နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, August 22, 2013

စုပေါင်းအား၏ စွမ်းပကား



စစ်သားတစ်စုသည် သစ်ကိုင်းကြီးတစ်ကိုင်းကို လမ်းပေါ်မှ မ, ပြီးရွှေ့ရန်ကြိုးစားနေသည်။

သူတို့၏ ဘေးတွင် တပ်ကြပ်တစ်ဦးရပ်ပြီး သူတို့ကိုပို၍ ပြင်းပြင်းထန်ထန်ကြိုးစားရန် ညွှန်ကြားနေသည်။ သို့သော် သူတို့ မရွှေ့နိုင်ကြပေ။

လူစိမ်းတစ်ဦးသည် မြင်းစီးလာပြီး ဖြစ်ပျက်ပုံကို စူးစမ်းသည်။ သူကတပ်ကြပ်ကို ပြောသည်။

“ခင်ဗျားသာ ကူညီမယ်ဆိုရင် သူတို့သစ်ကိုင်းကြီးကို ရွှေ့နိုင်မှာပေါ့ဗျ။ သူတို့ကို ကူညီလိုက်ပါလား။”

တပ်ကြပ်က ပြန်ပြောသည်။
"ဒါက ကျုပ်အလုပ်မဟုတ်ဘူး။ ကျုပ်ကတပ်ကြပ်။ခု ကိစ္စကသူတို့အလုပ်။ သူတို့ပဲလုပ်သင့်တယ်။"

လူစိမ်းသည် ခေတ္တမျှ မတုံ့ဆိုင်းဘဲ သူ၏မြင်းပေါ်မှ ချက်ချင်းဆင်းကာ စစ်သားအုပ်စုကို ကျောက်တုံးကြီး ကူညီရွှေ့ပေးသည်။

ဤသို့နောက်ထပ်ဝင်ရောက်လာသော အင်အားက သစ်တုံးကို ရွှေ့နိုင်ရန်ကူညီခဲ့သည်။

သစ်တုံးကြီးကို ရွှေ့ပြီးသောအခါ ကိုလူစိမ်းက မြင်းပေါ်တက်ပြီး တပ်ကြပ်ကို…

"နောက်တစ်ကြိမ်မှာ လေးလေးပင်ပင် ပစ္စည်းတွေကို ရွှေ့ဖို့အကူအညီလိုရင် ကာကွယ်ရေးဦးစီးချုပ်ကိုခေါ်ပါ " ဟုပြောကာ သူ့လမ်းသူဆက်သွားသည်။

ထိုအခါကျမှသာ လူစိမ်းသည် အခြားသူမဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတလည်းဖြစ်သူ "ဂျော့ ဝါရှင်တန်" ဖြစ်မှန်း ထိုသူများ နားလည်သဘောပေါက်ခဲ့ပါသည်။

စည်သူထက်(မအူပင်တက္ကသိုလ်)

Ref: www.academictips.org
Wisdom English Magazine, June, 2013


"နှလုံးသားက ထွက်ပေါ်လာသော သူရသတ္တိ"

ဘော့(ဘ်) ဘတ်တလာသည် ဗီယက်နမ်နိုင်ငံတွင် ၁၉၆၅ ခုနှစ်အချိန်က မြေမြှုပ်မိုင်း ပေါက်ကွဲမှုတစ်ခုကြောင့် ခြေထောက်များဆုံးရှုံးခဲ့သည်။ စစ်ပြန်သူရဲကောင်းတစ်ယောက်အဖြစ် သူအိမ်ပြန်ရောက်လာခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်အကြာတွင် သူသည် သူရသတ္တိဟူသည် နှလုံးသားမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သက်သေတစ်ဖန် ပြသနိုင်ခဲ့သည်။



ပူပြင်းသော နွေရာသီတစ်ရက်တွင် ဘတ်တလာသည် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် မြို့လေးတစ်မြို့တွင်ရှိသော သူ၏ကားဂိုထောင်ထဲတွင် အလုပ်လုပ်နေသည်။ ထိုအချိန်တွင် အနီးအနားရှိ အိမ်တစ်အိမ်မှ အမျိုးသမီးတစ်ဦး၏ စူးစူးဝါးဝါးအော်သံထွက်ပေါ်လာသည်ကို သူကြားလိုက်ရသည်။ သူသည် ထိုအိမ်သို့သူ၏ ဝှီးချဲကို လှိမ့်သွားလိုက်သည်။သို့သော် ထူထပ်သိပ်သည်းသော ချုံပုတ်များကြောင့် အိမ်အနောက်ဘက်တံခါးသို့ မရောက်နိုင်ဘဲဖြစ်နေသည်။ ထို့ကြောင့်သူသည် ဝှီးချဲပေါ်မှ ဆင်းလိုက်ပြီ အညစ်အကြေးများ ချုံပုတ်များကိုဖြတ်ကာ တွားသွားလိုက်သည်။



