(၁)
“ကလင်"ဆိုတဲ့ SMS သံလေးနဲ့အတူ ဖုန်းထဲကို message တစ်စောင်ဝင်လာတယ်။ ဝေဝေ့ နှုတ်ခမ်းလေးကပြုံးမိသွားရတယ်။သိနေပြီသားပဲလေ။ ဒီအချိန်ပို့တဲ့ message ဟာ မောင့်ဆီကမဟုတ်လို့ ဘယ်သူ့ဆီက ဖြစ်ရမှာလဲ။ သိပ်ချစ်ဖို့ကောင်းတဲ့မောင်က မနက်တိုင်းလိုလို message ပို့ပြီး “ပျော်ရွှင်စရာနေ့သစ်လေးဖြစ်ပါစေ၊ အရမ်းလွမ်းတာပဲ" စတဲ့ message လေးတွေ သတိတရပို့နေကျပဲလေ။
မောင့်ရဲ့ message လေးဖွင့်ကြည့်တဲ့အခါမှာတော့
ဝေဝေ့ မျက်လုံးတွေပြာဝေသွားရတယ်။ “မင်းကို စိတ်ကုန်နေပြီ။
တို့လမ်းခွဲရအောင်" တဲ့။ ဟာ…အဓိပ္ပာယ်မရှိလိုက်တာ။ မောင်ဘာလို့
ဒီလိုပြောရတာလဲ။ မဖြစ်နိုင်ဘူး။ မောင့်ကိုမေးရမယ်။
တုန်ယင်နေတဲ့ စိတ်ကိုထိန်းပြီး မောင့်ဆီကို ဖုန်းခေါ်လိုက်တယ်။
“လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
မဟုတ်ပါဘူး တစ်ခုခု လွဲမှားနေတာပဲဖြစ်မှာပါ။ အကြိမ်ကြိမ် ဖုန်းခေါ်လည်း
ဒီစကားသံပဲကြားနေရတော့ စိတ်ထဲမှာ ခြောက်ခြားချင်လာတယ်။ မောင်ဘာလို့
စိတ်ပြောင်းရတာလဲ။ ခေါင်းကို သွက်သွက်ခါရမ်းရင်းတတွတ်တွတ်ရေရွတ်နေမိတယ်။ မောင်က ဒီလိုလူမဟုတ်ဘူး။ မိဘတွေသဘောတူပြီးနောက်မှာ အခု အဝေးကိုထွက်ပြီးအလုပ်ကြိုးစားနေတာလည်း
နှစ်ကိုယ်တူ သာယာတဲ့အိမ်ထောင်ရေးလေး တည်ဆောက်ဖို့ပါလို့
မောင်ပဲပြောခဲ့တာလေ။ ဟိုတစ်နေ့ကတောင် ဖုန်းပြောဖြစ်ခဲ့တာပဲ။
ဖုန်းပြောတုန်းက…........
ရုတ်တရက်သတိရလိုက်တဲ့အခါ ရင်ထဲကို မိုးကြိုးပစ်ခွင်းလိုက်သလို တုန်လှုပ်သွားတယ်။ အဲဒီနေ့ဖုန်းပြောတုန်းက မောင်ဟာ သူ့ရဲ့အလုပ်ရှင်မမက သူ့ကိုအရေးပေးတဲ့အကြောင်း၊ သူ့ကိုခေါ်ပြီးညစာထွက်စားတယ်ဆိုတဲ့အကြောင်းကို
အရိုးခံနဲ့ပြောပြတော့ မောင့်ကို စိတ်ဆိုးစွာနဲ့ ရန်တွေ့ခဲ့မိတာပဲ။ မောင်က
တစ်ခွန်းမှပြန်မပြောဘဲ တိတ်တဆိတ်ဖုန်းချသွားလေရဲ့။ တကယ်တော့ မောင်ဟာ သူ့ရဲ့ဘဝမှာ ဘယ်သူကပဲဖြစ်ဖြစ်သူ့ကိုရန်တွေ့တာ အမုန်းဆုံးဆိုတာကို မောင့်စိတ်ကိုအသိဆုံးဖြစ်တဲ့ဝေဝေကအဲဒီအချိန်က ဘာလို့များသတိမထားမိတာပါလိမ့်။
မောင့်ရဲ့ message လေးကို ပြန်ဖတ်မိတဲ့အချိန်မှာ Sent April 1
