နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, November 20, 2014

မျက်မမြင်ကယ်တင်ရှင်

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၇ရက်၊ ညဆယ်နာရီခန့်တွင် တွမ်မီဘာဘာနှင့် သူ၏မိတ်ဆွေ ဆူဆန် လေးနီတို့သည် ဖလော်ရီဒါပြည်နယ်၊ ဖော့ပီးအားစ်မြို့ရှိ တိုက်ခန်းအိမ်ရာ၏ လှေကားမှ ထွက်လာစဉ် မီးခို...းနံ့ကိုရမိကြသည်။ "ကျွန်မရဲ့ခွေးတွေ" ဟုဆူဆန်က အော်ကာသူ၏တိုက်ခန်းသို့ ခန်းမတစ်လျှောက် ပြေးသွားလေသည်။ အသက် ၅၄နှစ်အရွယ်ရှိပြီး မျက်မမြင်ဖြစ်သော တွမ်မီသည် မီးခိုးရှိရာသို့ လျှောက်သွားသည်။

"ကျွန်တော်က ဆူဆန်ရဲ့တိုက်ခန်းတံခါးနဲ့ မျက်နှာချင်းဆိုင်မှာရပ်နေတယ်။ ညာဘက်ကို လေးငါးလှမ်းသွားလိုက်တော့ မီးခိုးတွေ ကျွန်တော့်မျက်နှာကို လာဆောင့်တယ်" ဟုသူကပြောပြသည်။ "ကျွန်တော်ကတံခါးကိုထုပြီး 'အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးလား' လို့အော်တယ်။ ဒါပေမဲ့ ဘယ်သူကမှ ပြန်မဖြေဘူး။"

ရုတ်တရက် တံခါးပွင့်သွားပြီး မီးခိုးများ ပို၍တလိမ့်လိမ့် ထွက်လာသည်။ တွမ်မီသည် ချောင်းဆိုးနေသံကိုကြားရပြီး တံခါးနောက်ကို ရောက်သွားသည်။ သူ၏လက်များကို ဝှေ့ယမ်းနေရင်း တစ်စုံတစ်ယောက်နှင့် ထိမိသွားသည်။ ထိုသူကတော့ ၄င်းတိုက်ခန်းတွင်နေသည့် ဒိုင်အန်းမာရှယ် ဖြစ်ပါသည်။ သူက သူမ၏လက်ကိုဆွဲပြီး ခန်းမထဲသို့ဆွဲထုတ်လာသည်။ ထို့နောက်တွင် မီးခိုးများပြည့်နေသော တိုက်ခန်းသို့ ပြန်ပြေးသွားပါသည်။

ဆူဆန်နှင့် တိုက်ခန်းမန်နေဂျာသည် မီးသတ်ဆေးဘူးတစ်ခုနှင့် ရောက်လာသည်။ ဆူဆန်က မီးတောက်ထွက်နေသည့် နှုတ်သီးကိုညွှန်ပြသောအခါ တွမ်မီက မီးငြိမ်းသွားသည်အထိ လက်ကိုင်ကို ညှစ်ပါတော့သည်။

ဒိုင်အန်းသည် မီးဖိုပေါ်တွင်အိုးတင်ပြီး အိပ်ပျော်သွားခြင်းဖြစ်သည်။ ၄င်းကမီးစွဲလောင်ပြီး မီးဖိုကို မီးလျှံများဝါးမျိုသွားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူမကတွမ်မီကို ကျေးဇူးတင်စကားပြောရန် ဖုန်းဆက်ပါသည်။ "ကျွန်မသေသွားနိုင်တာ" ဟု သူမက ဒေသတွင်းသတင်းဌာနကို ပြောပြပါသည်။

သိရသည့်အတိုင်း မီးလျှံများနှင့်ရင်ဆိုင်ရခြင်းမှာ တွမ်မီအတွက် ပင်ကိုစရိုက်သဖွယ်ပါနေသည့် အကျင့်ပင်ဖြစ်ပါသည်။ သူသည် ၁၉၈၀ ပြည့်လွန်နှစ်များက St. Lucie County Fire District တွင် တစ်နှစ်ခန့်မီးသတ်သမား လုပ်ခဲ့ဖူးသည်။ ၂၀၀၀ ခုနှစ်တွင် သူသည်ရေတိမ်စွဲပြီး အမြင်အာရုံဆုံးရှုံးခဲ့ပါသည်။

လွန်ခဲ့သည့် နိုဝင်ဘာလက St. Lucie County Fire District ကသူနှင့်ဆူဆန်ကို သူတို့၏လုပ်ဆောင်မှုအတွက် သူရဲကောင်းမြို့သားဆု ချီးမြှင့်ခဲ့ပါသည်။

"ကျွန်တော်မကြောက်ခဲ့ပါဘူး" ဟု တွမ်မီကပြောသည်။ ဒါက ကျွန်တော်လုပ်ရမယ့်အရာတစ်ခုပါပဲ"

စည်သူထက်
Ref: "He Did What He Had to Do" by "Alyssa Jung"

[The Best English Magazine,November, 2014]

အရှုံးမပေးတဲ့ အရှုံးသမား

သူငယ်စဉ်မှာ သူ့ဦးလေးက ရုပ်ပြဇာတ်လမ်းထဲက စပါ့ခ်ပလပ်ဂ် လို့အမည်ရတဲ့ မြင်းလေးကို အစွဲပြုပြီး သူ့ကို စပါ့ကီလို့ ခေါ်ခဲ့တယ်။ ကျောင်းဆိုတာ စပါ့ကီအတွက် မဖြစ်နိုင်သလောက်ပါပဲ။

