နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, January 19, 2014

ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးပွားစေခြင်း






သင်ဟာ အပျက်သဘောဆောင်တဲ့ အကြံဥာဏ်တွေရဲ့ လွှမ်းမိုးမှုကို အလွယ်တကူခံရတဲ့ လူမျိုးဖြစ်နေပါသလား။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေတဲ့ ဒီသင်ခန်းစာတိုလေးကို လိုက်နာပါ။

“ဟင်နရီ ဝါ့ဒ် ဘီးချာ” ဟာ ကျောင်းမှာ အသက်ငယ်ငယ်ကောင်လေးတစ်ယောက်အဖြစ် ရှိနေစဉ်မှာ သူဘယ်တော့မှ မမေ့နိုင်တဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေတဲ့ သင်ခန်းစာတစ်ခုကို သင်ယူခဲ့ရပါတယ်။

သူ့ကို အတန်းရှေ့မှာ စာရွတ်ပြဖို့ခိုင်းပါတယ်။ သူက စတင်ပြီး ရွတ်ရုံရှိသေးချိန်မှာ ဆရာက ပြတ်ပြတ်သားသားနဲ့ “မဟုတ်ဘူး” လို့ ကြားဖြတ်ပြောတယ်။ သူက ပြန်စပါတယ်။ “မဟုတ်သေးဘူး” ဆိုတဲ့ ဆရာ့ရဲ့အသံ ထပ်ပြီးတော့ ဟိန်းထွက်လာပြန်ပါတယ်။ “ဟင်နရီ” အရှက်ရသွားပြီး ထိုင်ချလိုက်ပါတယ်။
နောက်ကောင်လေးတစ်ယောက် စာရွတ်ပြဖို့ ထရပါတယ်။ သူ စတင်ရုံရှိသေးချိန်မှာ ဆရာက “မဟုတ်ဘူး” လို့ အော်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းသားက စာကို အပြီးထိဆက်ရွတ်ပါတယ်။ သူထိုင်လိုက်တဲ့အခါ ဆရာက “သိပ်ကောင်းတယ်” လို့ ပြောပါတယ်။

“ဟင်နရီ” စိတ်တိုသွားပါတယ်။ “ကျွန်တော်လည်း သူရွတ်သလို ရွတ်ခဲ့တာပဲ” လို့ သူက ဆရာ့ကို မကျေမနပ် ပြောပါတယ်။

ဒါပေမဲ့ နည်းပြဆရာက ပြန်ပြောတယ်။

“မင်းရဲ့ သင်ခန်းစာကို သိတယ်ဆိုတာနဲ့တင် မလုံလောက်သေးဘူး။ တကယ်ကို သိနားလည်တယ်ဆိုတာ သေချာရမယ်။ ငါ မင်းကို ရပ်ခိုင်းတာကို မင်း လက်ခံလိုက်တဲ့အခါ မင်းဘက်က မသေချာသေးဘူးလို့ အဓိပ္ပာယ်ထွက်တယ်။ ကမ္ဘာကြီးက “မဟုတ်ဘူး” လို့ ပြောလာတဲ့အခါ မင်းရဲ့အလုပ်က ဟုတ်တယ် လို့ပြောပြီး အဲဒါကို သက်သေပြဖို့ပဲ။”

ကမ္ဘာကြီးက “မဟုတ်ဘူး” ဆိုတဲ့ စကားကို နည်းလမ်းပေါင်း တစ်ထောင်လောက်နဲ့ ပြောပါလိမ့်မယ်။

“မဟုတ်ဘူး။ မင်းဒါကို မလုပ်နိုင်ဘူး”
“မဟုတ်ဘူး။ မင်းမှားတယ်”
“မဟုတ်ဘူး။ မင်းက အသက်ကြီးလွန်းနေပြီ”
“မဟုတ်ဘူး။ မင်းက အသက်ငယ်လွန်းတယ်”
“မဟုတ်ဘူး။ မင်းက အားနည်းလွန်းတယ်”
“မဟုတ်ဘူး။ ဒါ ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ဘူး”
“မဟုတ်ဘူး။ မင်းမှာ ပညာအရည်အချင်းမရှိဘူး”
“မဟုတ်ဘူး။ မင်းမှာ နောက်ခံအင်အားမရှိဘူး”
“မဟုတ်ဘူး။ မင်းမှာ ငွေကြေးမရှိဘူး”
“မဟုတ်ဘူး။ ဒါကို လုပ်လို့မရဘူး”