“ကျွန်တော် အဲဒီနေရာကို ရောက်မှဖြစ်မယ်။ ဘယ်လောက်နာနာ အရေးမကြီးပါဘူး” ဟုသူက ပြောသည်။ ရေကန်သို့ ဘတ်တလာ ရောက်ရှိချိန်တွင် စတက်ဖနီဟိန်းဟု အမည်ရသော သုံးနှစ်သမီးလေး ရေကန်အောက်ခြေတွင် လဲနေသည်ကို တွေ့ရသည်။ ကလေးမလေးသည် လက်နှစ်ဖက်မပါဘဲ မွေးဖွားလာခြင်းဖြစ်ပြီး ရေကန်ထဲကျသွားသောအခါ ရေမကူးတတ်ပေ။ သူမ၏ မိခင်သည် ထိတ်ထိတ်ပျာပျာအော်ဟစ်နေသည်။ ဘတ်တလာသည် ရေကန်အောက်ခြေသို့ ဒိုက်ဗင်ထိုးဆင်းပြီး ကလေးမလေးစတက်ဖနီကို အပေါ်သို့ ပြန်သယ်လာခဲ့သည်။ သူမ၏မျက်နှာလေး ပြာနှမ်းနေပြီး သွေးခုန်နှုန်းမရှိတော့ပေ။ အသက်လည်းမရှူတော့။



ဘတ်တလာသည် သူမသတိပြန်လည်လာစေရန် ရင်ညွန့်ကို လက်နှင့်ဖိပေးခြင်း၊ အဆုပ်တွင်းသို့ လေမှုတ်သွင်းပေးခြင်းများ ချက်ချင်းလုပ်ဆောင်သည်။ စတက်ဖနီ၏ မိခင်က မီးသတ်ဌာနကို ဖုန်းဆက်နေသည်။ ဆေးဘက်အကူများသည် ဖုန်းဆက် အကြောင်းကြားချက်တစ်ခုရ   ထွက်သွားပြီဖြစ်ကြောင်း သူမကိုဖြေကြားသည်။ သူမသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ရှိုက်ငိုပြီး ဘတ်တလာ၏ ပခုံးကို ဖက်ထားလိုက်သည်။



ဘတ်တလာသည် ကလေးမလေး၏ ရင်ညွန့်ကို လက်နှင့်ဖိပေးခြင်း၊ အဆုပ်တွင်းသို့ လေမှုတ်သွင်းပေးခြင်းများ ဆက်လက်လုပ်ဆောင်နေပြီး မိခင်ဖြစ်သူကို တည်ငြိမ်စွာ နှစ်သိမ့်သည်။ “မပူပါနဲ့ဗျာ၊ ရေကန်ထဲက တက်လာနိုင်ဖို့အတွက် ကျွန်တော် ကလေးမလေးရဲ့ လက်တွေအဖြစ်ရှိခဲ့ပါတယ်။ အိုကေသွားမှာပါ။ ကျွန်တော် အခုသူ့ရဲ့အဆုပ်အဖြစ်ရှိနေပါပြီ။ ကျွန်တော်တို့ အတူတူအောင်မြင်မှာပါ” ဟု သူကပြောသည်။



စက္ကန့်အနည်းငယ်ကြာသောအခါ ကလေးမလေး ချောင်းဆိုးပြီး သတိပြန်လည်လာသည်။ ထို့နောက်ငိုလေသည်။ သူတို့အတူဖက်ပြီး ပျော်မြူးသွားချိန်တွင် မိခင်ဖြစ်သူက ဘတ်တလာကို အဆင်ပြေသွားမယ်ဆိုတာ ဘယ်လိုသိလဲဟု မေးသည်။ အမှန်တော့ “ကျွန်တော်မသိခဲ့ပါဘူး” ဟု သူက သူမကို ပြောပါသည်။ “ ဒါပေမဲ့ စစ်ပွဲမှာတုန်းက ကျွန်တော့်ရဲ့ ခြေထောက်တွေ ပြတ်ထွက်သွားတဲ့ အချိန်မှာ လယ်ကွင်းထဲမှာ ကျွန်တော်တစ်ယောက်တည်းပေါ့။ ကူမယ့်ကယ်မယ့်သူကလည်း ဗီယက်နမ်မလေးတစ်ယောက်ကလွဲလို့ ဘယ်သူမှ မရှိဘူး။ သူက ကျွန်တော့်ကို သူ့ရွာထဲကြိုးစားဆွဲသွားပြီး အင်္ဂလိပ်စကား မတောက်တခေါက်နဲ့ တိုးတိုးပြောပါတယ်။ “အဆင်ပြေပါတယ်။ ရှင်အသက်ရှင်နိုင်ပါတယ်။ ကျွန်မ ရှင့်ရဲ့ခြေထောက်တွေအဖြစ်ရှိပေးမှာပါ။ ကျွန်မတို့ အတူတူအောင်မြင်ကြတာပေါ့” တဲ့။ သူ့ရဲ့ ကြင်နာတဲ့ စကားလုံးတွေကြောင့် ကျွန်တော့်ရဲ့စိတ်နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ ရှိလာခဲ့တယ်။ စတက်ဖနီလေးအတွက် ကျွန်တော် အလားတူ လုပ်ပေးချင်တာပါဗျာ”