ရှ...စ်တန်းမှာ သူက ဘာသာစုံကျတယ်။ အထက်တန်းကျောင်းရောက်တော့ ရူပဗေဒမှာ အမှတ်သုညရပြီး ကျတယ်။ လက်တင်စာ၊ အက္ခရာသင်္ချာနဲ့ အင်္ဂလိပ်စာလည်း ကျတယ်။ အားကစားမှာ သူ့ရဲ့မှတ်တမ်းက ပိုကောင်းမလာပါဘူး။ သူဟာကျောင်းရဲ့ ဂေါက်သီးအသင်းမှာ ပါဝင်ခွင့်ရခဲ့ပေမဲ့ အဲဒီရာသီရဲ့ အရေးပါတဲ့ပွဲမှာ မဆိုင်းမတွ ရှုံးနိမ့်ခဲ့ရပါတယ်။ အို…စိတ်မကျေပွဲ ရှိတယ်လေ။ ဒီပွဲမှာလည်း ရှုံးတာပါပဲ။

သူ့ရဲ့ ငယ်ဘဝတစ်လျှောက်လုံး စပါ့ကီဟာ လူမှုရေးမှာလည်း ခွတီးခွကျဖြစ်ခဲ့ပါတယ်။ တခြားကျောင်းသားတွေက သူ့ကို သဘောမကျတာ မဟုတ်တော့ဘူး။ ဘယ်သူမှ အဲဒါကို သိပ်ဂရုမစိုက်တော့တာ။ တကယ်တော့ စပါ့ကီဟာ အတန်းဖော်တစ်ယောက်ယောက်က သူ့ကို ကျောင်းချိန်ပြင်ပမှာ နှုတ်ဆက်ရင် အံသြမိတတ်တယ်။ ချိန်းတွေ့ရင် သူဘယ်လိုလုပ်မှာလဲဆိုတာ ပြောပြဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အထက်တန်းကျောင်းမှာ သူက မိန်းကလေး တစ်ယောက်ကို တစ်ခါမှ အပြင်မခေါ်ဖူးဘူးလေ။ သူက အပယ်ခံရမှာ၊ ဒါမှမဟုတ် ဖြစ်နိုင်ချေရှိတာက အဟားခံရမှာကို စိုးရိမ်လွန်းနေတတ်တယ်။ စပါ့ကီက အရှုံးသမားတစ်ယောက်ပါ။ သူရော၊ သူ့ရဲ့ အတန်းဖော်တွေ…အားလုံး ဒါကို သိကြပါတယ်။ ဒါကြောင့် သူက ဒါကို သည်းညည်းခံနိုင်ဖို့ သင်ယူခဲ့ပါတယ်။ အခြေအနေတွေက ဖြစ်ပေါ်ဖို့ အလားအလာရှိရင် ဖြစ်လာလိမ့်မယ်လို့ သူက အစောကြီးကတည်းက ဆုံးဖြတ်ထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း သူ့ရဲ့ လွှဲရှောင်မရတဲ့ သာမာန်ညောင်ညအဆင့်နဲ့ သူရောင့်ရဲပါလိမ့်မယ်။

ဒါပေမဲ့ စပါ့ကီအတွက် အရေးပါတာတစ်ခုက ပုံဆွဲတာဖြစ်ပါတယ်။ သူက သူ့ရဲ့ အနုပညာလက်ရာကို ဂုဏ်ယူပါတယ်။ တခြား ဘယ်သူကမှတော့ အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ ဒါကသူ့အတွက် အရေးပါပုံမရပါဘူး။ အထက်တန်းကျောင်းရဲ့ နောက်ဆုံးနှစ်မှာ သူက ကာတွန်းတချို့ကို ကျောင်းနှစ်ပတ်လည် စာစောင်ကို ပို့ပါတယ်။ အယ်ဒီတာတွေက ဒီသဘောထားအမြင်တွေကို ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုမျိုး ငြင်းပယ်ခြင်း ခံခဲ့ရပေမဲ့ စပါ့ကီက သူ့ရဲ့ အရည်အချင်းကို လက်ခံယုံကြည်ပါတယ်။ သူက ပန်းချီဆရာ ဖြစ်လာဖို့တောင် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့် အထက်တန်းကျောင်းပြီးသွားတဲ့အခါ သူက ဝေါ့ဒစ်စနေ စတူဒီယိုကို စာရေးခဲ့ပါတယ်။ သူတို့က သူ့ရဲ့အနုပညာလက်ရာ နမူနာတွေကို တောင်းခဲ့ပါတယ်။ ဂရုတစိုက်ပြင်ဆင်ခဲ့ပေမဲ့ အဲဒါလည်း ငြင်းပယ်ခံခဲ့ရပါတယ်။ သူဟာအရှုံးသမားဆိုတာ နောက်ထပ်အတည်ပြုချက်တစ်ခုပါပဲ။