ဆိုတဲ့ SMS ရောက်တဲ့ရက်စွဲလေးကိုပဲ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့အထဲက ဝိုးတဝါးမြင်ရပါတော့တယ်။
(၂)
အုံ့မှိုင်းနေတဲ့ တိမ်တွေနဲ့ နေ့ဟာ ခါတိုင်းလောက်တော့ မရွှင်ပျဘူး။
လူငယ်လေးတစ်ယောက်ဟာ ခြေလှမ်းသွက်သွက်လေးနဲ့ လှမ်းလာတယ်။ သူ့ရဲ့လက်ထဲမှာ နှင်းဆီပန်းစည်းနဲ့။ သူ့ရဲ့နှုတ်ခမ်းပါးပါးတွေမှာ
အပြုံးရိပ်တွေတွဲခိုနေတယ်။ သူက အေပရယ် တစ်ရက်နေ့ April Fool လို့ခေါ်ကြတဲ့
ကိုယ်ချစ်ခင်သူတွေကို စနောက်တဲ့ နေ့မှာ ချစ်သူဆီကို လမ်းခွဲမယ်ဆိုတဲ့
message လေး ချစ်သူလန့်သွားအောင်စနောက်ပြီး ပို့ခဲ့တယ်။ သူ့ရဲ့ဖုန်းကို ပိတ်ထားခဲ့တယ်။ တစ်ပတ်အတွင်းမှာ ခွင့်ယူပြီးပြန်လာမယ်ဆိုတဲ့အကြောင်းကိုတော့ လျှို့ဝှက်ထားလိုက်တယ်။ ပြန်ရောက်လာမှ ချစ်သူကို နောက်တာပါဆိုတဲ့အကြောင်းဖွင့်ပြောပြီးပန်းစည်းလေးနဲ့ချော့မယ်။ ချစ်သူမျက်စောင်းလှလှလေးထိုးရင်
အပြုံးနဲ့ ခံယူမယ်။ ဒေါပွပွနဲ့ သူ့ရဲ့ရင်အုပ်ကို
ချစ်သူရဲ့လက်သီးဆုပ်လေးနဲ့ တအုန်းအုန်းထုမယ်ဆိုရင် တဟားဟား ရယ်မောပြီး
ချစ်လို့ စတာဆိုတဲ့အကြောင်းပြောပြရမယ်။ အဝေးထွက်ပြီးအလုပ်လုပ်တာ ကြာပြီဆိုတော့ ဒီလကုန်ရင် လက်ထပ်ဖို့အတွက် ငွေကြေးအရင်းအနှီးလုံလောက်ပြီလေ။ ချစ်သူအမြန်ဆုံးလက်ထပ်ဖို့ပြောမယ်။ ချစ်သူက မျက်နှာမှာ ပန်းရောင်သွေးဖျန်းပြီး ရှက်ရှက်နဲ့ခေါင်းငုံ့နေလေမလား။ တွေးရင်းကြည်နူးမိတယ်။ သူ့ရဲ့ ခြေလှမ်းတွေပိုပြီး သွက်သွက်လှမ်းလိုက်တယ်။
ချစ်သူရဲ့လမ်းထိပ်ကိုရောက်တဲ့အခါ ချစ်သူနဲ့အမြဲအတူတူတွဲနေတဲ့သူငယ်ချင်းမလေးတွေနဲ့ လမ်းမှာဆုံတယ်။ သူဝမ်းသာအားရလှမ်းသွားလိုက်တယ်။ ဒါပေမဲ့ သူတို့က သူ့ကိုတင်းမာလှတဲ့မျက်လုံးတွေနဲ့တစ်ခါမှ မတွေ့ဘူးတဲ့သူကိုမြင်ရသလို စိမ်းစိမ်းကြီး စိုက်ကြည့်နေလေရဲ့။ ပြီးမှ တစ်ယောက်ကပြောတယ်။
“ဝေဝေဆုံးပြီ။ အဲဒါရှင့်ကြောင့်"
မြတ်စွာဘုရား။ ကမ္ဘာလောကကြီး အိုးထိန်းစက်လိုချာချာလည်သွားတယ်။ သူ့ရဲ့ဒူးတွေညွှတ်ကျသွားတယ်။ သူ့ရဲ့လက်ထဲက နှင်းဆီပန်းစည်းလွတ်ကျသွားတယ်။ လေတစ်ချက်အဝှေ့မှာ နှင်းဆီပန်းစည်းလေးလွင့်သွားပြီး ခပ်လှမ်းလှမ်းက ဖြတ်သွားတဲ့ကားတစ်စီးအောက်ရောက်သွားတယ်။ အနီသွေးတွေ ဖွားကနဲ လွင့်စဉ်လို့။
