နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, July 5, 2018

ဖတ်မှတ်လေ့လာ အင်္ဂလိပ်စာ


ဘယ်အရာကိုမဆို တစ်ဖက်သတ်အမြင်နဲ့ ကြည့်ပြီး အလျင်စလို မဆုံးဖြတ်သင့်ပါဘူး။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်အတွက်သာမက ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပါ အနည်းနဲ့အများဆိုသလို အကျိုးသက်ရောက်မှုရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို ရှုထောင့်စုံက မကြည့်ဘဲ အလျင်စလိုနဲ့ ဆုံးဖြတ်ချက်အမှားချမိရင် အမြဲနောင်တရစရာ ဖြစ်နေပါလိမ့်မယ်။ ဒီသဘောတရားကို အခု L.A Hill ရဲ့ဟာသလေးမှာလည်း သင်ခန်းစာထုတ်ယူနိုင်ပါတယ်။
စာပိုဒ်လေးကို စ ဖတ်ကြရအောင်။
Mrs Jenkins was the owner of a small restaurant in Southampton. Southampton is a big port. Mrs Jenkins had two young waitresses and a cook to help her.
One day a sailor came into the restaurant, sat down at one of the tables, ordered what he wanted from the waitress and then got up and left again after a few minutes. The owner of the restaurant was surprised when she saw this, so she called the waitress and asked her why the man had left before having his meal.
“Well,” the waitress answered, “he asked for some of our fried rabbit, and when I went out into the kitchen to order it from the cook, the cat was just on the other side of the door and I stepped on its tail by mistake. It made a terrible noise, of course, and then the man got up from his table and went out very quickly.”
တစ်ကြောင်းချင်းလေ့လာကြည့်မယ်။
Mrs Jenkins was the owner of a small restaurant in Southampton.
မစ္စစ်ဂျန်ကင်ဟာ ဆောက်သမ်တန်မှာရှိတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။
Southampton is a big port.
ဆောက်သမ်တန်ဟာ ဆိပ်ကမ်းမြို့ကြီးတစ်ခု ဖြစ်ပါတယ်။
Mrs Jenkins had two young waitresses and a cook to help her.
မစ္စစ်ဂျန်ကင်မှာ သူ့ကိုကူညီဖို့ ငယ်ရွယ်တဲ့ စားပွဲထိုးမလေးနှစ်ယောက်နဲ့ ထမင်းချက်တစ်ယောက် ရှိပါတယ်။
One day a sailor came into the restaurant,
တစ်နေ့မှာ သင်္ဘောသားတစ်ယောက် စားသောက်ဆိုင်ထဲကို ဝင်လာတယ်။
 sat down at one of the tables,
စားပွဲတစ်လုံးမှာ ထိုင်တယ်။
ordered what he wanted from the waitress
သူလိုချင်တာကို စားပွဲထိုးမလေးဆီမှာ မှာတယ်။
 and then got up and left again after a few minutes.
အဲဒီနောက် မိနစ်အနည်းငယ်အကြာမှာ ထ ပြီးပြန်ထွက်သွားပါတယ်။
The owner of the restaurant was surprised when she saw this,
စားသောက်ဆိုင်ပိုင်ရှင်က ဒါကို မြင်တဲ့အခါ အံ့သြသွားပါတယ်။
 so she called the waitress and asked her why the man had left before having his meal.
ဒါကြောင့် သူက စားပွဲထိုးမလေးကို ခေါ်ပြီး ဒီလူက အစားအသောက်တွေကို မစားခင်ဘာလို့ ထွက်သွားတာလဲလို့မေးတယ်။
“Well,” the waitress answered,
“ဟုတ်ကဲ့” စားပွဲထိုးမလေးက ပြန်ဖြေပါတယ်။
“he asked for some of our fried rabbit,
“သူက ကျွန်မတို့ရဲ့ ယုန်ကြော်ကို မှာပါတယ်။
 and when I went out into the kitchen to order it from the cook,
ကျွန်မက ထမင်းချက်ဆီမှာ အဲဒါကိုမှာဖို့ မီးဖိုထဲဝင်သွားတဲ့အခါ
the cat was just on the other side of the door
တံခါးရဲ့တစ်ဖက်မှာ ကြောင်ရှိနေတယ်။
and I stepped on its tail by mistake.