“ကျွန်တော်တို့တစ်တွေ တစ်ဦးတည်း မရပ်တည်နိုင်တဲ့ အချိန်တွေ ရှိပါတယ်။ တစ်စုံတစ်ယောက်ကို ကျွန်တော်တို့ရဲ့ ခြေထောက်တွေ လက်တွေအဖြစ် ကျွန်တော်တို့ရဲ့ မိတ်ဆွေအဖြစ် လိုအပ်မယ့် အချိန်တွေ ရှိနေပါတယ်။”



စည်သူထက် (မအူပင်တက္ကသိုလ်)


The Best English Magazine, No.(168), July, 2013

Sunday, August 11, 2013




                                  "သူလိုချစ်သူ"

ဟိုးအစတုန်းက ကောင်မလေးရဲ့မိသားစုက ကောင်မလေးနဲ့ဒီကောင်လေးတွဲနေတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြတယ်။ မိသားစုနောက်ခံအခြေအနေနဲ့ဆိုင်ကြောင်းပြောတဲ့အပြင် သူသာဒီကောင်လေးနဲ့အတူနေမယ်ဆိုရင် တစ်သက်လုံး ဒုက္ခရောက်နေမှာလို့လည်း ပြောကြပြန်တယ်။

မိသားစုရဲ့ဖိအားပေးမှုကြောင့် ချစ်သူနှစ်ဦးဟာ မကြာခဏဆိုသလို စကားများရန်ဖြစ်ရတယ်။ ကောင်မလေးက ကောင်လေးကို လေးလေးနက်နက်ချစ်ပေမဲ့ “နင့်ရဲ့အချစ်က ငါ့အပေါ်ဘယ်လောက်လေးနက်သလဲ” လို့ကောင်လေးကို အမြဲတမ်း သူမေးတယ်။ ကောင်လေးကစကားမကြွယ်တဲ့သူဖြစ်နေတာကြောင့် ကောင်မလေးမကြာခဏဆိုသလို သိပ်ပြီး စိတ်ပျက်သွားပါတယ်။ ဒီလိုအခြေအနေတွေလည်းရှိ၊ မိသားစုရဲ့ဖိအားကလည်းရှိနေတော့ ကောင်မလေးရဲ့ဒေါသတွေဟာ ကောင်လေးအပေါ်ပဲ ကျရောက်နေတတ်ပါတယ်။ ကောင်လေးကတော့ ကောင်မလေးရဲ့ဒေါသတွေကို တိတ်တဆိတ်ပဲ ခံယူပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါ ကောင်လေးဟာ နောက်ဆုံးတော့ ဘွဲ့ရရှိပြီး နိုင်ငံခြားမှာ နောက်ထပ်ပညာတော်သင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမသွားခင်မှာ ကောင်မလေးကိုလက်ထပ်ခွင့် တောင်းပါတယ်။