သင် ကြားလိုက်ရတဲ့ “မဟုတ်ဘူး” ဆိုတဲ့ စကားတစ်ခွန်းစီမှာ သင် ရပ်တန့် နုတ်ထွက်လိုက်ရတဲ့ အချိန်ထိ သင့်ရဲ့ ယုံကြည်မှုကို တစ်စတစ်စ လျော့နည်းစေမယ့် အလားအလာ ရှိနေပါတယ်။

ကမ္ဘာကြီးက ဒီနေ့ သင့်ကို “မဟုတ်ဘူး” လို့ ပြောလာပေမဲ့ သင်က “ဟုတ်တယ်” လို့ ပြန်ပြောပြီး သက်သေပြနိုင်ဖို့ သန္နိဋ္ဌာန် ချထားသင့်လှပါတယ်။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: “Improving Self Confidence” by “Steve Goodier”
The Best English Magazine, January, 2014

အမှိုက်ကင်းတဲ့နေ့

 




တစ်နေ့မှာ ကျွန်တော် အငှားကားတစ်စီးပေါ်တက်ပြီး လေဆိပ်ကို ထွက်လာပါတယ်။ ကျွန်တော်တို့ ညာဘက်လမ်းကြောကနေ ကားမောင်းလာစဉ်မှာ ကားရပ်နားတဲ့ နေရာတစ်ခုကနေ အနက်ရောင်ကားတစ်စီး ကျွန်တော်တို့ရဲ့ အရှေ့တည့်တည့်ကို ထိုးထွက်လာတယ်။

ကျွန်တော့်ရဲ့ အငှားကားဒရိုင်ဘာက ဘရိတ်ကို ဆောင့်နင်းချလိုက်တယ်။ ကားက အရှေ့ကို လျှောထွက်သွားပြီးမှ တစ်ဖက်ကားကို သီသီကလေးလွတ်သွားပါတယ်။

တစ်ဖက်ကားရဲ့ ဒရိုင်ဘာက ချာခနဲခေါင်းလှည့်ကြည့်ပြီး ကျွန်တော်တို့ကို အော်ပါတော့တယ်။

ကျွန်တော့်ရဲ့ အငှားကားဒရိုင်ဘာက ပြုံးရုံပြုံးပြီး အဲဒီလူကို လက်ဝှေ့ယမ်းပြတယ်။ ကျွန်တော်ဆိုလိုချင်တာက တကယ့်ကို ရင်းရင်းနှီးနှီးလုပ်ပြတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က “ခင်ဗျားဘာလို့ ဒီလိုလုပ်ပြရတာလဲ။ ဒီလူက ခင်ဗျားရဲ့ ကားကို ဖျက်ဆီးပြီး ကျွန်တော်တို့ကို ဆေးရုံရောက်အောင်လုပ်တော့မလို့” ဆိုပြီး မေးမိတယ်။

ဒီအခါကျမှ ကျွန်တော့်ရဲ့ အငှားကားဒရိုင်ဘာက “အမှိုက်သိမ်းကား ဥပဒေသ” လို့ အခု ကျွန်တော်ခေါ်နေတဲ့ အချက်ကို သင်ပြပေးတယ်။

လူအများဟာ အမှိုက်သိမ်းကားတွေနဲ့ တူတယ်လို့ သူက ရှင်းပြတယ်။ သူတို့တွေဟာ ( ခံပြင်းခြင်း၊ ဒေါသဖြစ်ခြင်း၊ စိတ်ပျက်ခြင်းစတဲ့) အမှိုက်တွေ အပြည့်နဲ့ လှည့်လည်သွားနေကြတယ်။ သူတို့ရဲ့ အမှိုက်တွေ ပုံထပ်လာတာနဲ့အမျှ ဒါတွေကို ပစ်ရမယ့်နေရာတစ်ခုကို သူတို့လိုအပ်လာပါတယ်။ တစ်ခါတစ်ရံမှာ သူတို့က သင့်အပေါ်မှာ ပစ်မိပါလိမ့်မယ်။

ဒါတွေကို ကိုယ်တိုင်လက်မခံလိုက်ပါနဲ့။ သူတို့ကို ပြုံးပြလိုက်ပါ။ လက်ဝှေ့ယမ်းပြပါ။ ကောင်းကောင်းမွန်မွန် ဆုတောင်းမေတ္တာပို့သပါ။ ပြီးရင်ရှေ့ဆက်သွားပါ။ သူတို့ရဲ့အမှိုက်တွေကို လက်ခံပြီး အလုပ်မှာ၊ အိမ်မှာ ဒါမှမဟုတ် လမ်းမှာ တခြားသူတွေကို မဖြန့်ကြဲပါနဲ့။