ဒါပေမဲ့ စပါ့ကီက လက်မလျှော့သေးပါဘူး။ အဲဒီအစား သူက သူ့ရဲ့ ကိုယ်ပိုင်ဘဝဇာတ်လမ်းတွေကို ကာတွန်းတွေနဲ့ပြောပြဖို့ ဆုံးဖြတ်ခဲ့တယ်။ အဓိကဇာတ်ဆောင်က အမြဲတမ်းအရှုံးသမား၊ အလွန်ချာတဲ့ စာမလိုက်နိုင်တဲ့ ကျောင်းသားကို သင်္ကေတပြုထားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ခင်ဗျားတို့ သူ့ကို ကောင်းကောင်းသိပါတယ်။ ဘာလို့လဲဆိုတော့ စပါ့ကီရဲ့ ကာတွန်းဇာတ်ကောင်က လူအမျိုးအစားများစွာရဲ့ ယဉ်ကျေးမှုဖြစ်ရပ်တစ်ခု ဖြစ်လာလို့ ဖြစ်ပါတယ်။ လူတွေက အဲဒါကို "ချစ်စရာ အရှုံးသမားလေး"လို့ အလွယ်တကူ မှတ်မိသိရှိနိုင်ပါတယ်။ သူက လူတွေကို သူတို့ရဲ့ အတိတ်က နာကျင်ပြီး ရှက်ရွံ့စရာဖြစ်တဲ့ အချိန်တွေ၊ သူတို့ရဲ့ နာကျင်မှုတွေနဲ့ သူတို့ ဝေမျှခဲ့တဲ့ လူသားချင်း စာနာထောက်ထားမှုတွေကို သတိရစေလို့ဖြစ်ပါတယ်။ ဒီဇာတ်ကောင်က မကြာခင်မှာ "ချာလီဘရောင်း" ဆိုပြီး တစ်ကမ္ဘာလုံးမှာ နာမည်ကျော်လာခဲ့ပါတယ်။ သူကြိုးစားမှုကို အရှုံးတွေများစွာက မတားနိုင်ခဲ့တဲ့ကောင်လေး၊ သူ့ရဲ့လက်ရာတွေ ထပ်ခါထပ်ခါ ငြင်းပယ်ခံခဲ့ရတဲ့ ကောင်လေးစပါ့ကီဟာ အလွန်အောင်မြင်တဲ့ ကာတွန်းဆရာ ချားလ်စ် ရွှတ်လ်ထ်စ် ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ပြဇာတ်လမ်း Peanuts ဟာ စာအုပ်တွေ၊ တီရှပ်တွေ၊ ခရစ်စမတ်အထူးပစ္စည်းတွေကို ဆက်လက် လှုံ့ဆော်ပေးခဲ့ပါတယ်။ တစ်ခါက တစ်စုံတစ်ယောက် မှတ်ချက်ပြုခဲ့သလိုပဲ ဘဝဟာ တစ်နည်းနည်းနဲ့ ကျွန်တော်တို့ အားလုံးအတွက်၊ အရှုံးသမားတွေအတွက်တောင် နည်းလမ်းရှာပေးတယ်ဆိုတာကို သတိပေးနေပါသေးတယ်။

စပါ့ကီရဲ့ဇာတ်လမ်းက ကျွန်တော်တို့အားလုံးကို ဘဝမှာ အလွန်အရေးကြီးတဲ့ စည်းမျည်းတစ်ခုကို သတိပေးနေပါတယ်။ ကျွန်တော်တို့အားလုံးဟာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေကို မကြာခဏဆိုသလို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့မှာ အဲဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ ရွေးချယ်စရာရှိနေပါတယ်။ ကျွန်တော်တို့ ဇွဲကောင်းမယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ခိုင်မာစွာ ဆုပ်ကိုင်ထားမယ်ဆိုရင်၊ ဘုရားသခင်က ကျွန်တော်တို့ကိုပေးခဲ့တဲ့ အတုမရှိတဲ့ ပင်ကိုစွမ်းရည်တွေကို ကျွန်တော်တို့က ဆက်လက် ဖွံ့ဖြိုးနေအောင် လုပ်မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။ အခက်အခဲတွေကပဲ ထွက်ပေါ်လာတဲ့ စိတ်ဓာတ်လှုံ့ဆော်ဖို့ စွမ်းရည်တွေ၊ ထိုးထွင်းသိမြင်မှုတွေနဲ့ ကျွန်တော်တို့ အဆုံးသတ်ကောင်း အဆုံးသတ်နိုင်ပါတယ်။ အဆုံးမှာတော့ ဘုရားသခင်အဖို့ အရှုံးသမားဆိုတာတွေ မရှိပါဘူး။ တချို့အောင်နိုင်သူတွေက ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်ပိုကြာရုံလေးပါ။

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: "The Loser Who Never Gave Up" by
"CAPT J. David Atwater, CHE, USN"

[The Best English magazine, October,2014]

စွဲထင်ကျန်ရစ် အမွေအနှစ်

"ရှင်ဘယ်မှာလဲ"
အရေးတကြီးလေသံတစ်ခုက ကျွန်မ၏ မိုဘိုင်းဖုန်းမှတစ်ဆင့် တောင်းဆိုလာသည်။
"ရှင့်ကို လာခေါ်ဖို့ ကျွန်မတို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"...

ထိုတဒင်္ဂကို ပြန်ပြောင်းစဉ်းစားသည့်အခါ နှစ်ပေါင်းများစွာ ကြာပြီးသည့် ယနေ့တိုင် မပြောင်းမလဲခံစားရစမြဲပင်။