“ငါစကားလုံးလှလှလေးတွေ မပြောတတ်ဘူးဟာ။ ဒါပေမဲ့ ငါသိတာကတော့ ငါနင့်ကိုချစ်တယ်။ နင်ခွင့်ပြုမယ်ဆိုရင် ငါနင့်ကိုတစ်သက်လုံးဂရုစိုက်သွားမှာပါ။ နင့်ရဲ့မိသားစုနဲ့ ပတ်သက်လို့ကတော့ သူတို့ကို နားလည်အောင်ပြောဖို့အတတ်နိုင်ဆုံး ငါကြိုးစားပါမယ်။ ငါ့ကိုလက်ထပ်မယ်မဟုတ်လားဟင်။”
ကောင်မလေးကသဘောတူခဲ့တယ်။ ကောင်လေးရဲ့ ဇွဲသတ္တိကြောင့်နောက်ဆုံးတော့ မိသားစုကလည်းအလျှော့ပေးပြီး သူတို့ကိုလက်ထပ်ပေးဖို့ သဘောတူခဲ့တယ်။ ဒါကြောင့် သူမသွားခင်မှာ သူတို့စေ့စပ်ခဲ့တယ်။ ကောင်မလေးက အလုပ်အကိုင်အသိုင်းအဝန်းထဲကို ဝင်ရောက်ခဲ့တယ်။ ကောင်လေးကတော့ နိုင်ငံရပ်ခြားမှာ ပညာတွေ ဆက်လက်သင်ယူနေတယ်။ သူတို့ဟာ သူတို့အချစ်တွေကို အီးမေးလ်တွေ၊ ဖုန်းတွေကတစ်ဆင့် ပို့နေကြတယ်။ ဒီလိုလုပ်နေရတာ ခက်ခဲပေမဲ့လည်း သူတို့လက်လျှော့ဖို့ ဘယ်တော့မှ မတွေးခဲ့ပါဘူး။

တစ်နေ့မှာကောင်မလေးဟာ အလုပ်ကို သွားတဲ့လမ်းမှာ အထိန်းအချုပ်ကင်းမဲ့နေတဲ့ ကားတစ်စီးက ဝင်တိုက်တာကို ခံလိုက်ရတယ်။သူနိုးလာတဲ့အခါ သူ့ရဲ့အိပ်ရာဘေးမှာ မိဘတွေကိုမြင်ရတယ်။ သူပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်ဆိုတာ ကောင်မလေးသဘောပေါက်ခဲ့တယ်။ဒါပေမဲ့ သူထပ်ပြီးသဘောပေါက်လိုက်တာက သူ့ပါးစပ်က လေသံသဲ့သဲ့ပဲ ထွက်နိုင်တော့တယ်ဆိုတာပါပဲ။ သူ့ရဲ့အသံတွေ ဆုံးရှုံးသွားခဲ့ရပြီလေ။

ကောင်မလေးရဲ့ဦးနှောက်ကို ထိခိုက်မှုက သူ့ကိုအသံတွေဆုံးရှုံးသွားစေတာလို့ ဆရာဝန်တွေက ပြောကြတယ်။ မိဘတွေရဲ့နှစ်သိမ့်စကားကို နားထောင်နေပေမဲ့ သူ့ဆီက ဘာအသံမှ ထွက်မလာနိုင်တဲ့အခါ သူ့စိတ်ဓာတ်တွေပျက်ပြားခဲ့ရပါတယ်။ ဆေးရုံမှာရှိနေစဉ်မှာ သူဟာတိတ်တဆိတ်ငိုကြွေးနေရတာကိုပဲ အဖော်ပြုနေရပါတယ်။

အိမ်ပြန်ရောက်တော့လည်းတယ်လီဖုန်းမြည်သံကလွဲလို့ အရာအားလုံးက အတူတူလိုပါပဲ။ ဒီတယ်လီဖုန်းမြည်တိုင်း သူ့ရဲ့အသည်းနှလုံးကို ထိုးနှက်နေပါတယ်။

သူကကောင်လေးကို မသိစေချင်ပါဘူး။ ကောင်လေးကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့အတွက် သူကကောင်လေးကို ထပ်မစောင့်ချင်တော့ကြောင်းစာရေးပြောလိုက်ပါတယ်။

ဒီစာနဲ့အတူ ကောင်လေးဆီကို လက်စွပ်လေးပြန်ပို့လိုက်ပါတယ်။ အပြန်အလှန်အားဖြင့် ကောင်လေးက သူ့ဆီ ပြန်စာတွေ အများကြီး၊ အများကြီးပြန်ပို့တဲ့အပြင် မရေမတွက်နိုင်အောင်လည်းဖုန်းခေါ်ပါတယ်။ ငိုကြွေးတာအပြင် ကောင်မလေးလုပ်နိုင်တာကလည်း ငိုကြွေးတာပဲ ရှိနေပါတယ်။ မိဘတွေက ကောင်မလေးအရာအားလုံးကိုမြေ့ပီး ပျော်ပျော်ရွှင်ရွှင်ရှိနေစေဖို့ မျှော်လင့်ချက်နဲ့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ပါတယ်။