အဓိကအချက်ကတော့ အောင်မြင်နေတဲ့သူတွေဟာ အမှိုက်သိမ်းကားတွေကို သူတို့ရဲ့တစ်နေ့တာကို လွှဲပြောင်းရယူခွင့်မပေးပါဘူး။ နံနက်ခင်းမှာ နောင်တတွေနဲ့ နိုးထရတာမျိုး မဖြစ်သင့်လောက်အောင် ဘဝက တိုတောင်းလှပါတယ်။ ဒါကြောင့် သင့်ကို မှန်မှန်ကန်ကန် ဆက်ဆံတဲ့သူတွေကို ချစ်ခင်ပါ။ မဆက်ဆံတဲ့သူတွေ အတွက်လည်း ဆုတောင်းပေးပါ။ ဘဝဆိုတာ သင်ဖန်တီးရတာက ဆယ်ရာခိုင်နှုန်းပဲရှိပြီး သင်လက်ခံယူရတာက ကိုးဆယ်ရာခိုင်နှုန်းရှိနေပါတယ်။

စိတ်ချမ်းမြေ့ဖွယ် အမှိုက်ကင်းစင်တဲ့ နေ့တစ်နေ့ ရရှိပါစေ။

စည်သူထက် (မအူပင်တက္ကသိုလ်)
Global English Magazine, September, 2013

"The Law of the Garbage Truck"

One day I hopped in a taxi and we took off for the airport. We were driving in the right lane when suddenly a black car jumped out of a parking space right in front of us.

My taxi driver slammed on his brakes, skidded, and missed the other car by just inches!

The driver of the other car whipped his head around and started yelling at us!

My taxi driver just smiled and waved at the guy. And I mean, really friendly. So I asked, “Why did you just do that? This guy almost ruined your car and sent us to the hospital!”

This is when my taxi driver taught me what I now call, “The Law of the Garbage Truck.”

He explained that many people are like garbage trucks. They run around full of garbage (frustration, anger, and disappointment, etc.). As their garbage piles up, they need a place to dump it and sometimes they’ll dump it on you.

Don’t take it personally. Just smile, wave, wish them well, and move on. Don’t take their garbage and spread it to other people at work, at home, or on the streets.

The bottom line is that successful people do not let garbage trucks take over their day. Life’s too short to wake up in the morning with regrets, so… love the people who treat you right & pray for the ones who don’t. Life is ten percent what you make it and ninety percent how you take it!

Have a blessed, garbage-free day.

Author Unknown

စိတ်ဖိစီးမှုတွေထည့်ထားတဲ့ဖန်ခွက်





စိတ်ပညာရှင်တစ်ဦးဟာ ပရိသတ်ကို စိတ်ဖိစီးမှုကိုင်တွယ်ဖြေရှင်းခြင်းအကြောင်း သင်ကြားရင်း အခန်းထဲမှာ လှည့်ပတ်လမ်းလျှောက်နေပါတယ်။သူက ရေထည့်ထားတဲ့ ဖန်ခွက်ကိုကိုင်မြှောက်လိုက်တဲ့အခါ လူတိုင်းက သူတို့ကို “ရေတစ်ဝက်မရှိတာလား၊ တစ်ဝက်ပြည့်နေတာလား” ဆိုတဲ့ မေးခွန်းကို မေးတော့မှာပဲလို့ မျှော်လင့်ထားကြတယ်။ အဲဒီအစားသူက မျက်နှာခပ်ပြုံးပြုံးနဲ့ “ဒီရေထည့်ထားတဲ့ဖန်ခွက်က ဘယ်လောက်လေးလဲလို့မေးတယ်။”

အဖြေတွေက ၈ အောင်စကနေ ၂၀ အောင်စအထိ အသံထွက်လာတယ်။ “အဲဒါက ဒီဖန်ခွက်ကို ကျွန်မဘယ်လောက်ကြာအောင် ကိုင်ထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျွန်မဒါကို တစ်မိနစ်လောက် ကိုင်ထားမယ်ဆိုရင် ပြဿနာမဟုတ်ဘူး။ တစ်နာရီကြာအောင် ကိုင်ထားမယ်ဆိုရင်တော့ ကျွန်မရဲ့လက်မောင်းတွေ ကိုက်လာလိမ့်မယ်။ တစ်နေကုန်သာကိုင်ထားမယ်ဆိုရင် ကျွန်မရဲ့လက်ထုံကျင်လာပြီး အကြောသေသွားလိမ့်မယ်။ ဒီဖြစ်ရပ်တစ်ခုချင်းစီမှာ ဖန်ခွက်ရဲ့အလေးချိန်မပြောင်းလဲသွားဘူး။ ဒါပေမဲ့ ဒီဖန်ခွက်ကို ကိုင်ထားတာ ကြာလေလေ၊ အဲဒါက ပိုပြီးလေးလေလေဖြစ်မှာပဲ။”