ထိုမနက်ခင်းတွင်ပင် ကျွန်မ၏ခင်ပွန်းနှင့် ကျွန်မတို့သည် ကျွန်မတို့ အိမ်မြောက်ဘက် ကီလိုမီတာ အနည်းငယ်ကွာဝေးသော မြို့တွင် စီစဉ်ထားသည့် အုပ်စုအစည်းအဝေးသို့ ကျွန်မသွားသင့်၊ မသွားသင့် ဆုံးဖြတ်ခဲ့ကြသေးသည်။ အသက် ဆယ့်သုံးနှစ်အရွယ်ရှိ ကျွန်မတို့၏ အငယ်ဆုံးသားလေးသည် အိပ်ယာထဲတွင် အနားယူနေရဆဲဖြစ်သည်။ အကျိတ်ရောင် အဖျားရောဂါမှ အသေအချာ နာလန်မထူသေးပေ။ ဆယ့်ရှစ်နှစ်တာ ပေါင်းသင်းလာခဲ့သော ကျွန်မ၏ခင်ပွန်း ယူလီနှင့် ကျွန်မတို့သည် ကျွန်မသွားသင့်ကြောင်း၊ သို့သော် သူသည် ဘေးချင်းကပ်လျက်ရှိ သူ၏လုပ်ငန်းခွင်သို့ သွားရမည်ဖြစ်ပြီး နေ့လယ်စာစားချိန်ဝန်းကျင်တွင် သားလေးကို ကြည့်ရှုရန် အိမ်သို့ ခေတ္တပြန်လာမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။ ဆုံးဖြတ်ပြီးသောအခါ ကျွန်မသည် ကားမမောင်းတတ်သူဖြစ်သောကြောင့် မြောက်ဘက်သွားသည့် တစ်မြို့နှင့်တစ်မြို့အကြား ကူးလူးသွားသော ကားကို အသွားအပြန်လက်မှတ် ကြိုတင်မှာပြီး ထွက်ခွာခဲ့ပါသည်။

ယခုမူ တစ်ဖက်မှ ဖုန်းပြောနေသော အမျိုးသမီးတွင် စိတ်ထိခိုက်စရာ သတင်းတစ်ခုရှိနေသည်။ ကျွန်မဘဝကို ထာဝရပြောင်းလဲသွားစေမည့် သတင်းပင်ဖြစ်ပါသည်။ သိရသရွေ့ဆိုလျှင် ကျွန်မ၏ခင်ပွန်းသည် နေ့လယ်စာ စားပြီးချိန်တွင် အိမ်သို့ပြန်လာခဲ့သည်။ ထိုအချိန် သူသည် အလွန်ပြင်းထန်ပြီး လုံးဝမမျှော်လင့်ထားသော နှလုံးတိုက်ခိုက်မှုခံစားရပြီး ပြိုလဲကျခဲ့သည်။ ယခု မွန်းလွဲတစ်နာရီကျော်ပြီဖြစ်သည်။ ယူလီသည် သတိလစ်နေဆဲဖြစ်ပြီး အနီးဆုံးဆေးရုံသို့ သွားရာလမ်းတွင် လူနာတင်ကားတစ်စီးပေါ်၌ ရှိနေသည်။

ကံကောင်းထောက်မစွာ အိမ်နီးချင်းတစ်ဦး၏ စူးရှသောမျက်လုံးများက ကျွန်မတို့၏ခြံတွင်းလမ်းရှိ ခြုံပုတ်များမှ ယူလီ၏ဘွတ်ဖိနပ်များ ထိုးထွက်နေသည်ကို မြင်ခဲ့ရခြင်းဖြစ်သည်။ ထိုနေရာတွင် သူရှိနေသည်မှာ မကြာသေးဟု ထင်ရသော်လည်း အောက်ဆီဂျင်မရဘဲ အချိန်မည်မျှ သူကုန်ဆုံးခဲ့ရသည်ကို မည်သူမှ အတိအကျအသေအချာ မသိဘဲဖြစ်နေသည်။ ရောဂါအလားအလာဟောကိန်းက ဆိုးပါသည်။ ယူလီ၏နှလုံးကို ပုံမှန်ခုန်လာအောင် လုပ်ပေးနိုင်မည်ဆိုလျှင်ပင် သူ၏ဦးနှောက်သည် အောက်ဆီဂျင်မရရှိခဲ့ခြင်းကြောင့် ပြင်းထန်စွာ ထိခိုက်နိုင်မည်ဖြစ်သည်။

ကျွန်မသားနှစ်ယောက်၏ ဖခင်ဖြစ်သော ယူလီသည် အသက် ၅၄နှစ် အရွယ်သာရှိသေးသည့် ကျန်းမာပြီးသွက်လက်သူတစ်ဦးဖြစ်သည်။ သို့သော် သူ အရွယ်ရောက်သည့် သက်တမ်းတစ်လျှောက်လုံး ဆေးလိပ်အလွန်သောက်ခဲ့သူတစ်ဦးဖြစ်သည်။ ကြိုးစားသော ဆေးဝန်ထမ်းများအဖွဲ့က အလွန်အားထုတ်ကြိုးပမ်းကြသော်လည်း ယခုရောဂါသည် အသက်သေစေနိုင်သော ဆေးလိပ်သောက်ခြင်းနှင့် ဆက်နွယ်နေသည့် နှလုံးရောဂါဖြစ်နေကြောင်း တွေ့ရှိရလေသည်။ ယူလီသည် သူလဲပြိုကျပြီး ကိုးနာရီအကြာ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် သတိပြန်လည် မလာတော့ဘဲ ကွယ်လွန်ခဲ့ပါသည်။

သို့သော် ယူလီ၏ဇာတ်လမ်းသည် ဤနေရာတွင် အဆုံးမသတ်သေးပါ။ ကျွန်မ သူနှင့်ဆုံတွေ့ခင်ကတည်းက သူသည် ကျွန်မအရင် သူသာကွယ်လွန်ခဲ့ပါလျှင် သူ၏အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းနိုင်ရန် ကျွန်မက သေချာလုပ်ပေးရမည်ဟု တွင်တွင်ပြောနေခဲ့သည်။ ယူလီ၏ အချစ်ဆုံးသူငယ်ချင်းတစ်ဦးသည် နှလုံးအစားထိုး ကူသမှုခံယူခဲ့ရသည်။ ထို့နောက်တွင် ၄င်းအကြောင်းအရာပေါ်တွင် ယူလီ၏ သဘောထားအလွန်ခိုင်မာခဲ့သည်။ ထို့ကြောင့် ထိုစိတ်မသက်သာဖွယ်ညတွင် ကျွန်မက ဆေးဝန်ထမ်းများကို သူ၏ဆန္ဒများပြည့်ဝအောင် ကူညီပေးရန်တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်၏ အရေးပါမှုကို သူတို့အားလုံးနားလည်အောင် သေချာပြောပြခဲ့သည်။