ပတ်ဝန်းကျင်အသစ်မှာ ကောင်မလေးက သင်္ကေတပြဘာသာစကားကို လေ့လာပြီး ဘဝအသစ်ပြန်စပါတယ်။နေ့တိုင်းလည်း သူ့ကိုယ်သူကောင်လေးကို မေ့ပစ်ရမယ်ဆိုတာ ပြောနေပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သူငယ်ချင်းရောက်လာပြီး ကောင်လေးပြန်ရောက်နေပြီဖြစ်ကြောင်းပြောပြပါတယ်။ ကောင်မလေးက သူငယ်ချင်းကို သူဘာဖြစ်ခဲ့တယ်ဆိုတာ ကောင်လေးမသိပါစေနဲ့လို့ မှာရှာတယ်။ အဲဒီအချိန်ကစပြီး ကောင်လေးသတင်း ဘာမှထပ်မကြားရတော့ဘူး။

တစ်နှစ်ကုန်ဆုံးသွားတဲ့အခါ သူ့ရဲ့သူငယ်ချင်းက ကောင်လေးရဲ့မင်္ဂလာဖိတ်စာပါတဲ့ စာအိတ်တစ်အိပ်နဲ့ရောက်လာတယ်။ ကောင်မလေးကြေကွဲခံစားသွားရပါတယ်။ စာကိုဖွင့်လိုက်တဲ့အခါ (သတို့သမီးနေရာမှာ) သူ့ရဲ့နာမည်ကိုတွေ့လိုက်ရပါတယ်။ ဘာတွေဖြစ်တာလဲလို့ သူ့ရဲ့သူငယ်ချင်းကို မေးတော့မယ့် အချိန်မှာ သူ့ရဲ့ရှေ့မှာ ကောင်လေးရပ်နေတာကို တွေ့ရပါတယ်။

သူကသင်္ကေတပြဘာသာစကားကိုသုံးပြီး ကောင်မလေးကိုပြောတယ်။ “ကိုယ်တစ်နှစ်လုံးလုံး သင်္ကေတပြဘာသာစကားကို လေ့လာခဲ့တယ်။ ကိုယ်တို့ရဲ့ကတိကို ကိုယ်မမေ့ဘူးဆိုတာ မင်းသိဖို့ပါ။ ကိုယ့်ကိုမင်းရဲ့အသံလေးဖြစ်ဖို့ အခွင့်အရေးပေးပါ။ ကိုယ်မင်းကို ချစ်တယ်”
နောက်ဆုံးတော့ ကောင်မလေးပြုံးလာပါတယ်။

"သံယောဇဉ်တိုင်းကို နောက်ဆုံးတစ်ခုအဖြစ်မှတ်ယူသဘောထားပါ။ သံယောဇဉ်ဘယ်လိုပေးရမယ်ဆိုတာ သင်သိလာပါလိမ့်မယ်။

တဒင်္ဂအချိန်တိုင်းကို နောက်ဆုံးနေ့အဖြစ်မှတ်ယူသဘောထားပါ။ တဒင်္ဂအချိန်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ သင်သိလာပါလိမ့်မယ်။”

"သင့်မှာ အခုရှိနေတာတွေကို အမြတ်တနိုးတန်ဖိုးထားပါ။ အဲဒီလိုမှ မဟုတ်ရင်တစ်နေ့မှာ သင်နောင်တရပါလိမ့်မယ်။”

စည်သူထက်(မအူပင်တက္ကသိုလ်)

Ref: http://www.india-forums.com/
The Best English Magazine, No.(170), August 2013






       "ကိုယ့်ကိုဘယ်လိုမျိုး အမှတ်ရစေချင်ပါသလဲ"



လွန်ခဲ့သောနှစ်တစ်ရာခန့်က လူတစ်ဦးသည် နံနက်ခင်းသတင်းစာကိုကြည့်မိစဉ်တွင် နာရေးကြော်ငြာ၌ သူ၏အမည်ကိုဖတ်လိုက်ရ၍ အံ့သြထိတ်လန့်သွားသည်။ သတင်းစာက သူသေဆုံးသည့်သတင်းကို မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ပထမတော့သူတုန်လှုပ်သွားသည်။ "ငါအသက်ရှင်နေတုန်းလား၊သေသွားပြီလား" ဟုသူတွေးမိခဲ့သည်။
သူသည်တည်ငြိမ်မှုပြန်လည်ရရှိလာသောအခါ နောက်ထပ်တွေးမိသည်က သူ၏အကြောင်းကို လူအများမည်သို့ပြောကြသည်ကို ရှာကြည့်ရန်ဖြစ်သည်။ နာရေးကြော်ငြာတွင် "ယမ်းဘီလူးဘုရင်ကွယ်လွန်ပြီ " ဟူ၍ ရေးသားထားသည်။ ထို့ပြင် သူသည် "သေမင်းတမန်ကုန်သည်ဖြစ်သည်" ဟုလည်းရေးထားသည်။

