နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Monday, August 19, 2019

Phonetics (1)


အသံထွက်သင်္ကေတတွေ ဖြစ်တဲ့ IPA (International Phonetic Alphabet) တွေအကြောင်း သင်ပြပေးဖို့ ပြောကြတာ ကြာလှပါပြီ။ ဒါပေမဲ့ စာရေးပြဖို့ မလွယ်တာနဲ့ ရေးပေးမယ်ပြောပြီး ကတိပျက်နေတာ ကြာပါပြီ။ ခု စာရော၊ video ရော တွဲပြီး သင်ပြပါမယ်လို့ တွေးပါတယ်။
 
ဒီသင်ခန်းစာတွေက ဘယ်လူတွေအတွက် အကျိုးရှိမလဲဆိုတော့ အင်္ဂလိပ်စာ အထူးပြု လေ့လာသူတွေ၊ ပညာရေးတက္ကသိုလ် တက်ရောက်နေတဲ့သူတွေ၊ အသံထွက်မှန် စိတ်ဝင်စားတဲ့ သူတွေအတွက် အထူးအကျိုးရှိမှာပါ။
 
တချို့က ပြောကြလိမ့်မယ်။ ဟာ..ခေတ်က ဒီလောက်တိုးတက်နေတာ။ အင်တာနက်လေး ဖွင့်ပြီးပဲ ရှာမလား၊ ဖုန်းထဲထည့်ထားတဲ့ အဘိဓာန်လေးကို နှိပ်ပြီး အသံထွက်ရှာမလား လွယ်မှလွယ်။ အရင်ခေတ်ဟောင်းလို ဒီအသံထွက်သင်္ကေတတွေ သိစရာ မလိုပါဘူးဆိုပြီး ပြောကြမယ်။
 
ဒီလိုပြောတာ အတိုင်းအတာ တစ်ခုအထိမှန်ပါတယ်။ အသံထွက်သင်္ကေတတွေကို အထူးပြု ဘာသာရပ်တစ်ခုအနေနဲ့ သင်ရတဲ့သူတွေကို ထားလိုက်ပါတော့။ သူတို့က အရေးပါပုံကို သိပြီးသား။ ရိုးရိုးအင်္ဂလိပ်စာ လေ့လာသူတွေအတွက် ပြောပါမယ်။
 
ဖုန်းထဲ၊ အဘိဓာန်စာအုပ်ထဲမှာပါတဲ့ ကောက်ကောက်ကွေးကွေး သင်္ကေတတွေက အသံထွက် သင်္ကေတတွေမှန်းတော့ သိပြီးသားဖြစ်မှာပေါ့နော်။ ကျွန်တော်တို့ ဘယ်ဘာသာစကားမဆို အသံမထွက်တတ်တဲ့အခါ ဒီသင်္ကေတလေးတွေရဲ့ အကူအညီနဲ့ အသံထွက်လို့ရပါတယ်။ တချို့စာလုံးတွေဆို အသံထွက်ကို အင်တာနက်ကနေ နားထောင်တယ်။ ကိုယ်ပြန်ပြီး အသံထွက်ဖို့ကျတော့ ထွက်လို့ကို မရဘူးဖြစ်နေတယ်။ တစ်သံချင်း တစ်ဆင့်ချင်း သိဖို့၊ လိုက်ပြောနိုင်ဖို့ကျတော့ ခက်နေတယ်။ အိုကေဒါမျိုးမှာ IPA သင်္ကေတလေးတွေက အများကြီး အကူအညီပေးပြီပေါ့။ ဒါ့အပြင် ကျွန်တော်တို့ သိထားတဲ့အသံထွက်ကို စာလုံးဘေးမှာ မှတ်ထားချင်တယ်ဆိုရင်ကော မြန်မာလို မှတ်မလား။ တချို့စာလုံးတွေက မြန်မာသံမှာမပါတဲ့အတွက် မှတ်မရဘူး။ ဒါတွေ အားလုံးအတွက် IPA နဲ့သာ မှတ်ထားရင် လွယ်လွယ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ကျောင်းတက်ကတည်းက ခုထိ စာလုံးတစ်လုံးကို အသံမထွက်တတ်လို့ မှတ်ထားရင် IPA သင်္ကေတနဲ့ မှတ်ပါတယ်။ ကိုယ့်ရဲ့အသံထွက် အများကြီး တိုးတက်တာပေါ့။

ပြဿနာတစ်ခုတော့ ရှိတယ်။ ဒီသင်္ကေတတွေက သပ်သပ်သင်ယူရတာ ဖြစ်တဲ့အတွက် စစချင်းမှာ မမှတ်မိဘူး။ ဒါ့အတွက်ကတော့ ကျွန်တော်တို့ တစ်ခါတည်း မှတ်မိဖို့ မကြိုးစားသင့်ဘူး။ စာလုံးလေးတွေနဲ့ အသံလေးတွေနဲ့ ရှာရင်း၊ အသံထွက်ကြည့်ရင်း အလိုလို မှတ်မိလာအောင် လုပ်တာ ပိုကောင်းပါတယ်။ ဒီတော့ ခက်မယ်လို့လည်း မတွေးပါနဲ့။
 
ကျွန်တော်ခု သင်ခန်းစာတွေကို စာတွေ၊ video တွေနဲ့ ရေးပေး၊ သင်ပြပေးသွားပါမယ်။ တစ်ထိုင်တည်း သင်ရင်ရပေမဲ့ နည်းနည်းစီနဲ့ စွဲစွဲမြဲမြဲ မှတ်မိတာ ပိုအကျိုးရှိတာမို့ နေ့စဉ်သင်ခန်းစာတွေ အနေနဲ့ ရေးသွား၊ သင်သွားမှာပါ။ အင်္ဂလိပ်စာမေဂျာတွေ၊ ပညာရေးတက္ကသိုလ် တက်ရောက်နေတဲ့သူတွေရဲ့ စာမေးပွဲအတွက်ပါ အကျိုးရှိစေချင်တာမို့ သင်္ကေတကို ဖတ်တတ်ရုံသက်သက်မဟုတ်ဘဲ လေ့ကျင့်ခန်းတွေနဲ့ပါ လုပ်သွားပါမယ်။
 
ဒီနေ့ကတော့ နိဒါန်းပေါ့နော်။ မနက်ဖြန်မှာ ပထမဆုံး သင်ခန်းစာ စပါမယ်။

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