သူကဆက်ပြောတယ်။ “စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေဟာ ရေထည့်ထားတဲ့ ဒီဖန်ခွက်လိုပါပဲ။ သူတို့အကြောင်း ခဏစဉ်းစားကြည့်လိုက်၊ ဘာမှမဖြစ်ဘူး။ နည်းနည်းပိုကြာအောင် စဉ်းစားမယ်ဆိုရင် သူတို့က နာကျင်အောင်လုပ်လာပြီပေါ့။ သူတို့အကြောင်းတစ်နေကုန်သာ စဉ်းစားနေမယ်ဆိုရင်တော့ ရှင်တို့ဘာမှ မလုပ်နိုင်တော့ဘဲ အကြောသေသလိုခံစားရမှာပါပဲ။”

သင့်ရဲ့စိတ်ဖိစီးမှုတွေကို လွှတ်ချရမယ်ဆိုတာ သတိရဖို့အရေးကြီးပါတယ်။ ညနေခင်းမှာ စောနိုင်သမျှစောစော သင့်ရဲ့ဝန်ထုပ်ဝန်ပိုးတွေအားလုံးကို ချထားလိုက်ပါ။ ဒါတွေကို ညနေခင်းတစ်လျှောက်လုံးကနေ ညရောက်တဲ့အထိ မသယ်သွားပါနဲ့။ “ဖန်ခွက်” ကို ချထားဖို့ သတိရပါ။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: “Let go of your stresses” by “Author Unknown”
English For All Magazine
No.318, December,2013

မင်းသိပ်တော်တာပဲ



   
အောက်ပါဖြစ်ရပ်မှန်ဇာတ်လမ်းလေးက ကျွန်တော်တို့ရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်များစွာက ပဲရစ်မြို့၊အော်ပရာပြဇာတ်ရုံကြီးတစ်ခုမှာ ဒီဇာတ်လမ်းလေးဖြစ်ပွားခဲ့ပါတယ်။ ဒီပြဇာတ်ရုံကြီးမှာ နာမည်ကြီးအဆိုတော်တစ်ယောက်သီချင်းဆိုဖို့ စာချုပ်ချုပ်ထားတဲ့အတွက် လက်မှတ်တွေရောင်းအားကောင်းခဲ့ပါတယ်။ဂီတဖျော်ဖြေပွဲရှိတဲ့ညမှာ ပြဇာတ်ရုံထဲမှာလူတွေအပြည့်ပါပဲ။ လက်မှတ်တွေအားလုံးလည်းရောင်းလို့ကုန်သွားပါတယ်။

ပရိသတ်တွေမှာ မျှော်လင့်စောင့်စားမှု၊ စိတ်လှုပ်ရှားမှု စတဲ့ခံစားချက်တွေကိုယ်စီရှိနေကြတဲ့အချိန်မှာ ပြဇာတ်ရုံမန်နေဂျာက စင်ပေါ်တက်လာပြီး အခုလိုပြောပါတယ်။

"ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ အခုလို စိတ်ဝင်တစားနဲ့လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်မကောင်းစွာနဲ့ပြောရမှာတစ်ခုကတော့ ခင်ဗျားတို့လာရောက်နားသောတဆင်တဲ့ အဆိုတော်ဟာ နေမကောင်းတဲ့အတွက် ဒီညမဖျော်ဖြေနိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကို အလားတူဖျော်ဖြေမှုပေးနိုင်မယ်လို့ မျှော်လင့်ရတဲ့ သင့်တော်တဲ့အစားထိုးအဆိုတော်တစ်ယောက် ကျွန်တော်တို့မှာရှိထားပါတယ်ခင်ဗျာ"

ပရိသတ်ကြီးလည်း စိတ်ပျက်လက်ပျက်ညည်းညူမိပါတော့တယ်။ အစားဝင်ဆိုပေးတဲ့ အဆိုတော်ရဲ့နာမည်ကို ကြေငြာသွားတာကိုလည်း မကြားလိုက်ကြပါဘူး။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း စိတ်လှုပ်ရှားစရာအခြေအနေကနေ စိတ်ပျက်စရာအခြေအနေကို ပြောင်းသွားပါပြီ။

