နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, November 24, 2017

house / home နဲ့ ပတ်သတ်တဲ့ စကားလုံး၊ အသုံးအနှုန်းလေးတွေ

ဒီလမှာ house / home နဲ့ ပတ်သတ်တဲ့ စကားလုံး၊ အသုံးအနှုန်းလေးတွေ လေ့ကျင့် ကြည့်ရအောင်နော်။

ပထမဆုံးအနေနဲ့ house နဲ့ home ကွာခြားချက်လေး အရင်ကြည့်ရအောင်။ ကျောင်းသားတွေအဖို့ အင်္ဂလိပ်စာဆရာတွေကို ခဏခဏမေးရတဲ့ စကားလုံးနှစ်လုံးဆိုလည်း မမှာဘူးပေါ့။ ဒီတော့ မသိသေးတဲ့သူတွေလည်းသိအောင်၊ သိပြီးသားသူတွေလည်း ပိုပြီးမှတ်မိသွားအောင် ပြန်ကြည့်ကြမယ်။

Home ဆိုတာက house, apartment (တိုက်ခန်း), condo စသည်ဖြင့် လူတစ်ယောက်နေတဲ့ ဘယ်နေရာကို မဆိုခေါ်ပါတယ်။ ကိုယ်နေရင် ကိုယ့်အိမ်ပေါ့နော်။ ဥပမာ-ရွက်ဖျင်တဲ ထဲမှာနေတယ်ဆိုပါတော့။ ဒီရွက်ဖျင်တဲ့ဟာ ကိုယ့်အတွက် အိမ် (home) ပါ။ house နဲ့တော့ အဓိပာယ်ကွာပါတယ်။

House ဆိုတာကတော့ အဆောက်အဦးပုံစံတစ်မျိုးပေါ့။ တိုက်ခန်းတို့၊ ကွန်ဒိုတို့ဆိုတာ house မဟုတ်ပါဘူး။ house ဆိုတာ အိမ်ဆိုတဲ့ သီးခြားပုံစံတစ်မျိုးပါ။ ဒီတော့ နှစ်ခုယှဉ်ပြီးပြန်ပြောရရင် home ဆိုတာ ကိုယ်နေတဲ့ ဘယ်နေရာမဆိုကို ခေါ်ပြီးတော့ အိမ်ပုံစံရှိတဲ့ အဆောက်အဦးမှသာ house ပါ။ 

house နဲ့ home ဆိုင်ရာ အသုံးအနှုန်းတွေလည်း လေ့လာကြရအောင်။ သိပြီးသားတွေလည်း ပါပါမယ်။ မသိသေးတာတွေလည်း မှတ်သားပေါ့နော်။ 

ပထမဆုံးစာလုံးက hometown ပါ။ ဥပမာလေး အရင်ကြည့်ပါ။
My hometown is Toronto.
ကဲ.. hometown က ဘယ်လိုအဓိပာယ်ရမယ်ထင်လဲ။ ဟုတ်ပါတယ် hometown (ဇာတိမြို့) ဆိုတာ ကိုယ်မွေးခဲ့တဲ့ နေရာ ဒါမှမဟုတ် ကိုယ့်ရဲ့ငယ်ဘဝကို ကုန်ဆုံးစေခဲ့တဲ့ နေရာ (where you were born or where you spent your childhood) ပါပဲ။ ဥပမာ-
He was born in Bristol, but he considers London his home town since he's lived there most of his life.
သူ့ကို ဘရစ်စတိုမြို့မှာမွေးတယ်။ ဒါပေမဲ့သူက လန်ဒန်မြို့ကိုပဲ သူ့ဘဝရဲ့ အချိန်အများစု နေထိုင်ခဲ့ရာဖြစ်တဲ့အတွက် ဇာတိမြို့လို့ယူဆတယ်။