(၃)
“အမှန်တော့ ဝေဝေဟာ မင်းကိုသိပ်ချစ်လွန်းလို့ ဒီလိုဖြစ်သွားရတာပါကွာ။ မင်းဆီက ဖြတ်စာရတော့ သူအတော်လေးခံစားသွားရတယ်ကွ။ မင်းဆီကို သူဖုန်းတွေနေ့တိုင်းဆက်တယ်။ တစ်ခါမှ ဖုန်းဆက်လို့မရဘူးတဲ့။ မင်းရဲ့အိမ်ကိုလည်းသွားမေးတယ်။ ငါတို့ဆီကိုလည်း အခေါက်ခေါက်အခါခါ လာမေးတယ်။ ဒါပေမဲ့ မင်းနဲ့ဘယ်သူမှအဆက်အသွယ်မရကြဘူး။ မင်းရဲ့ဖုန်းပိတ်ထားလို့လဲပါတာပေါ့ကွာ။
သူ့မိဘတွေရဲ့အပြောအရ ဝေဝေဟာ အဲဒီနေ့က စပြီး အခန်းအောင်းပြီး ငိုနေတယ်တဲ့။
စိတ်နဲ့လူနဲ့လည်းမကပ်ဘူး။ သူအမြဲထုတ်ထုတ်ကြည့်တဲ့မင်းရဲ့ဓာတ်ပုံကို သူ့အခန်းနံရံမှာ ကပ်မလို့လုပ်တယ်တဲ့ကွာ။ ဒါပေမဲ့ လူက အိပ်ရေးပျက်အစားပျက်လည်းဖြစ် သတိလက်လွတ်လည်း ဖြစ်နေတော့ ခုံပေါ်အတက်မှာ ခြေချော်ကျပြီးအုတ်နံရံနဲ့ခေါင်းကို ဆောင့်မိတယ်။ ဆေးရုံမှာ သူမသေခင် နောက်ဆုံးပြောသွားတဲ့စကားက “မောင့်ကိုဘာပဲဖြစ်ဖြစ်မမုန်းပါဘူး။ ချစ်နေတုန်းပါတဲ့"
ရှင်းပြနေတဲ့ သူငယ်ချင်းရဲ့အသံတိမ်ဝင်သွားတယ်။
“အေးကွာ ငါလည်း April Fool ဆိုပြီး စ လိုက်တာပါကွာ။ သူဒီလောက်ယုံသွားမယ်လို့မထင်မိဘူး။ နောက်ပြီး ငါကတစ်ပတ်အတွင်းပြန်လာမှာလေ။ ဒီတော့မှ ချော့မယ်။ နောက်ပြီး ငါတို့လက်ထပ်ဖို့လည်း ပြောမယ်လို့ စဉ်းထားလိုက်တာ။ ငါ အမှားကြီးမှားသွားပြီကွာ"
ဆို့နစ်အက်ကွဲစွာထွက်လာတဲ့ အသံဟာ သူ့ရဲ့အသံဆိုတာတောင် မသေချာသလိုပင်။
“သူငယ်ချင်း လူတစ်ယောက်ကို လှည့်စားနိုင်တယ်ဆိုတာ ကိုယ်သိပ်တော်လို့လဲမဟုတ်သလို
သူသိပ်ညံ့လို့လဲမဟုတ်ဘူး။ သူက မင်းမျှော်လင့်ထားတာထက် မင်းကို
ပိုယုံကြည်မိလို့သာ အလိမ်ခံရတာပဲ။ လူတစ်ယောက် အထူးသဖြင့် ကိုယ်ချစ်တဲ့သူကို
April Fool မှာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့မှ မလှည့်စားတာ
အကောင်းဆုံးပေါ့ကွာ။"
တိုးသက်စွာပြောနေသော သူငယ်ချင်းရဲ့စကားကို
သူနားထောင်နေသလားမသေချာ။ သူ့ရဲ့ရီဝေတဲ့မျက်လုံးတွေက ခပ်လှမ်းလှမ်းက
လေအဝှေ့မှာ လွင့်ပါနေသော ရော်ရွက်ဝါလေးတွေကို ငေးကြည့်နေတယ်။ ဟော
ရော်ရွက်ဝါလေးတစ်ခု ကြွေလွင့်ပြန်ပြီ။ ဖြုတ်ခနဲ……။
စည်သူထက် (မအူပင်တက္ကသိုလ်)
April 1, 2014