နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Saturday, March 14, 2020

I/me he/him they/them etc.


I/me, he/him, they/them စတာတွေကို pronoun (နာမ်စား) တွေလို့ ခေါ်ပါတယ်။ ဒီစကားလုံးတွေကို သုံးစွဲပုံက သိပြီးသားလူတွေအဖို့ အတော်လွယ်ပေမဲ့ အခြေခံအားနည်းသူတွေအဖို့ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် အခြေခံကစပြီး ပြန်လေ့လာချင်ရင်ပဲဖြစ်ဖြစ်၊ သူများကို ပြန်ပြီးသင်ပေးချင်ရင်ပဲဖြစ်ဖြစ် အဆင်ပြေအောင် ရှင်းလင်းရေးသားပေးပါမယ်။
ပုံလေးကို အရင်ကြည့်ပါ။


         
          ဒီပုံတွေထဲက ကိုယ့်ကိုယ်ကိုယ် ပြန်ညွှန်ပြနေတဲ့ ပုံမှာ Subject က I, object က me ဆိုပြီး ပြထားတာ တွေ့မှာပေါ့။ နှစ်ယောက်ပုံမှာ သူတို့ကိုယ်သူတို့ ပြန်ညွှန်ပြနေတဲ့ ပုံဆို we, us ၊ သူများကို ညွှန်ပြနေပုံဆို you, you ၊ ယောင်္ကျားလေးတစ်ယောက်ကို ညွှန်ပြနေပုံဆို he, him ၊ မိန်းကလေး တစ်ယောက်ကို ညွှန်ပြနေပုံဆို she, her ၊ အများကို ညွှန်ပြနေတဲ့ပုံဆို they, them ဆိုပြီး ပြထားတာ တွေ့လိမ့်မယ်။ ဒါလေးကို စိတ်ထဲစွဲမြဲနေအောင် မှတ်ထားပါ။
          အသေးစိတ်ကို ဝါကျနဲ့ကြည့်ရအောင်။
Subject ပုံစံနဲ့ သုံးထားတာတွေ ကြည့်ရအောင်။ ဝါကျအားလုံးက တွမ်ကို သိတဲ့ အကြောင်း ပြောထားတာတွေပေါ့။ I, We, You, He, She, They ဆိုတဲ့ Subject တွေ သုံးပြီး ပြောကြမယ်။
§  I know Tom.
§  We know Tom.
§  You know Tom.
§  He knows Tom.
§  She knows Tom.
§  They know Tom.
ဒီတစ်ခါ Object အနေနဲ့ သုံးစွဲပုံကိုလည်း ကြည့်ကြမယ်။ အကြောင်းအရာကို ပြန်လှည့်ပြီး တွမ်က သိတဲ့ပုံစံ ပြန်ပြောကြည့်ကြတာပေါ့။ Object အနေနဲ့ သုံးတာမို့ me, us, you, him, her, them တွေ သုံးကြမယ်နော်။
§  Tom knows me.
§  Tom knows us.
§  Tom knows you.
§  Tom knows him.
§  Tom knows her.
§  Tom knows them.
          ပြန်ချုပ်ပြီး ကြည့်မယ်ဆိုရင် လူတွေအကြောင်းကို Subject အနေနဲ့ သုံးဖို့ဆိုရင် I, we, you, he, she, they စတဲ့ pronoun (နာမ်စား) တွေသုံးရပြီး Object အနေနဲ့ သုံးဖို့ဆိုရင် me, us, you, him, her, them စတဲ့ pronoun တွေ သုံးရတယ်။
ဒီတစ်ခါ အရာဝတ္ထုတွေအတွက် နာမ်စားဘယ်လိုသုံးရမလဲဆိုတာ ကြည့်ကြမယ်။ ပုံလေးကို အရင်ကြည့်လိုက်နော်။

ဒီပုံလေးမှာ ကောင်မလေးက ဝတ်စုံကို ကိုင်ကြည့်ပြီး ဒီလိုပြောတယ်။ ဝါကျမှာသုံးထားတဲ့ nice က ကောင်းသော လို့ အဓိပ္ပာယ်ရတယ်နော်။
§  It’s nice. I like it.
ဒါဆိုရင် Subject နေရာမှာလည်း it, object နေရာမှာလည်း it ဖြစ်နေတာ တွေ့လိမ့်မယ်။ ဟုတ်ပါတယ်။ အရာဝတ္ထုတစ်ခု အစားသုံးတဲ့ pronoun က subject လည်း it, object လည်း it ပါပဲ။
နောက်ထပ် ပုံတစ်ခုကို ကြည့်ရအောင်။