ကျွန်မက ကြောင်ရဲ့အမြီးကို မှားပြီးနင်းမိသွားတယ်။
 It made a terrible noise, of course,
ဟုတ်တာပေါ့ ဒီကောင်ဆိုးဆိုးဝါးဝါးအော်ပါလေရော။
and then the man got up from his table and went out very quickly.”
အဲဒီနောက်ဒီလူလည်း သူ့စားပွဲက ထ ပြီး အမြန်ထွက်သွားတာပဲ။”
ဒီဟာသလေးမှာ ယုန်ကြော်မှာစားတဲ့ သင်္ဘောသားဟာ ကြောင်ရဲ့ ဆိုးဆိုးဝါးဝါး အော်သံကြားတဲ့အခါ သူ့ကို လာချပေးမှာက ယုန်ကြော်မဟုတ်ဘဲ ကြောင်ကြော်ဖြစ်နေမှာပဲ ဆိုတဲ့အတွေးနဲ့ အမြန်လစ်တာပါ။ အခြေအနေကို မစူးစမ်းဘဲ အလျင်စလိုလုပ်တော့ ခွကျသွားတာပေါ့။ မှားလည်း မှားချင်စရာပဲလေ။
ဝေါဟာရများ
(1)  owner                    (n) ပိုင်ရှင်
Are you the owner of this car?
ခင်ဗျားက ဒီကားရဲ့ပိုင်ရှင်လား။
(2)  restaurant           (n)      စားသောက်ဆိုင်
(3)  port                   (n)      ဆိပ်ကမ်းမြို့
(4)  waitress              (n)      စားပွဲထိုး(မ)
(စားပွဲထိုး ယောင်္ကျားလေးဆိုရင် waiter လို့ခေါ်တယ်)
(5)  cook                  (n)      ထမင်းချက်။ ချက်သူ
(chef=စားဖိုမှူး ဆိုရင် cook တွေအားလုံးရဲ့ အကြီးအကဲပါ)
(6)  sailor                 (n)      သင်္ဘောသား
(7)  surprised             (adj)   အံ့သြသော
I am surprised at you, behaving like that in front of the kids.
ကလေးတွေရဲ့ရှေ့မှာ ဒီလိုမျိုးပြုမူနေတာ မင်းကို ငါအံ့သြမိတယ်။
       behave         (v) ပြုမူသည်
       kid     (n) ကလေး
(surprised (adj) ရဲ့ နောက်မှာ at သို့မဟုတ် by လိုက်လေ့ရှိပါတယ်)

(8)  fried                  (adj)           ကြော်ထားသော
fried noodles   ခေါက်ဆွဲကြော်
(9)  by mistake          (idm)          မှားပြီးတော့
I took your bag instead of mine by mistake.
ကျွန်တော့် အိပ်ကို ယူလာရမယ့်အစား ခင်ဗျားအိပ်ကို မှားပြီး ယူလာမိတယ်ဗျာ။
(10) terrible              (adj)  ဆိုးဝါးသော
The heat was terrible.
အပူရှိန်က ဆိုးဝါးလိုက်တာ။
(11) noise                (n)     ဆူညံသံ
Don’t make so much noise.