ယူလီသည် ဆေးလိပ်သောက်သူတစ်ဦးလည်းဖြစ် မျက်မှန်တပ်ရသူလည်းဖြစ်ကာ နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်သော်လည်း သူ၏မျက်ကြည်လွှာများနှင့် အဆုတ်ဆိုင်ရာ နှလုံးအဆို့ရှင်ကို လှူဒါန်း၍ရခဲ့သည်။ ကျွန်မသည် တကယ့်ကိုစိတ်ထိခိုက်မိသော်လည်း ဂုဏ်ယူမိသည်။ အစီအစဉ်များပြုလုပ်ပြီးသောအခါ ယူလီ၏အတ္တကင်းသည့် နောက်ဆုံးဆောင်ရွက်ချက်များကို ကျွန်မဂုဏ်ပြုပေးနိုင်ခဲ့ပြီ။ ထိုအကြောင်းနှင့် ပတ်သက်၍ ထပ်မံကြားရန်အကြောင်းမရှိတော့ဟု ထင်မိခဲ့သည်။

သို့သော် နောက်အချိန်အနည်းငယ်အကြာတွင် စာတစ်စောင်ကို ကျွန်မရရှိခဲ့သည်။ ထိုစာတွင် မိန်းကလေးငယ်နှစ်ဦး၏ မျက်လုံးအတွင်းသို့ ၄င်းမျက်ကြည်လွှာများ အောင်အောင်မြင်မြင် အစားထိုးကုသနိုင်ခဲ့ပြီး သူတို့သည် အမြင်အာရုံတိုးတက်လာမှုမှ ကြီးမားစွာ အကျိုးရရှိလိမ့်မယ်ဟု ပြောပြထားသည်။ ရက်ရောသော အမျိုးသားတစ်ဦး၏ ဆန္ဒများက ထိုအမျိုးသမီးလေးများအပေါ်တွင် ဤသို့ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုရှိသည်ကို သိရသောအခါ အလွန်ဝမ်းမြောက်မိသည်။ သို့သော် အကောင်းဆုံး သတင်းများရောက်လာနေပါသေးသည်။

ယူလီကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လှူဒါန်းသည့် အဖွဲ့အစည်းတစ်ခုမှ လှပသော ကတ်ပြားလေးတစ်ခု စာထဲမှ ရောက်ရှိလာသည်။ ကြာရှည် အသက်မရှင်နိုင်သည့် လူငယ်လေးတစ်ဦးသည် ယူလီ၏နှလုံးအဆို့ရှငိကို အောင်မြင်စွာလက်ခံရရှိကြောင်း အသိပေးအကြောင်းကြားထားပါသည်။

ကျွန်မပီတိဖြစ်လှပါသည်။ ယူလီသည် ချာတိတ်လေးများအတွက် ရပ်တည်ကာကွယ်သူတစ်ဦး အမြဲဖြစ်ခဲ့ပါသည်။ သူသည် ဆောက်လုပ်ရေး အလုပ်သင်လေးအချို့ကို သင်ကြားပေးခဲ့ကာ သူတို့ကို ပိုမိုကောင်းမွန်သည့် အရာများသို့ အားပေးတိုက်တွန်းခဲ့သူပင်ဖြစ်ပါသည်။ ယူလီသည် ထိုလူငယ်လေး၏ အသက်ကို ကယ်ဆယ်ရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ထိုလူငယ်လေးသည် ကျန်းမာရေးတိုးတက်လာမှုနှင့်အတူ သူ၏ကိုယ်ပိုင်စိတ်ကူးအိပ်မက်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် သေချာလုပ်ပေးနိုင်သည့်အတွက် အလွန့်အလွန် ဂုဏ်ယူနေမည်ဟု ကျွန်မသိပါသည်။ ယခုတော့ ကျွန်မအမြဲတမ်းပြောနိုင်ပါပြီ။ "ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါတော့ ယူလီ။ ရှင့်ကို သူစိမ်းတွေကတောင် အမှတ်ရကြမှာပါ။ ရှင်ကောင်းကောင်း လုပ်ဆောင်ခဲ့ပြီးပါပြီ။"

စည်သူထက်
Ref: Lasting Legacy
Reader's Digest

[English For All Magazine, August, 2014]

ဘဝကို အရှုံးမပေးသူ

ဒီဇာတ်လမ်းလေးကတော့ ထိတ်လန့်စက်ဆုပ်ဖွယ်အကောင်းဆုံး မီးလျှံထဲကို ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းလေးကို ဖတ်ရတဲ့အခါ သင့်...ရဲ့ဝဋ်ဆင်းရဲဆိုတာတွေဟာ ဒီမိန်းကလေး ဖြတ်သန်းခဲ့ရတာနဲ့ ယှဉ်မယ်ဆိုရင် ဘာမှ မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ပါလိမ့်မယ်။