သတင်းစာဖတ်နေသောသူသည် ယမ်းဘီလူးကိုတီထွင်ခဲ့သူဖြစ်သည်။ "သေမင်းတမန်ကုန်သည်" ဟူသောစာသားကို ဖတ်မိစဉ်တွင် သူ့ကိုယ်သူမေးခွန်းတစ်ခုမေးမိသည်။
"ဒါကငါ့ကိုအမှတ်ရနေမယ့် ပုံစံလား"

ထိုသို့သူ့ကို အမှတ်ရသည့်ပုံစံကို ခံစားမှုရှိခဲ့သည့်အတွက် သူသည်ထိုပုံစံကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေ့မှစ၍ သူသည်ငြိမ်းချမ်းရေးအတွက် စတင်ဆောင်ရွက်တော့သည်။ သူ၏အမည်က "အဲဖရက်နိုဗယ်"ဖြစ်ပါသည်။ ယနေ့တွင် သူ့ကို ကြီးကျယ်လှသော " နိုဗယ်ဆု" ကြောင့် လူအများအမှတ်ရနေကြပေသည်။

အဲဖရက်နိုဗယ်သည် သူ့ခံစားချက်ဖြစ်ခဲ့သည့်အချိန်တွင် သူ၏တန်ဖိုးကိုပြန်လည်သတ်မှတ်အဓိပ္ပာယ်ဖွင့်ခဲ့သည်။ ကျွန်ုပ်တို့လည်း စဉ်းစားဆင်ခြင်၍ အလားတူဆောင်ရွက်သင့်ပေသည်။

ကျွန်ုပ်တို့ အောက်ပါမေးခွန်းများ မေးကြည့်သင့်ပေသည်။

"သင်ချန်ထားခဲ့မယ့်အမွေက ဘာလဲ"
"သင့်ကိုဘယ်လိုမျိုးအမှတ်ရနေစေချင်လဲ"
"သင်ကောင်းတဲ့အကြောင်းပြောကြမှာလား"
"သင့်ကို ချစ်မြတ်နိုးမှု၊ လေးစားမှုတွေနဲ့ သတိရကြမှာလား"
"သင့်ကိုလွမ်းဆွတ်တမ်းတကြမှာလား"

မေးခွန်းအားလုံးကို လေးလေးနက်နက်ဖြေဆိုပြီးချိန်တွင် ကျွန်ုပ်တို့ကို လူအများက အမှတ်ရစေချင်းသည့်ပုံစံကို သိနိုင်ပါပြီ။ ကျွန်ုပ်တို့အားလုံး ကောင်းသောနာမည်၊ ဂုဏ်သတင်းချန်ထားခဲ့လိုသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ကောင်းသောနာမည်၊ ဂုဏ်သတင်းကျန်ခဲ့စေရန် ကျွန်ုပ်တို့ယခု လုပ်ဆောင်နေသည်များကို အပြစ်ကင်းသော၊ အကျိုးပြုသော အလုပ်ဖြစ်စေရန် သတိပြုရမည်မှာ အမှန်ပင်ဖြစ်ပါသတည်း။

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: http://great-motivational-stories.blogspot.com/
မင်္ဂလာမောင်မယ်၊ ဇူလိုင်၊၂၀၁၃

                 

               “အကောင်းဆုံးသက်သေ”


၁၈၈၃- ခုနှစ်တွင် ဂျွန်ရော့ဘလင်းဟု အမည်ရသည့် တီထွင်ဥာဏ်ရှိသောအင်ဂျင်နီယာတစ်ဦးသည် နယူးယောက်မြို့နှင့် လောင်းအိုင်လန်ကျွန်းကို ဆက်သွယ်ပေးသည့် ခမ်းနားကြီးကျယ်လှသော တံတားတစ်စင်းကို တည်ဆောက်ရန် စိတ်ကူးရရှိခဲ့သည်။ သို့သော် ကမ္ဘာတစ်ဝန်းရှိတံတားတည်ဆောက်ရာတွင်ကျွမ်းကျင်သူများက ထိုတံတားမျိုးတည်ဆောက်ခြင်းသည် မဖြစ်နိုင်သည့်စွမ်းဆောင်မှုတစ်ရပ်ဟု ယူဆကြပြီးရော့ဘလင်းကို သူ၏စိတ်ကူးအားမေ့ပစ်ရန်ပြောခဲ့ကြသည်။ ၎င်းစိတ်ကူးသည် လုပ်ဆောင်ရန်မဖြစ်နိုင်သလို လက်တွေ့လည်းမကျပေ။ ယခင်က လုပ်ဆောင်နိုင်ခဲ့ခြင်းမျိုးမရှိသေးသောကြောင့်လည်း ဖြစ်ပေသည်။