သိပ်မဆူနဲ့။

ရှင်းလင်းချက်များ
        ဒီဟာသလေးမှာ a, an, the ဆိုတဲ့ စကားလုံးလေးတွေကို ရည်ရွယ်ချက်ကို လိုက်ပြီး သုံးထားတာ တွေ့ရပါလိမ့်မယ်။ a, an, the အသုံးအနှုန်းကို ခွဲခြားလေ့လာကြည့်ရအောင်။
        a, an, the ကို articles လို့ခေါ်တယ်။ articles မှာ a, an, the ဆိုပြီး သုံးလုံးထဲရှိလို့တော်ရော့တယ်။ သူတို့ကို ရွေးချယ်သုံးရတာ အတော်ကျယ်ပြန့်တယ်။ ဒီဆောင်းပါးမှာတော့ အရေးအကြီးဆုံးအချက်တွေကို ထုတ်နှုတ်ဖော်ပြပေးပါမယ်။
        ◊ a, an ကို indefinite article (မတိကျတဲ့ article) လို့ ခေါ်တယ်။
       ◊ the ကို definite article (တိကျတဲ့ article) လို့ခေါ်တယ်။
       ◊ a, an ကို ယေဘုယျ သဘောသုံးတယ်
       ◊ the ကို သီးခြားသဘောသုံးတယ်။
ဥပမာ…I need a bike.
ကျွန်တော် စက်ဘီးတစ်စီး လိုအပ်တယ်။
(ဘယ်လို စက်ဘီးမျိုး လိုအပ်တယ်လို့ သီးခြားမပြောဘူး။ စက်ဘီးလို့ပဲ ယေဘုယျပြောတာ။ ဒါကြောင့် a bike လို့ သုံးတယ်)
The bike which my father bought yesterday is nice.
မနေ့က အဖေဝယ်လာပေးတဲ့ စက်ဘီးလေးက ကောင်းတယ်။
(စက်ဘီးတိုင်းကို ပြောတာမဟုတ်ဘူး။ အဖေဝယ်လာပေးတဲ့ စက်ဘီးကိုပဲ သီးခြားပြောတာ။ ဒါကြောင့် the bike သုံးတယ်)
          a, an ကို singular countable noun (ရေတွက်လို့ရတဲ့ တစ်ခုကိန်းနာမ်) တွေနဲ့ သုံးတယ်။
       ◊ ဗျည်းသံ (consonant sound) ထွက်တဲ့ စကားလုံးတွေနဲ့ ‘a’ကိုသုံးရတယ်။ သရသံ (vowel sound) ထွက်တဲ့ စကားလုံးတွေနဲ့ ‘an’ ကိုသုံးရတယ်။
        a boy                                an apple
        a student                           an aeroplane
        a bank                              an umbrella
        ဒီနေရာမှာ ပြောစရာတစ်ခုရှိလာတယ်။ တချို့တပည့်လေးတွေက မေးတယ်။ ဆရာ..a, e, i, o, u က သရတွေဆိုတော့ university ရှေ့မှာ an ထည့်ရမှာလားတဲ့။ အဲဒီအခါ ဒီလိုပြန်ဖြေလိုက်တယ်။ မင်းတို့ သရ အသံ နဲ့ သရ စာလုံးမှားနေပြီ။  စကားလုံးတစ်လုံးဟာ သရ အသံထွက်မှ တစ်နည်းပြောရရင် ‘အ’ အသံထွက်မှ an ထည့်ရတယ်။ သရသံ မထွက်ရင် a, e, i, o, u နဲ့ စထားပေမဲ့ an မထည့်ရဘူး။ a ပဲထည့်ရတယ် ။ ကဲ a university ဆိုပါတော့။ u နဲ့ စပေမဲ့ အသံထွက်တော့ ‘အ’ အသံမထွက်ဘူး။ ဒါကြောင့် a ပဲ ထည့်ရတယ်။ an hour/ an honest man ဆိုရင်ကော။ a, e, i, o, u နဲ့ မစဘူးလေ။ ဒါပေမဲ့ ‘အ’ အသံထွက်တဲ့အတွက် an သုံးရတယ်။
        ◊ the ကိုတော့ ရေတွက်လို့ ရတာရော၊ ရေတွက်လို့မရတာရော၊ တစ်ခုကိန်းရော၊ အများကိန်းရော သုံးတယ်။
        ◊တစ်စုံတစ်ခုကို ပထမဆုံးဖော်ပြတဲ့အခါ a, an ကို သုံးရတယ်။ ဖော်ပြပြီးသားအရာကို ထပ်ဖော်ပြချင်ရင် the ကို သုံးရတယ်။
        A man and a woman were sitting opposite me. The man was American, but I think the woman is British.
ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ထိုင်နေတယ်။ အမျိုးသားက အမေရိကန်ပါ။ ဒါပေမဲ့ အမျိုးသမီးက ဗြိတိသျှလို့ ကျွန်တော်ထင်တယ်။
        ◊ တစ်ခုတည်းရှိတဲ့ အရာတွေနဲ့ the ကို သုံးရတယ်။
The sun is a star.
နေဟာကြယ်တစ်လုံးပဲ။
(နေနှစ်လုံးမရှိဘူး။ တစ်လုံးတည်းရှိတယ်။ ဒီလိုမျိုးဆို the သုံးရတယ်။)
The moon is a satellite of the earth.
လဟာ ကမ္ဘာရဲ့ အရံဂြိုဟ်တစ်လုံးဖြစ်တယ်။
Mrs Jenkins was the owner of a small restaurant in Southampton.
မစ္စစ်ဂျန်ကင်ဟာ ဆောက်သမ်တန်မှာရှိတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။
 (ဒီဆိုင်မှာ ပိုင်ရှင်က သူတစ်ဦးတည်းပါ။ ဒါကြောင့် the owner)
        ◊ ဘယ်သူ၊ ဘယ်အရာကို ရည်ညွှန်းပြီး ပြောနေတယ်ဆိုတာ သိရင် the သုံးရတယ်။
Can you turn off the light, please?
ကျေးဇူးပြုပြီး မီးပိတ်ပေးနိုင်မလား။ (ဒီအခန်းထဲမှာ ရှိတဲ့ မီးကိုပဲ ပိတ်ခိုင်းတာပါ)
the cat was just on the other side of the door
တံခါးရဲ့တစ်ဖက်မှာ ကြောင်ရှိနေတယ်။
(Mrs Jenkins ရဲ့ ဆိုင်မှာမွေးထားတဲ့ ကြောင်ကို ပြောတာပါ)
◊ မြစ်၊ ပင်လယ်၊ ပင်လယ်ကွေ့၊ သမုဒ္ဒရာ၊ တောင်တန်း၊ ကျွန်းစု နာမည်တွေနဲ့ the သုံးရတယ်။
The Ayeyarwady river                   ဧရာဝတီမြစ်
The Pacific Ocean               ပစိဖိတ်သမုဒ္ဒရာ
The Gulf of Mexico             မက္ကဆီကိုပင်လယ်ကွေ့
The Alps                           အဲလ်ပ်စ် တောင်တန်း
The Hawaiian islands           ဟာဝိုင်အီကျွန်းစု
◊ အများကိန်းနာမည်ပါတဲ့ တိုင်းပြည်တွေ ဒါမှမဟုတ် နာမည်မှာ နာမဝိသေသနပါတဲ့ တိုင်းပြည်တွေမှာ the ထည့်ရတယ်။
The United States of America
The Netherlands
The Philippines
The United Kingdom
Great Britain ကတော့ ချွင်းချက်ပါ။ နာမည်မှာ နာမဝိသေသနပါပေမဲ့ the မထည့်ရဘူး။
the အသုံးနောက်ထပ် အသေးစိတ်အချက်တွေရှိပါသေးတယ်။ လက်တွေ့ရေးသားတဲ့ အခါ သိသင့်တာလေးတွေ၊ မှားတတ်တာလေးတွေကို ဦးစားပေးပြီး ရေးလိုက်တာဖြစ်ပါတယ်။
လူငယ်မောင်မယ်များအားလုံး လေ့ကျင့်ရင်း တိုးတက်မှုရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
                                                                       

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