အစားထိုးဖျော်ဖြေပေးသူက အတတ်နိုင်ဆုံး ဖျော်ဖြေတင်ဆက်ပါတယ်။ ဖျော်ဖြေမှုပြီးဆုံးသွားချိန်မှာတော့ စိတ်မသက်သာစရာ တိတ်ဆိတ်နေပါတယ်။ဘယ်သူမှ လက်ခုပ်သြဘာမပေးကြပါဘူး။

ရုတ်တရက် ကောင်လေးတစ်ယောက် လသာဆောင်က ထရပ်ပြီး
"ဖေဖေ။ ဖေဖေက သိပ်တော်တာပဲ" လို့ အော်ပြောပါတယ်။
ပရိသတ်လည်း ရုတ်တရက်သောင်းသောင်းဖြဖြလက်ခုပ်သြဘာပေးမိပါတော့တယ်။

ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ဘ၀မှာ "မင်းသိပ်တော်တာပဲ" လို့ ထရပ်ပြီးပြောပေးမယ့်သူတွေ လိုအပ်လှပါတယ်။

(ချစ်ခင်အားပေးသူတွေအားလုံးကို ဒီစာနဲ့ ရည်ညွှန်းပါတယ်)

စည်သူထက်(မအူပင်တက္ကသိုလ်)
Ref: "You are wonderful"

ဧကရာဇ်နဲ့မြင်းသည်တော်

 
ရှေးရှေးတုန်းက ဧကရာဇ်တစ်ပါးက သူ့ရဲ့မြင်းသည်တော်ကို မြင်းစီးပြီး သူကြိုက်သလောက်မြေအကျယ်အ၀န်းကို ခရီးပေါက်အောင်သွားရင် သူရောက်ရှိခဲ့သမျှမြေတွေပေးမယ်လို့ပြောလိုက်တယ်။

သေချာတာပေါ့။မြင်းသည်တော်ဟာ မြင်းပေါ်ကိုအမြန်ခုန်တက်
ပြီး တတ်နိုင်သမျှအမြန်ဆုံး မြင်းစီးသွားတယ်။သူမရပ်မနား မြင်းစီးခဲ့တယ်။ မြင်းကိုလည်းမြန်နိုင်သမျှမြန်မြန်သွားဖို့ ကျာပွတ်နဲ့ရိုက်လာခဲ့တယ်။ သူဆာလောင် မောပန်းတဲ့အခါမှာလည်းမရပ်နားပါဘူး။သူကတတ်နိုင်သမျှ ခရီးပေါက်ချင်တာလေ။

အလွန်ကြီးမားတဲ့မြေအကျယ်အ၀န်းကိုခရီးပေါက်ပြီးတဲ့အချိန် တစ်နေရာအရောက်မှာတော့သူခြေကုန်လက်ပန်းကျပြီး သေလုမျောပါး ဖြစ်နေပါပြီ။ ဒီတော့မှသူ့ကိုယ်သူမေးမိတယ်။ "မြေနေရာအကျယ်ကြီးကို ခရီးပေါက်ဖို့ ဘာကြောင့်များငါ့ကိုယ်ငါ ဒီလောက်ပြင်းပြင်းထန်ထန် တွန်းအားပေးမိခဲ့ပါလိမ့်။ ငါအခုသေလုမျောပါးဖြစ်နေပြီ။ ငါ့ကိုမြေမြှုပ်ဖို့ မြေနေရာနည်းနည်းလေးပဲ လိုတော့တာပါ။"

အထက်ပါဇာတ်လမ်းလေးကကျွန်တော်တို့ရဲ့ဘ၀ခရီးနဲ့ဆင်တူပါတယ်။ကျွန်တော်တို့ဟာ ပိုက်ဆံပိုရဖို့၊အာဏာနဲ့အသိအမှတ်ပြုခံရမှုတွေ ရရှိဖို့ နေ့တိုင်းပြင်းပြင်းထန်ထန်တွန်းအားပေးနေတာပါ။ကိုယ့်ရဲ့ကျန်းမာရေး၊မိသားစုနဲ့အတူရှိတဲ့အချိန်တွေကိုကျွန်တော်တို့လျစ်လျူရှုမိတတ်ကြပါတယ်။ပတ်ဝန်းကျင်အလှတွေ၊ ကျွန်တော်တို့မြတ်နိုးတဲ့ဝါသနာတွေကို အသိအမှတ်ပြုခံစားဖို့ လျစ်လျူရှုမိတတ်ပါတယ်။