ရော့ဘလင်းသည် သူ၏စိတ်အာရုံထဲတွင်ရှိနေသော တံတား၏ပုံရိပ်ကို လျစ်လျူရှု၍ မရဘဲဖြစ်နေသည်။ သူသည်ထိုတံတားအကြောင်းကိုသာ တစ်ချိန်လုံးတွေးနေမိသည်။ တံတားတည်ဆောက်၍ ရနိုင်မည်ကို သူ၏နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်းသိနေသည်။ သူသည် သူ၏စိတ်ကူးအိပ်မက်ကို အခြားသူတစ်စုံတစ်ယောက်နှင့်မျှဝေရတော့သည်။ ထိုသူကားအခြားမဟုတ်။ အလားအလာကောင်းသော အင်ဂျင်နီယာတစ်ဦးဖြစ်သည့် သူ၏သားဝါရှင်တန်ပင်ဖြစ်သည်။ သူ၏သားကို တံတားအမှန်တကယ်တည်ဆောက်၍ရနိုင်ကြောင်း လက်ခံယုံကြည်စေနိုင်ခဲ့သည်။

ပထမဦးဆုံးအကြိမ်အဖြစ်အဖေနှင့်သားအတူအလုပ်တွဲလုပ်ကာ တံတားပြီးစီးအောင်မြင်နိုင်ရေး၊ အခက်အခဲအတားအဆီးများကို ကျော်လွှားနိုင်ရေးဆိုင်ရာ သဘောတရားများကို ကြံဆခဲ့ကြသည်။ သူတို့ရှေ့ဆက်ရမည့်ခရီးတွင် စိတ်လှုပ်ရှားစရာ ပြင်းထန်သောစိန်ခေါ်မှုရှိနေသည်။ သားအဖနှစ်ယောက်သည် စိတ်လှုပ်ရှားမှု၊ အားပေးလှုံ့ဆော်မှုကြီးစွာဖြင့် သူတို့၏အိပ်မက်တံတားကြီးကို တည်ဆောက်ခဲ့ကြသည်။

စီမံကိန်းကြီးမှာ အစကောင်းခဲ့သည်။ သို့သော် တံတားကြီးတည်ဆောက်နေဆဲလအနည်းငယ်အကြာတွင် လုပ်ငန်းခွင်၌ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတစ်ခုကြုံခဲ့ရသည်။ ထိုဖြစ်ရပ်မှာ မတော်တဆမှုတစ်ခုကြောင့် ဂျွန်ရော့ဘလင်းအသက်ဆုံးရှုံးခဲ့ရပြီး ဝါရှင်တန်လည်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်သည် ဦးနှောက်တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပြီး လမ်းမလျှောက်နိုင်၊ စကားမပြောနိုင်ဖြစ်ရရုံသာမက လှုပ်ပင်မလှုပ်နိုင်တော့ပေ။

“ဒီလိုဖြစ်မယ်ဆိုတာ ပြောသားပဲ။”
“အရူးတွေ၊ အရူးစိတ်ကူးတွေပါကွာ။”
“စိတ်ကူးထဲပေါက်ကရမြင်တိုင်းလိုက်လုပ်တာ ရူးလို့ပေါ့။”
လူတိုင်းက အဆိုးမြင်မှတ်ချက်များကိုသာ ပေးနေကြသည်။

မည်သို့ပင်ဖြစ်စေ ဝါရှင်တန်သည် ဖခင်ဂျွန်ရော့ဘလင်းမရှိတော့သည့်အပြင်မိမိကိုယ်တိုင်လည်း ခန္ဓာကိုယ်ချို့ယွင်းချက်များရှိနေသည်။ သို့သော်လည်း စိတ်ပျက်အားလျှော့ခြင်းမရှိပေ။ ထို့ပြင်တံတားကို ပြီးစီးအောင်တည်ဆောက်လိုသည့် သူ၏ပြင်းပြသောဆန္ဒမှာလည်း ယခင်အတိုင်းထက်သန်ဆဲပင်။ သူသည်သာလျှင်တံတားကြီးအပြီးသတ်တည်ဆောက်နိုင်မည့်နည်းလမ်းကိုသိသည့် တစ်ယောက်တည်းသောသူဖြစ်နေပေပြီ။

