နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, November 19, 2017

Reported Speech အကြောင်း တစေ့တစောင်း


          Reported speech အကြောင်းကို ကျွန်တော်တို့တွေ ကိုးတန်း၊ ဆယ်တန်းတွေမှာ တွင်တွင်သင်ရ၊ ဖြေရတယ်။ ဒါပေမဲ့ အချိန်၊ ကျောင်းသားတွေရဲ့ သင်ယူနိုင်စွမ်းအရ ပြည့်ပြည့်စုံစုံမသင်နိုင်ဘဲ ပုံသေနည်းလေးတွေ ပေးပြီး သင်ရတာပေါ့။ ဒီစာကတော့ တချို့ ဆရာမငယ်လေးတွေက သူတို့ သိထားတဲ့အချက်တွေနဲ့ နမူနာအဖြေပေးထားတာ မတူလို့ နားမလည်ဘဲ စာလာမေးကြတဲ့အပေါ်အခြေခံပြီး ရှုထောင့် တစ်မျိုးက ချဉ်းကပ်ကြည့်ထားတာပါ။

          Reported speech ဆိုတာ ဘာလဲ။ ဘာကြောင့် ဒီလိုသုံးရတာလဲ။ ဒါကို မပြောခင် ဒီဥပမာပေးထားတဲ့ အခြေအနေလေးကို အရင်ကြည့်ပါ။ ဒီပုံလေး…






ဒီနမူနာအခြေအနေမှာ ပေါလ် ပြောတာကို ကိုယ်ကကြားရတယ်ဆိုပါတော့။ ဟုတ်ပြီ။ သူပြောခဲ့တဲ့ စကားကို တစ်ယောက်ယောက်ကို ပြန်ပြောပြချင်ရင် ပြောပုံပြောနည်း နှစ်မျိုးရှိတယ်။ သူပြောတဲ့အတိုင်း တိုက်ရိုက်ပြန်ပြောချင်ပြော၊ မပြောချင်ရင် ကိုယ့်စကားကိုသုံးပြီး တဆင့် ပြန်ပြောရင်ပြောပေါ့။ အင်္ဂလိပ်လိုဆိုရင် ဒါတွေကို

          (1) Direct Speech and

          (2) Indirect or reported Speech  လို့ သိထားတယ်မဟုတ်လား။ 

          Paul ရဲ့ စကားအတိုင်း အတိအကျပြန်ပြောမယ် (direct speech)။ ဒီလိုဖြစ်မယ်။

o   Paul said “I’m feeling ill.”

o   ပေါလ်ကပြောတယ် “ငါနေမကောင်းဖြစ်နေတယ်”။

          (ပုံထဲမှာ သူပြောခဲ့တဲ့အတိုင်း တသွေမတိမ်းပဲနော်။ ဒါက တိုက်ရိုက်စကား)



          reported speech သုံးလို့လည်း ရသေးတယ်။

o   Paul said that he was feeling ill.

          ပေါလ်က သူနေမကောင်းဖြစ်နေတယ်လို့ ပြောတယ်။ (ဟော.. ဒါကျတော့ တိုက်ရိုက်ပြောတာ မဟုတ်တော့ပြန်ဘူး။ သူပြောခဲ့တဲ့ အဓိပာယ်ကို ကိုယ့်ရဲ့ ဝါကျတွေ သုံးပြီး ပြောတာပဲ။)

          အခုပြောမှာက reported speech အကြောင်းမဟုတ်လား။ အဲဒီတော့ အဲဒါအကြောင်းလေး ဆက်ကြည့်ရအောင်။

          တဆင့်ပြန်ပြောတယ်ဆိုကတည်းက ကိုယ့်ကိုယ်ကို ပြောတဲ့အခါ သုံးနှုန်းတဲ့ I, we မသုံးသင့်ဘူး ဆိုတာ မြင်သင့်ပြီ။ အဲဒီလိုပဲ သူများကို တိုက်ရိုက် ရည်ညွှန်းတဲ့ you လည်း ဘယ်သုံးသင့်ပါ့တော့မလဲ။ ဒါကြောင့် အဲဒီလို pronoun တွေကို he, she, it, they စတဲ့ third person ပုံစံတွေကို ပြောင်းပေးရတယ်။ 

          နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ တစ်ယောက်ယောက် ပြောတဲ့စကားကို တဆင့်ပြန်ပြောတဲ့အခါ အချိန်တွေကွာသွားပြီလေ။ သူပြောတဲ့စကားက ပြီးခဲ့ပြီ။ အတိတ်မှာ ဖြစ်ခဲ့ပြီ။ ဒါကြောင့် present ပုံစံကို past ပြောင်းပေးဖို့ဆိုတာ အင်မတန်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။


ဒီဥပမာတွေလို ပြောင်းပေးရတာပေါ့။
am/ is > was
do/does > did
are > were
have/has > had
can > could
will > would
want/like/know/go etc. > wanted/liked/knew/went etc

          နောက်တစ်ခုက သေချာတဲ့ အချိန်၊ နေရာပြတဲ့စကားလုံးတွေကို မသေချာတဲ့ပုံစံကို ပြောင်းပေးရတယ်။ ဒါကလည်း ရှင်းပါတယ်။ ပြောတဲ့သူပြောတုန်းက အချိန်တွေ၊ နေရာတွေ သေချာပေမဲ့ တဆင့်ပြန်ပြောတဲ့အချိန်မှာ ဘယ်အချိန်ကို ရည်ညွှန်းသလဲ၊ ဘယ်နေရာ ရည်ညွှန်းသလဲ သေချာတော့တာမှ မဟုတ်တာ။

          ပြောင်းပေးရတဲ့ နမူနာလေးတွေ


here > there
now > then
yesterday > the day before



          ခုပြောခဲ့တာတွေက မိတ်ဆက်လေးတွေပေါ့။ ဆရာ၊ ဆရာမအများစု၊ ကျောင်းသား၊ ကျောင်းသူ အများစု သိသားပြီးသားတွေပါ။ (အသေးစိတ် ရေးထားတာလေး လိုချင်ရင်လည်း ပြောပါ။ ပေးပါမယ်)

          အရေးကြီးပြီး နားမလည်ထားဘူးဆိုရင် သံသယဖြစ်စရာကောင်းတဲ့ အချက်တွေကတော့ ဒီလို။

          စာသင်တဲ့အခါ V2 (past simple) ဆိုရင် had + V3 (past perfect) ပြောင်းခိုင်းကြတယ်မဟုတ်လား။ အိုကေ။ မမှားပါဘူး။ ဒါပေမဲ့ past simple ကိုလည်း သုံးတာ များတယ်ဆိုတာ သိရပါမယ်။

          ဒီစာလေးဖတ်ကြည့်ပါ။

          The past simple (did/saw/knew etc.) can usually stay the same in reported speech, or you can change it to the past perfect (had done/had seen/ had known etc.).

          reported speech မှာ past simple က ပုံစံအတူတူပဲ ရှိနေနိုင်လေ့ရှိတယ်။ ဒါမှမဟုတ်ရင်လည်း past perfect ပုံစံကို ပြောင်းနိုင်သတဲ့။

          ဒီစာကြောင်းအရ reported speech သုံးပြီး ပြန်ပြောတဲ့အခါ ပြောလေ့ရှိတာ past simple (V2) ဖြစ်တယ်။ ပြောင်းချင်မှသာ had + V3 ပြောင်းတယ်ဆိုတာ သိနိုင်ပြီပေါ့။ V2 ဆို  had + V3 ဆိုပြီး ပုံသေမှတ်ထားတဲ့သူတွေဟာ past simple (V2) နဲ့ပဲ ဖြေထားတာတွေကို တွေ့ရတာအခါ နားမလည် ဖြစ်ရတတ်ပါတယ်။

          ဒီဥပမာကို ကြည့်ပါ။

          direct >> Paul said ‘I woke up feeling ill, so I didn’t go to work.’

          reported >> Paul said (that) he woke up feeling ill, so he didn’t go to                                             work. (or)