တစ်နေ့မှာ ကျွန်တော်တို့နောက်ကြောင်းပြန်ကြည့်တဲ့အခါ တကယ်တော့ကျွန်တော်တို့အဖို့ ဒီလောက်အများကြီး မလိုအပ်ဘူးဆိုတာ နားလည်သဘောပေါက်လာပါလိမ့်မယ်။ ဒါပေမဲ့အဲဒီအချိန်မှာ ကျွန်တော်တို့လွဲချော်ခဲ့တဲ့အရာတွေအတွက်အချိန်တွေကိုနောက်ပြန်လှည့်လို့မရတော့ပါဘူး။

စည်သူထက်(မအူပင်တက္ကသိုလ်)

"Unknown Author" ၏ "The Emperor and The Horseman"

ငြိမ်းချမ်းပါစေ




တရစပ်မြည်ဟီးပေါက်ကွဲနေတဲ့
လက်နက်သံတွေထက်
ရင်ကိုထိုးနှက်နာကျင်စေတာ
စစ်မြေစာပင်လူသားတွေရဲ့
ငိုရှိုက်သံသဲ့သဲ့ပါ။

စစ်ဆိုတာ....
မာရ်နတ်မင်းရဲ့
ဖျက်အားပြင်းတဲ့လက်နက်
ယမမင်းရဲ့ရက်စက်တဲ့အမိန့်တစ်ရပ်
ပါဝင်နေရသူတွေအားလုံးအတွက်တော့
ရုန်းထွက်မလွယ်တဲ့ငရဲတွင်းနက်။

သွေးစွန်းရက်စက်နေရတဲ့ မျက်နှာတွေအစား
နွေးထွေးအပြစ်ကင်းတဲ့အပြုံးတွေ မြင်ချင်မိပြီ။
လူသားချင်းနူးညံ့နှလုံးသားနဲ့
ငြိမ်းချမ်းစွာရှိစေချင်ပြီ။
အမြင်မတူတာတွေဘေးဖယ်လို့
ညှိနှိုင်းကာဆောင်ရွက်ပြီး
ပိုကောင်းတဲ့လောကကြီးကို
အားလုံးအတူပါဝင်ဖန်တီးစေချင်မိပြီ။

စည်သူထက်(မအူပင်တက္ကသိုလ်)


(စစ်ပွဲတွေအားလုံးကိုရည်ညွှန်းပါတယ)်

ကျေးဇူးပါသူငယ်ချင်း





ငါ့ကိုယ်ငါတောင် ယုံကြည်ရခက်နေချိန်မှာ ငါ့ကိုယုံကြည်မှုရှိတဲ့အတွက်
ငါကြားချင်နေတာကိုပဲ ပြောမယ့်အစား တစ်ခါတစ်လေ ငါကြားဖို့လိုနေတာကို ပြောပေးတဲ့အတွက်
ငါ့ဘက်ကပါပေးတဲ့အတွက်...
ပြီးတော့ငါထည့်သွင်းစဉ်းစားစရာတစ်ခြားဘက်တစ်ခုပေးတဲ့အတွက်...
"မင်းကိုကျေးဇူးတင်ပါတယ်"

မင်းရဲ့အကြောင်းတွေ ငါ့ကိုဖွင့်ဟပြောတဲ့အတွက်...
မင်းရဲ့အတွေးတွေ၊စိတ်ပျက်မှုတွေ၊အိပ်မက်တွေနဲ့ပတ်သက်ပြီး ငါ့ကိုယုံကြည်စိတ်ချတဲ့အတွက်...
မင်းငါ့ကိုအားကိုးနိုင်မယ်ဆိုတာသိပြီး လိုအပ်တဲ့အချိန်မှာငါ့ဆီက အကူအညီတောင်းတဲ့အတွက်
"မင်းကိုကျေးဇူးတင်ပါတယ်"

ငါတို့ရဲ့ရင်းနှီးခင်မင်မှုကို အများကြီးစဉ်းစား၊အများကြီးဂရုစိုက်၊စိတ်အာရုံအများကြီးထားတဲ့အတွက်...
ငါနဲ့အတူ ကောင်းမွန်တဲ့ အချိန်တွေ အများကြီးဝေမျှပြီး အထူးတလည်အမှတ်ရစရာတွေအများကြီး ဖန်တီးပေးတဲ့အတွက်...
"မင်းကိုကျေးဇူးတင်ပါတယ်"

ငါ့အပေါ်မှာအမြဲတမ်းရိုးသားတဲ့အတွက်...
ငါ့ကိုကြင်နာတဲ့အတွက်...
ငါ့အတွက်ရှိနေပေးတဲ့အတွက်
"မင်းကိုကျေးဇူးတင်ပါတယ်"