၂၀၀၀ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့က ဖြစ်ပါတယ်။ 'မယ်ရီဆယ်အက်ပတန်' ဟာ ဇမ်ဘိုအမ်ဂါစီရင်စုနယ် (ဖိလစ်ပိုင်) မှာနေတဲ့ ၁၁နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒီမိန်းကလေးဟာ ဦးလေးနဲ့အတူ ရေငင်ဖို့သွားခဲ့ပါတယ်။

လမ်းမှာ လူလေးယောက်နဲ့ သူတို့တွေ့ပါတယ်။ သူတို့ဟာ ဓားရှည်တွေကို ကိုင်ထားပါတယ်။ သူတို့က ဦးလေးကို မြေကြီးနဲ့ မျက်နှာအပ်ခိုင်းပြီး လည်ပင်းကို ဓားနဲ့ခုတ်ကာ သတ်ပစ်လိုက်ပါတယ်။

မယ်ရီဆယ်က အလွန်အမင်းတုန်လှုပ်သွားပါတယ်။ အထူးသဖြင့် ဒီလူတွေဟာ သူတို့ရဲ့ အိမ်နီးချင်းတွေဖြစ်နေတဲ့ အတွက်ပါ။ သူက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားပေမဲ့ ဒီလူတွေက သူ့ရဲ့နောက်ကို လိုက်လာပါတယ်။

သူက "kuya, 'wag po, 'wag n'yo akong tagain! Maawa op kayo as akin!" (ကျွန်မကို မသတ်ကြပါနဲ့။ သနားကြပါရှင်) ဆိုပြီးအော်တယ်။

ဒါပေမဲ့ သူတို့က နားမထောင်ပါဘူး။ လူတစ်ယောက်က သူ့ရဲ့လည်ပင်းကိုလည်း ဓားရှည်နဲ့ ခုတ်ချလိုက်ပါတယ်။

မယ်ရီဆယ် မြေပေါ်လဲကျသွားပြီး သတိလစ်သွားပါတယ်။

သူနိုးလာတဲ့အခါ သွေးတွေအများကြီးကို တွေ့ပါတယ်။ သူ့ရဲ့ဘေးမှာ အဲဒီလူတွေရဲ့ ခြေထောက်တွေကိုလည်းတွေ့ပါတယ်။ ဒါပေမဲ့ သူသေချင်ယောင်ဆောင်နေလိုက်တယ်။ သူတို့ထွက်သွားတဲ့အခါ မယ်ရီဆယ်က အိမ်ကိုပြန်ပြေးလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်နှစ်ဖက်စလုံးပြတ်နေတာကို လမ်းမှာမြင်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေဟာ လက်တွေကိုလည်း ခုတ်ခဲ့လို့ဖြစ်ပါတယ်။ သူငိုကြွေးမိပါတယ်။ ဒါပေမဲ့ ဆက်ပြေးပါတယ်။

တစ်ခါတစ်ရံမှာ သူကမေ့မျောပြီး မြေပေါ်ကို လဲကျသွားပါတယ်။ ဒါပေမဲ့ သူသတိပြန်ရလာရင် ထပ်ပြေးတာပါပဲ။

အိမ်နားရောက်လာတော့ မယ်ရီဆယ်က အမေ့ကိုခေါ်တယ်။ သမီးလေးကို တွေ့တဲ့အခါ အမေက ထိတ်လန့်တကြားစူးစူးဝါးဝါးအော်တယ်။ သူက သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတဲ့ ကလေးကို စောင်နဲ့ပတ်ပြိး ဆေးရုံကို သယ်သွားတယ်။

အခု ပြဿနာတက်ပါပြီ။သူတို့ရဲ့အိမ်ကနေ အမြန်လမ်းမကို ၁၂ ကီလိုမီတာ လမ်းလျှောက်ရပါတယ်။ အမြန်လမ်းမပေါ်ရောက်ဖို့တင် ၄ နာရီကြာပါတယ်။

ဆေးရုံရောက်တဲ့အခါ ဆရာဝန်တွေက မယ်ရီဆယ်သေတော့မှာပဲလို့ တွေးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ငါးနာရီကြာ ခွဲစိတ်ကုသခဲ့ကြပါတယ်။ သူ့ရဲ့လည်ပင်းနဲ့ နောက်ကျောက ဓားဒဏ်ရာ အရှည်ကြီးကို ၂၅ချက် ချုပ်ယူရပါတယ်။

မယ်ရီဆယ်ဟာ အသက်ရှင်တယ်ဆိုရုံလေး ရှင်ခဲ့ပါတယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးလည်း ဆုံးရှုံးခဲ့ရပါတယ်။

ဖြစ်ချင်တော့ နောက်တစ်နေ့ဟာ မယ်ရီဆယ်ရဲ့မွေးနေ့ဖြစ်ပါတယ်။ သူ့အသက် ၁၂ နှစ်ရှိပါပြီ။

ဒါပေမဲ့ ကြေကွဲစရာအဖြစ်က ဒီမှာအဆုံးမသတ်သေးပါဘူး။ သူတို့အိမ်ပြန်သွားတဲ့အခါ သူတို့အိမ်လေးမရှိတော့ပါဘူး။ အိမ်လေးကို ကြေးစားလူမိုက်တွေက မွှေနှောက်ခိုးယူပြီး မီးရှို့ထားလိုက်ပါပြီ။

အလွန်ဆင်းရဲသွားတဲ့အတွက် မယ်ရီဆယ်ရဲ့မိသားစုဟာ ဆေးရုံစရိတ် ပီဆို ၅၀,၀၀၀ ကိုပေးစရာမရှိပါဘူး။

ဒါပေမဲ့ ဘုရားသခင်က သူတို့ကိုကယ်ဆယ်ဖို့ နတ်သား၊ နတ်သမီးတွေအများကြီးကို စေလွှတ်လိုက်ပါပြီ။