                                      Paul said (that) he had woken up feeling ill, so he hadn’t                                             gone to work.

          that ကို (…) ထဲ ထည့်ထားရတာက ထည့်လို့လည်းရတယ်။ ဖြုတ်ထားခဲ့လည်း ရတယ်ဆိုတာ သဘော။ statement ဝါကျမို့ that မဖြစ်မနေ ထည့်ရမယ်လို့လည်း မဟုတ်ပြန်ဘူး။

          နောက်ထပ် သိသင့်တဲ့ တစ်ချက်ကိုလည်း ပြောပါဦးမယ်။ reported speech မှာ present simple ကို past simple ပြောင်းပေးရတယ်ဆိုပေမဲ့ အမြဲတမ်းပြောင်းပေးဖို့ လိုအပ်တာတော့ မဟုတ်ဘူး။ ဒီစာကြောင်းကို ဖတ်ကြည့်ပါ။

          If the situation is the same, you do not need to change the verb to the past.

          အခြေအနေက အတူတူပဲ ဆိုရင် verb ကို past ပြောင်းပေးစရာ မလိုပါဘူးတဲ့။

          အခြေအနေတူတယ်ဆိုတာ ဘာကို ပြောတာလဲ။ ဒီနမူနာလေး ဖတ်ကြည့်ရင် ရှင်းသွားလိမ့်မယ်။

          Direct speech >> Paul said ‘My new job is boring’.

          Reported speech >> Paul said that his new job is boring.

          ပေါလ်ရဲ့ အလုပ်က ငြီးငွေ့စရာကောင်းတယ်ဆိုတဲ့ အခြေအနေဟာ ပေါလ်ပြောတုန်းကနဲ့ ကိုယ်က တဆင့်ပြန်ပြောတဲ့အခါမှာ မပြောင်းလဲသွားဘူးလေ။ အရင်ကလည်း ငြီးငွေ့ဖို့ကောင်းတာပဲ။ ခုလည်း ငြီးငွေ့ဖို့ကောင်းတာပဲ။ ဒါကို နမူနာယူပြီး ကမ္ဘာကြီးက လုံးဝန်းတယ်။ သကြားက ချိုတယ်။ စတဲ့ ဥပမာတွေလည်း အတူတူပဲဆိုတာ နားလည် သင့်ပါတယ်။

          ဒီလိုပြောလို့ present simple ကို past simple ပြောင်းရင် မှားသတဲ့လား။ မမှားပါဘူး။ ပြောင်းလို့ ရပါတယ်။

          ဒီလိုမျိုးပေါ့။

          Paul said that his new job was boring.

          ဒီစာရဲ့ ရည်ရွယ်ချက်ကို အကျဉ်းသဘော ပြောရရင် အင်္ဂလိပ်စာဟာ ဘာသာစကား ဖြစ်တယ်။ ဒါကြောင့် “ဒီလိုပုံစံနဲ့ပဲရေး၊ ဒီလိုလုပ်မှ အမှန်၊ ဒီလိုမဖြေရင် အမှတ်မပေးဘူး” ဆိုတာထက် အသုံးချတဲ့ နယ်ပယ်ဘက်ရောက်အောင် ဆရာ၊ ဆရာမတွေဘက်က အားပေးစေချင်ပါတယ်။ ဒီလိုအားပေးနိုင်ဖို့အတွက် ဘာသာစကား အမြင်ကျယ်ဖို့လိုပါတယ်။

          တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာ၊ စာအုပ်စာတမ်းတွေ အမြဲမပြတ် လေ့လာနေတာဟာ ကိုယ့်အတွက်၊ ကိုယ့်ကျောင်းသားတွေအတွက်ဆိုတဲ့ နယ်ပယ်ထက်ကျော်လွန်ပြီး နိုင်ငံအတွက်ပါ အကျိုးရှိတယ်ဆိုတာလေး မှတ်ယူစေချင်ပါတယ်။ ကျွန်တော်တို့ အတူတူ ကြိုးစားကြရအောင်လားဗျာ။

         
Ref: English Grammar in Use (Raymond Murphy)                                                                                             

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