အဓိပ္ပာယ်အပြည့်ရှိတဲ့ နည်းလမ်းတွေ အများကြီးနဲ့ ငါ့ရဲ့သူငယ်ချင်းဖြစ်ပေးတဲ့အတွက်
"မင်းကိုကျေးဇူးတင်ပါတယ်"

"ငါမင်းကိုချစ်ပါတယ်"

စည်သူထက်(မအူပင်တက္ကသိုလ်)
The Best English,March,2012

မယှဉ်သာ"





ငှက်ငယ်တို့၏

ချိုမြိန်သာယာ တေးသံသာကို


ကြားစဉ်ကာလ စိတ်ကြည်မြ။


ငွေလမင်း၏


အေးမြလွှမ်းခြုံ ငွေဝတ်ရုံဖြင့်


လုံစဉ်ခဏ စိတ်အေးမြ။



မည်သို့ဆိုစေ


မိခင်မေတ္တာ စကားသံသာနှင့်


နှိုင်းယှဉ်ခါမှ

ယခင်ကာလ ထင်ခဲ့ရသည့်

အေးမြမှုသည်


ဆေးရောင်မှိန်သည့် ထိုပန်းချီ

မိခင်မေတ္တာ တုမမီ။




စည်သူထက်(မအူပင်တက္ကသိုလ်)

Friday, January 17, 2014

သတိမထားမိသည့် ကျေးဇူးတရား


                                                         

ထိုညတွင် သမီးငယ်သည် မိခင်နှင့်စကားများကာ အိမ်မှ ဒေါနှင့်မောနှင့်ထွက်လာခဲ့သည်။ လမ်းရောက်သောအခါ သူ၏အိတ်ထဲတွင် ပိုက်ဆံပါမလာသည်ကို သတိရသည်။ အိမ်ကို ဖုန်းဆက်ရန် ပိုက်ဆံအကြွေစေ့ပင် အလုံအလောက်မရှိတော့။

တစ်ချိန်တည်းမှာပင် သူသည် ခေါက်ဆွဲဆိုင်တစ်ခုကို ဖြတ်သွားရာတွင် မွှေးပျံ့သည့်ရနံ့ရပြီး ရုတ်တရက် အလွန်ဗိုက်ဆာလာည်။ ခေါက်ဆွဲတစ်ပွဲလောက် စားချင်စိတ်ဖြစ်မိသော်လည်း သူ့တွင် ပိုက်ဆံမရှိပေ။

ဆိုင်ရှင်က ကောင်တာရှေ့တွင် မဝံ့မရဲ ရပ်နေသော သူ့ကို တွေ့ပြီးမေးသည်။

“ဟေ့ ကောင်မလေး၊ ခေါက်ဆွဲ စားချင်လို့လား။”
“ဒါ…ဒါပေမဲ့ သမီးမှာ ပိုက်ဆံပါမလာဘူး” ဟု သူက ရှက်ရွံ့စွာ ပြန်ဖြေသည်။

“ရပါတယ်၊ ငါကျွေးပါ့မယ်။ ဝင်လာခဲ့ပါ။ ငါ တစ်ပွဲကြော်ပေးမယ်” ဟုဆိုင်ရှင်က ပြောသည်။

မိနစ်အနည်းငယ်ကြာသောအခါ ဆိုင်ရှင်က အငွေ့တစ်ထောင်းထောင်းထနေသော ခေါက်ဆွဲတစ်ပန်းကန် ယူလာပေးသည်။
သမီးငယ်က ခေါက်ဆွဲအနည်းငယ်စားပြီးသောအခါ ငိုလေသည်။

“ဘာဖြစ်လို့လဲ” ဟု ဆိုင်ရှင်က မေးသည်။

“ဘာမှ မဖြစ်ပါဘူး။ ဦးလေးရဲ့ ကြင်နာမှုကို ခံစားမိလို့ပါ” ဟု သမီးငယ်က မျက်ရည်များကို သုတ်ရင်း ဖြေသည်။

“လမ်းပေါ်က သူစိမ်းတစ်ယောက်တောင် သမီးကို ခေါက်ဆွဲကြော်တစ်ပွဲကျွေးတယ်။ အမေကတော့ သမီးနဲ့ စကားများပြီးတာနဲ့ သမီးကို အိမ်ပေါ်က မောင်းချတာပဲ။ အမေက ရက်စက်တယ်။”