နောက်ထပ်စကားလုံးတစ်လုံးက homesick ပါ။ ဒီဥပမာလေးကို အရင်ကြည့်ပါဦး။ I’m homesick. I miss my family. ဒီဝါကျအရ homesick က ဘာအဓိပာယ်ဖြစ်မလဲ။ ပျော်တာလား။ ဝမ်းနည်းတာလား။ တကယ်တော့ homesick (အိမ်ကိုလွမ်းသော) ဖြစ်နေတယ်ဆိုရင် ဝမ်းနည်းတာကို ပြောချင်တာပါပဲ။ ဘာလို့ ဝမ်းနည်းရမှာလဲ။ အိမ်မှာမရှိလို့၊ ကိုယ့်နိုင်ငံမှာမရှိလို့၊ ကိုယ့်မြို့မှာမရှိလို့ ဝမ်းနည်းတာမျိုးပါ။ ဥပမာ-
As I read my mother's letter, I began to feel more and more homesick.
အမေ့ရဲ့စာကို ဖတ်နေရင်း ကျွန်တော် ပိုပိုပြီး အိမ်ကိုလွမ်းလာတယ်။

နောက်ထပ်စကားလုံးနှစ်လုံးက homeless နဲ့ homelessness ပါ။ ဒီစကားလုံးနှစ်လုံးရဲ့ အဓိပာယ်ကတော့ အတူတူပါပဲ။ ဒါပေမဲ့ homeless  (အိုးမဲ့အိမ်မဲ့) က Adjective ဖြစ်ပြီး  homelessness (အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း)  က Adverb ပါ။ ဥပမာ-
(1)  Accommodation needs to be found for thousands of homeless  families.
အိုးမဲ့အိမ်မဲ့မိသားစုတွေ ထောင်ပေါင်းများစွာအတွက် နေရာထိုင်ခင်းတွေ ရှာတွေ့ဖို့လိုတယ်။
(2)  One common cause of homelessness  is separation or divorce.
အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းရဲ့ အတွေ့ရများတဲ့အကြောင်းတစ်ခုက လင်မယားကွဲတာရယ်၊ ကွာရှင်း ပြတ်စဲကြတာကြောင့်ဖြစ်တယ်။

ခုပြောမယ့် စကားအသုံးအနှုန်းတစ်ခုကတော့ ကောင်းတဲ့အသုံးအနှုန်းလေးပါ။ Home sweet home. တဲ့။ ရပ်ဝေးတစ်ခုခုသွားပြီး အိမ်ပြန်ရောက်တဲ့အခါ ဝမ်းသာအားရပြောကြလေ့ရှိတဲ့ စကားလေးပါပဲ။ I am happy to be home.  လို့ အဓိပာယ်ရပါတယ်။ 

နောက်ထပ် ကျောင်းသားတွေ မကြာခဏဆိုသလို ရောထွေးတတ်တဲ့ စကားလုံးတွေကို ကြည့်ပါဦး။ housework နဲ့ homework ပါ။ ရောတတ်တာလည်း အပြစ်တင်ရခက်ပါတယ်။ စကားလုံးတွေက ဆင်တူနေတာကိုး။ 

housework က အိမ်သန့်ရှင်းရေးနဲ့ဆိုင်ပါတယ်။ အဝတ်လျှော်တာတို့၊ ပန်းကန်တွေဆေးကြောတာတို့၊ ချက်ပြုတ်တာတို့ဖြစ်နိုင်ပါတယ်။ ကိုယ့်အိမ်ကို သန့ှ်ရှင်းအောင်ထားဖို့ လုပ်တဲ့အလုပ်အားလုံး (All of the work that you do to keep your house clean is housework.) ကို housework (အိမ်တွင်းမှုအလုပ်၊ အိမ်မှုကိစ္စ) လို့ခေါ်ပါတယ်။ ဥပမာ သူက သန့်ရှင်းရေးအကုန်လုပ်၊ ချက်ပြုတ်တာတွေအကုန်လုပ်၊ လျှော်ဖွပ်တာတွေ အကုန်လုပ်ရင် She does all the housework. လို့ ပြောနိုင်ပါတယ်။

homework (အိမ်စာ) ကတော့ housework နဲ့ အဓိပာယ်ကွာပါတယ်။ ကိုယ်ကကျောင်းသားသာဆို homework ကို ကောင်းကောင်းသိမှာပေါ့။ အိမ်မှာလုပ်ဖို့အတွက် ကျောင်းကနေရလာတဲ့ အလုပ်လေ။ ပြီးတော့နောက်တစ်နေ့ ကျောင်းကို ယူသွားပြီး ဆရာမက အမှတ်ခြစ်ပေးတာ။ ဒါဟာ homework ပေါ့။ ဥပမာ-
Our teacher gave us too much homework.
ဆရာမက အိမ်စာတွေအများကြီးပေးလိုက်တယ်။