ရပ်ဝေးက ဆွေမျိုးတစ်ဦးဖြစ်တဲ့ ခရစ်ယာန်ဂိုဏ်ချုပ် 'အန်တိုနီယို လီဒက်စမာ' က ဆေးရုံစရိတ်တွေ ပေးခဲ့ပြီး ရာဇဝတ်သားတွေ တရားခွင်ရောက်ဖို့ ကူညီခဲ့ပါတယ်။ သူတို့ထောင်ကျသွားပါတယ်။

ဒီနေ့မှာတော့ သူဟာ Regina Rosarii မှာ သီလရှင်တွေနဲ့ Sr.Eppie Brasil, O.P နဲ့အတူနေပါတယ်။

ဒါပေမဲ့ ဒါဟာ မယုံကြည်နိုင်လောက်တဲ့ အံ့ဖွယ်ရာတစ်ခုပါပဲ။ လှဲနေမယ့်အစား မယ်ရီဆယ်ဟာ ဆက်ပြေးနေခဲ့ပါတယ်။

သူ့မှာ လက်တွေ ဘာကြောင့်မရှိရတာလဲလို့ ဘုရားသခင်ကို ကျိန်ဆဲနေမယ့်အစား သင့်ကို ရင်သပ်ရှုမောဖြစ်စေမဲ့ မယုံနိုင်လောက်တဲ့နည်းလမ်းတွေနဲ့ သူ့ရဲ့လက်ကောက်ဝတ်တွေကို အခုသုံးနေပါတယ်။

မယ်ရီဆယ်ဟာ မသန်စွမ်းသူကလေးများကျောင်းမှာ လုံ့လဝီရိယအရှိဆုံး၊ ကွန်ပျူတာအတော်ဆုံး၊ အယဉ်ကျေးဆုံးအဖြစ် ချီမွမ်းခြင်းခံရပါတယ်။

၂၀၀၈ ခုနှစ်မှာ သူဟာ ဟိုတယ်နဲ့ စားသောက်ဆိုင်စီမံခန့်ခွဲမှု သင်တန်းပြီးဆုံးခဲ့ပါတယ်။ အနုပညာနဲ့ အတတ်ပညာကျွမ်းကျင်မှုအတွက် ရွှေတံဆိပ်ဆုတောင် ရခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ သူဟာစားဖိုမှူးတစ်ဦးဖြစ်လာမယ့် ပညာရေးကို ပြီးဆုံးခဲ့ပါတယ်။ ဟုတ်ပါတယ်။ လက်တွေမရှိတဲ့ စားဖိုမှူးကြီးပါ။

ဒီအမျိုးသမီးလေး သူ့ရဲ့စိတ်ကူးအိပ်မက်တွေဆီ မရောက်ရှိအောင် ဘယ်အရာကမှ ဟန့်တားနိုင်ခြင်း မရှိပါဘူး။

တကယ့်အောင်နိုင်သူတွေဟာ လက်မလျှော့တတ်ပါဘူး။

စည်သူထက် (မအူပင်တက္ကသိုလ်)Ref: Real Winners Don't Give Up!

[The Best English Magazine, September, 2014]

ချစ်မေတ္တာတည်ရာ

"ကျွန်မရဲ့ ကလေးကို ကြည့်လို့ရမလား" ဟု ပျော်ရွှင်နေသော မိခင်က မေးသည်။ သူ၏ရင်ခွင်ထဲသို့ အနှီးဖြင့်ထွေးထားသော ကလေးလေး ရောက်လာသည်။ သူသည် သားငယ်လေး၏ မျက်နှာကို ကြည့်ရှုရန် အဝတ်ခေါက်လေးကို ဖယ်လိုက်ေ...သာအခါ ပင့်သက်ရှိုက်မိသွားသည်။ အကြောင်းမှာ သူ၏သားကလေးသည် နားရွက်များမပါဘဲ မွေးဖွားလာခြင်းကြောင့်ဖြစ်သည်။ ကလေးငယ်လေး၏ အကြားအာရုံမှာ ပြည့်စုံကောင်းမွန်ပါသည်။ သို့သော် နားရွက်များမပါသောကြောင့် သူ၏ရုပ်ရည်မှာ မလှမပဖြစ်နေသည်။

တစ်နေ့တွင် ထိုကလေးသည် ကျောင်းမှ အိမ်သို့ အပြေးပြန်လာပြီး မိခင်၏ ရင်ခွင်ထဲသို့ တိုးဝင်နေလိုက်သည်။ မိခင်က သက်ပြင်းချမိသည်။ သားလေး ဝမ်းနည်းစရာများ ကြုံလာခဲ့ရသည်ကို သိနေ၍ဖြစ်သည်။

"လူကောင်ကြီးကြီးနဲ့ တစ်ယောက်က သားကို ငကြောင်လို့ခေါ်တယ်" ဟု သားငယ်လေးက သူ၏ မိခင်ကို ဝမ်းနည်းစွာ ပြောပြသည်။

သူ ကြီးပြင်းလာသောအခါ သူ၏အတန်းဖော်ကျောင်းသားများသည် သူ့ကို အလွန်ခင်မင်ကြသည်။ သူသည် အတန်းခေါင်းဆောင်ဖြစ်သင့်သူပင်ဖြစ်သည်။ သို့သော် နားရွက်များမပါသည့် အတွက်ပင် မဖြစ်ခဲ့ပေ။ သူသည် နောက်ပိုင်းတွင် အတန်းဖော်များနှင့် ရောရောနှောနှောမနေတော့ဘဲ သူဝါသနာပါသော စာပေနှင့် ဂီတကိုသာ တိုးတက်အောင်လုပ်တော့သည်။ ဤတွင် မိခင်က "သား၊ တခြားကလေးတွေနဲ့ ခင်ခင်မင်မင်နေရမယ်လေ" ဟု ဆုံးမပြောဆိုသည်။ ပြောသာပြောရသည်။ မိခင်မှာလည်း သားငယ်လေးကို ကရုဏာသက်နေမိသည်။