ဆိုင်ရှင်က သက်ပြင်းချသည်။

“ကောင်မလေး၊ ဘာလို့ ဒီလိုတွေးရတာလဲ။ ထပ်ပြီးစဉ်းစားကြည့်ပါဦး။ ငါက မင်းကို ခေါက်ဆွဲတစ်ပွဲပဲကျွေးခဲ့တာတောင် မင်းဒီလိုခံစားမိတယ်။ မင်းရဲ့အမေက မင်းအရွယ်ငယ်ငယ်လေးတည်းက မင်းကို ပြုစုစောင့်ရှောက်ခဲ့တာလေ။ ဘာဖြစ်လို့ မင်းအမေကို ကျေးဇူးမတင်တာလဲ။ သူ့စကား ဘာဖြစ်လို့ နားမထောင်ရတာလဲ။”

ထိုစကားကို ကြားရသောအခါ သမီးငယ် အမှန်တကယ် အံ့သြသွားသည်။

“သမီး ဒီအချက်ကို ဘာလို့ မစဉ်းစားမိပါလိမ့်။ သူစိမ်းတစ်ယောက်ဆီက ခေါက်ဆွဲတစ်ပွဲက သမီးကို ကျေးဇူးကြွေးရှိတယ်လို့ ခံစားရတယ်။ အမေကတော့ သမီးကို ငယ်ငယ်လေးတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့ပေမယ့် တစ်ခါမှ ဒီလိုမျိုးနည်းနည်းလေးတောင် မခံစားမိခဲ့ဘူး။”

အိမ်အပြန်လမ်းတွင် သမီးငယ်သည် အမေ့ကို ပြောမည့် စကားများကို ခေါင်းထဲတွင် တွေးလာခဲ့သည်။

“အမေ သမီးစိတ်မကောင်းပါဘူး။ သမီးအပြစ်ဆိုတာ သမီးသိပါတယ်။ ကျေးဇူးပြုပြီး သမီးကို ခွင့်လွှတ်ပါ။”

အိမ်လှေကားထစ်များအပေါ် တက်ချိန်တွင် သမီးငယ်သည် သူ၏အမေ စိုးရိမ်ပူပန်နေသည့်အသွင်နှင့် သူ့ကို နေရာအနှံ့ ရှာဖွေနေရသည့်အတွက် ပင်ပန်းနေသည်ကို တွေ့ရသည်။ သမီးငယ်ကို မြင်သည့်အခါ ညင်ညင်သာသာပြောသည်။

“အမေ့သမီးလေး၊ အထဲဝင်လာလေ။ သမီးလေး သိပ်ဆာနေမှာပေါ့။ အမေထမင်းချက်ထားတယ်။ အစားအသောက်တွေလည်း ပြင်ပြီးပြီ။ ပူပူနွေးနွေးလေးရှိတုန်း စားနော်။”

သမီးငယ်သည် ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘဲ အမေ့ရင်ခွင်ထဲဝင်ကာ ငိုချလိုက်တော့သည်။

ဘဝတွင် ကျွန်တော်တို့သည် တစ်ခါတစ်ရံ ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ လူအချို့၏ လုပ်ဆောင်ပေးမှုအသေးအမွှားလေးများကို အလွယ်တကူ အသိအမှတ်ပြု ခံစားတတ်ပါသည်။ သို့သော် ဆွေမျိုးများ (အထူးသဖြင့် မိဘများ) ၏ စွန့်လွှတ်အနစ်နာခံမှုများကို သဘာဝပဲလေဟု မြင်မိတတ်ကြပါသည်။

မိဘတို့၏ မေတ္တာနှင့် စိုးရိမ်ပူပန်မှုများသည် ကျွန်တော်တို့ မွေးဖွားစဉ်ကတည်းက ရရှိသည့် တန်ဖိုးအရှိဆုံးလက်ဆောင်များပင် ဖြစ်ပါသည်။

မိဘများသည် ကျွန်တော်တို့ကို ပြုစုစောင့်ရှောက်ခဲ့ရသည့်အတွက် ပြန်လည်ပေးဆပ်ခြင်းရရှိရန် မျှော်လင့်ရိုးမရှိပါ။ သို့သော် မိဘများ၏ အဆုံးအစမရှိသော စွန့်လွှတ်အနစ်နာခံမှုများကို ကျွန်တော်တို့ကရော အသိအမှတ်ပြုမိပါရဲ့လား။ တန်ဖိုးထားမိပါရဲ့လား။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: “A bowl of noodles from a stranger” Translated from a Vietnamese story by Tina
မင်္ဂလာမောင်မယ်စာစောင်၊ ဖေဖော်ဝါရီ၊ ၂၀၁၄