        ဒီပုံမှာက ရှူးဖိနပ်တွေ ကိုင်ကြည့်ပြီး They’re nice. I like them. လို့ပြောတယ်။
        ဒါဆိုရင် အရာဝတ္ထုအများကို ပြောတဲ့အခါ subject ဆိုရင် they, object ဆိုရင် them လို့ သုံးရတာ သိနိုင်ပြီပေါ့။ သူ့ကျတော့ it လို subject ရော object ပါ ပုံစံအတူတူမဟုတ်ဘဲ subject ဆို they, object ဆိုရင် them သုံးရတာ မှတ်ထားနော်။
        ဥပမာလေးတွေ ကြည့်ကြမယ်။
§  I don’t want this book. You can have it.
ငါ ဒီစာအုပ်ကို မလိုချင်ဘူး။ အဲဒါကို မင်းယူလိုက်လို့ ရတယ်။
§  I don’t want these books. You can have them.
ငါ ဒီစာအုပ်တွေကို မလိုချင်ဘူး။ အဲဒါတွေကို မင်းယူလိုက်လို့ ရတယ်။
§  Kate never drinks milk. She doesn’t like it.
ကိတ်က နို့ဘယ်တော့မှ မသောက်ဘူး။ သူ အဲဒါကို မကြိုက်ဘူး။
§  I never go to parties. I don’t like them.
ကျွန်မက ပါတီပွဲတွေကို ဘယ်တော့မှ မသွားဘူး။ အဲဒါတွေကို မကြိုက်ဘူး။
          ဝါကျတစ်ကြောင်းရဲ့ Subject နေရာမှာ ဘာသုံးရမယ်၊ object နေရာမှာ ဘာသုံးရမယ်ဆိုတာတော့ ပြောခဲ့ပြီးပါပြီ။ ဒါဖြင့်ရင် preposition နောက်မှာဆိုရင်ကော subject ပုံစံသုံးရမလား၊ object ပုံစံ သုံးရမလား။
Preposition နောက်မှာ object ပုံစံ သုံးရပါတယ်။
အင်္ဂလိပ်လိုနဲ့ တွဲမှတ်ထားပါ။
v  We use me/her/ them etc. (object) after a preposition (for/to/with etc.)
(for/to/with စတဲ့) preposition ရဲ့နောက်မှာ object ဖြစ်တဲ့ me/her/them စတာတွေ သုံးပါတယ်။
          ဥပမာတွေ ကြည့်ပါဦး။
§  This letter isn’t for me. It’s for you.
ဒီစာက ကျွန်တော့်အတွက် မဟုတ်ပါဘူး။ အဲဒါက ခင်ဗျားအတွက်ပါ။
§  Who is that woman? Why are you looking at her?
အဲဒီအမျိုးသမီးက ဘယ်သူလဲ။ ရှင်က သူ့ကို ဘာလို့ကြည့်နေတာလဲ။
§  We’re going to the cinema. Do you want to come with us?
တို့ ရုပ်ရှင်ရုံကို သွားမယ်။ မင်း တို့နဲ့ လိုက်ချင်လား။
§  Sue and Kevin are going to the cinema. Do you want to go with them?
ဆူးနဲ့ ကယ်ဗင်က ရုပ်ရှင်ရုံကို သွားမယ်။ မင်း သူတို့နဲ့ သွားချင်လား။
§  “Where’s the newspaper?” “You’re sitting on it.”
“သတင်းစာက ဘယ်မှာလဲ။” “ခင်ဗျား အဲဒီအပေါ်တက်ထိုင်ထားတယ်လေ”
          နောက်ထပ်သုံးစွဲပုံ တစ်ခုကိုလည်း ကြည့်ကြမယ်။
v  give it / them to…
§  I want that book. Please give it to me.
ကျွန်တော် အဲဒီစာအုပ်ကို လိုချင်တယ်။ ကျေးဇူးပြုပြီး အဲဒါကို ကျွန်တော့်ကို ပေးပါ။
§  Robert needs these books. Can you give them to him, please?
ရောဘတ်က အဲဒီစာအုပ်တွေ လိုတယ်။ ကျေးဇူးပြုပြီး ခင်ဗျား သူ့ကို အဲဒါတွေ ပေးလို့ရမလား။

စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)
4th Edition

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