သားငယ်လေး၏ ဖခင်သည် မိသားစုဆရာဝန်နှင့် တွေ့ဆုံပြီး "သားလေးအတွက် ဘာမှ လုပ်ပေးလို့ မရတော့ဘူးလား" ဟု မေးသည်။ ဆရာဝန်က "နားရွက်တစ်စုံလောက် ရနိုင်မယ်ဆိုရင်တော့ အစားထိုးပြီး ဆက်ပေးလို့ရပါတယ်" ဟုပြောသည်။ ထို့နောက်တွင် ထိုလူငယ်လေးအတွက် အနစ်နာခံ၍ နားရွက်လှူနိုင်မည့်သူကို ရှာပုံတော်ဖွင့်ကြသည်။

ဤသို့ဖြင့် ၂-နှစ်ကုန်လွန်သွားပြီးနောက် တစ်နေ့တွင် "သားဆေးရုံကိုသွားရမယ်။ မင်းအမေနဲ့ အဖေက သားလိုအပ်တဲ့ နားရွက်တွေလှူမယ့်သူတစ်ယောက်ကို ရထားတယ်။ ဒါပေမဲ့ အဲဒါကလျှို့ဝှက်ချက်နော်" ဟု ဖခင်က သားငယ်ကို ပြောသည်။

ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သဖြင့် သားငယ်လေးသည် ရုပ်သွင်အသစ်ပေါ်ထွက်လာသည်။ ဤတွင် လူငယ်လေး၏ ပင်ကို စွမ်းရည်များဖွံ့ဖြိုးလာပြီး သူ၏ကျောင်းနှင့် ကောလိပ်တစ်လျှောက်လုံး အောင်မြင်မှုတစ်သီတစ်တန်းကြီး ရလာခဲ့ပါသည်။ ထို့နောက်တွင် သူသည် အိမ်ထောင်ကျပြီး သံတမန်တစ်ဦးဖြစ်လာသည်။

တစ်နေ့တွင် သူက ဖခင်ကို မေးသည်။
"ဘယ်သူက ကျွန်တော့်ကို နားရွက်တွေ ပေးခဲ့တာလဲ။ ကျွန်တော် အဲဒီလူအတွက် ဘာမှ ကျေးဇူးမဆပ်နိုင်သေးဘူး။"

"မင်း ကျေးဇူးဆပ်နိုင်မှာ မဟုတ်ဘူး။ နားရွက်တွေ ဘယ်သူလှူခဲ့တယ် ဆိုတာကို သားသိခွင့်မရှိဘူးလို့ အဖေတို့ သဘောတူထားတယ်လေ။ ဒါကြောင့် အခုသိခွင့်မရှိသေးဘူးပေါ့ကွာ။"

နှစ်များကြာသည်အထိ လျှို့ဝှက်ချက်က ရှိနေဆဲဖြစ်ပါသည်။ သို့သော် သိရှိရမည့်နေ့ကို ရောက်လာပါပြီ။ ထိုနေ့သည် သူ့ဘဝတွင် ကြုံတွေ့ရသမျှ အမှောင်ဆုံးနေ့ရက်များထဲမှ တစ်နေ့ပင်ဖြစ်ပါသည်။

သူသည် ဖခင်နှင့်အတူ မိခင်အလောင်းဘေး၌ ရပ်နေသည်။ ဖခင်က ဖြည်းနှေးနူးညံ့စွာဖြင့် လက်ကို ရှေ့ဆန့်ထုတ်ပြီး မိခင်၏ ထူထဲသောနီညိုရောင် ဆံပင်များကို မ ပြီး ပြောသည်။ "မင်းအမေက ပြောတယ်။ သူ့ရဲ့ဆံပင်တွေကို ဘယ်တော့မှ မညှပ်ရတော့လို့ ဝမ်းသာတယ်တဲ့လေ။ ဘယ်သူကမှလည်း မင်းအမေရဲ့ အလှတွေလျော့သွားမယ်လို့ မထင်ပါဘူး။ ဟုတ်တယ်မဟုတ်လား။"

ဤတွင် သူ သေသေချာချာ မြင်လိုက်ပါပြီ။ သူ့မိခင်တွင် နားရွက်နှစ်ဖက်လုံး ပြတ်နေသည်ကို မြင်လိုက်ရခြင်းပင်တည်း။

ကျွန်တော်တို့ သတိရသင့်ပါသည်။ တကယ့်ရတနာဆိုသည်မှာ ကျွန်တော်တို့ မြင်နိုင်သည့် နေရာတွင်မရှိဘဲ ကျွန်တော်တို့ မမြင်နိုင်သည့် နေရတွင် ရှိနေမြဲဖြစ်ပါသည်။ ထို့အတူ တကယ့်ချစ်မေတ္တာသည်လည်း လူသိနိုင်သည့် အပေါ်ယံကြောတွင် မရှိဘဲ လူမသိနိုင်သည့် အတွင်းစိတ်သဏ္ဌာန်တွင် တည်ရှိနေတတ်ပါသည်။

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: Can I See My Baby

မင်္ဂလာမောင်မယ်၊ စက်တင်ဘာ၊ ၂၀၁၄