ဒီတစ်ခါ make yourself at home ဆိုတဲ့ အသုံးအနှုန်းလေးကို လေ့လာပါဦး။  သိပ်အသုံးဝင်တဲ့ စကားအသုံးအနှုန်းပါ။ အိမ်ကို ဧည့်သည်တစ်ယောက် လာလည်ပြီဆိုပါတော့။ သူ့ကို သက်သောင့် သက်သာလေး နေစေချင်တယ်ဆိုရင် make yourself at home (ကိုယ့်အိမ်လိုသဘောထားပါ) လို့ ပြောရမှာပေါ့။

ကျောင်းသားအများစု မသိကြပေမဲ့ အင်မတန်အသုံးဝင်တဲ့ နောက်ထပ်စကားအသုံးအနှုန်းတစ်ခုက on the house ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေသွားတဲ့အခါ ဒီစကားများကြားရပြီဆိုရင် အတော်ဝမ်းသာစရာ ကောင်းမှာပါ။ on the house ဆိုတာ ဆိုင်ရာက ကျခံသော၊ အခမဲ့ ဆိုတဲ့ အဓိပာယ်ရပါတယ်။ ဥပမာ-
All the drinks were on the house.
အဖျော်ယမကာတွေ အကုန်လုံးက အခမဲ့ပါ။

နောက်ထပ်အသုံးအနှုန်းကလည်း စားသောက်ဆိုင်နဲ့ ဆိုင်တာပါပဲ။ house speciality တဲ့။ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ နာမည်ကျော်တဲ့ အစားအစာ ဒါမှမဟုတ် အစားအသောက်တစ်မျိုးမျိုးကို ဆိုလိုပါတယ်။ ဥပမာ-
Pizza is their house specialty.
ပီဇာက သူတို့ဆိုင်ရဲ့ နာမည်ကျော်အစားအစာပဲ။

စကားအသုံးအနှုန်းလေး နည်းနည်းထပ်ကြည့်ရအောင်။ အဲဒီထဲက တစ်ခုကတော့ house wine ပါ။ house wine ဆိုတာ စားသောက်ဆိုင်တစ်ခုမှာ ဈေးပိုသက်သာတဲ့ ဝိုင်အမျိုးအစားပါ။

House music ဆိုတာ ကလပ်တွေမှာ သိပ်ပြီးတော့လူသိများတဲ့ အက ဂီတတစ်မျိုးပါ။ ဥပမာ-
The club plays house and hip hop music.

ဒီဥပမာလေးကို ကြည့်ပါဦး။ It’s a fullhouse. There are no more tickets for the play. ဥပမာကို ဖတ်ကြည့်ရုံနဲ့ အဓိပာယ်ကို အလွယ်တကူမှန်းဆနိုင်မှာပေါ့။ fullhouse (ရုံပြည့်) ဆိုတဲ့ အဓိပာယ်ပါ။ ပြဇာတ်ရုံတွေ၊ ပြဇာတ်တွေနဲ့ ဆိုင်ရာမှာ သုံးပါတယ်။

နောက်ဆုံးပြောမှာက house party ဆိုတဲ့ စကားလုံးပါ။ အဓိပာယ်မှန်းဆရတာ လွယ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အိမ်မှာလုပ်တဲ့ ပါတီက house party ပါပဲ။

စာတွေ ဖတ်ပြီးလေ့လာပြီးပြီးဆိုရင် ဥပမာဝေဝေဆာဆာနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရှင်းပြထားတဲ့ native speaker ဆရာမရဲ့ ဗီဒီယိုလေးလည်း ကြည့်ပါဦး။

အင်္ဂလိပ်စာလေ့လာရင်း တိုးတက်အောင် ကြိုးစားကြပါစို့။

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