ်လျူရှုမိတတ်ပါတယ်။
တစ်နေ့မှာ
ကျွန်တော်တို့နောက်ကြောင်းပြန်ကြည့်တဲ့အခါ တကယ်တော့ကျွန်တော်တို့အဖို့
ဒီလောက်အများကြီး မလိုအပ်ဘူးဆိုတာ နားလည်သဘောပေါက်လာပါလိမ့်မယ်။
ဒါပေမဲ့အဲဒီအချိန်မှာ
ကျွန်တော်တို့လွဲချော်ခဲ့တဲ့အရာတွေအတွက်အချိန်တွေကိုနောက်ပြန်လှည့်လို့မရတော့ပါဘူး။
စည်သူထက်(မအူပင်တက္ကသိုလ်)
"Unknown Author" ၏ "The Emperor and The Horseman"
No comments:
Post a Comment
အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