ထို့ကြောင့်သူသည် မိတ်ဆွေအချို့ကို အားပေးလှုံ့ဆော်ရန်၊ သူ၏စိတ်အားထက်သန်မှုများကို လက်ဆင့်ကမ်းပေးရန်ကြိုးစားခဲ့သည်။ သို့သော်သူတို့သည် ထိုတာဝန်ကိုစိုးရွံ့နေကြသည်။ ဆေးရုံတွင်းရှိ ခုတင်ပေါ်တွင် သူ လဲလျောင်းနေစဉ်တွင် နေရောင်ခြည်များက ပြတင်းပေါက်များကို ဖြတ်ကာ တိုးဝင်နေသည်။ လေပြည်လေညှင်းများက ပါးလျပေါ့ပါးသော လိုက်ကာဖြူများကို တွန်းဝှေ့တိုက်ခတ်လိုက်သောအခါ သူသည် အပြင်ဘက်မှ ကောင်းကင်ကြီးနှင့် သစ်ပင်ထိပ်ဖျားများကို ခေတ္တမြင်လိုက်ရသည်။

ထိုတွင် သူသည် လက်မလျှော့ရန် သတင်းစကားတစ်ခု ရရှိလိုက်သကဲ့သို့ဖြစ်သွားသည်။ သူသည် ရုတ်တရက်စိတ်ကူးတစ်ခုကို ရရှိလိုက်သည်။ သူလုပ်နိင်သည့်အရာမှာ လက်ချောင်းလေးတစ်ချောင်းလှုပ်ရှားနိုင်ခြင်းမျှသာဖြစ်သည်။ ထိုလက်ချောင်းလေးကိုပင် အကောင်းဆုံးအသုံးပြုရန် သူဆုံးဖြတ်လိုက်သည်။ လက်ချောင်းလေးကို လှုပ်ရှားခြင်းဖြင့် သူ၏ဇနီးနှင့်ဆက်သွယ်နိုင်သည့် သင်္ကေတဝှက် (ကုတ်) တစ်ခုကိုတဖြည်းဖြည်းနှင့်သူရရှိခဲ့သည်။

သူသည်ဇနီးသည်၏လက်မောင်းကို လက်ချောင်းလေးဖြင့်ခေါက်သည့် အလားတူနည်းလမ်းကိုသုံးပြီး အင်ဂျင်နီယာများကို ဘာလုပ်ရမည်ကိုပြောခဲ့သည်။ ရူးမိုက်ရာကျသည်ဟု ထင်စရာရှိပါသည်။ သို့သော် စီမံကိန်းကြီးကတော့ တစ်ဖန်ပြန်လည်၍ အသက်ဝင်ခဲ့ပါပြီ။

ဆယ့်သုံးနှစ်တိုင်တိုင် ဝါရှင်တန်သည် ဇနီးဖြစ်သူ၏လက်မောင်းကို လက်ချောင်းလေးဖြင့်ခေါက်၍ ညွှန်ကြားချက်ပေးကာ နောက်ဆုံးတွင် တံတားကြီးကို အပြီးသတ်တည်ဆောက်နိုင်ခဲ့သည်။ ယနေ့တွင် ခမ်းနားကြီးကျယ်လှသော ဘရွတ်ကလင်းတံတားကြီးသည် လူသားတစ်ဦး၏အလံမလှဲစတမ်းစိတ်ဓာတ်နှင့် မည်သည့်အခြေအနေတွင်မဆို အနိုင်မခံ အရှုံးမပေးတတ်သောသနိဋ္ဌာန်တို့၏အောင်ပွဲသက်သေအဖြစ် ဂုဏ်ကျက်သရေ ကြီးမားစွာတည်ရှိနေပေသည်။ ၎င်းတံတားကြီးသည် အင်ဂျင်နီယာများနှင့် ၎င်းတို့၏အသင်းအဖွဲ့လိုက်ဆောင်ရွက်တတ်မှု၏ သက်သေသာမက လူတစ်ဝက်ခန့်က ရူးနေပြီဟုယူဆခဲ့ကြသူအပေါ် သူတို့ယုံကြည်ချက်ထားရှိမှု၏ သက်သေလည်းဖြစ်ပေသည်။ ၎င်းသည်ဇနီးသည်၏ ချစ်မေတ္တာနှင့် ကြီးမားသော သံယောဇဉ်တို့၏ သိသာလှသော အထိန်းအမှတ်လည်းဖြစ်ပေသည်။ သူသည် ဆယ့်သုံးနှစ်တိုင်တိုင် ခင်ပွန်းသည်၏ သတင်းစကားများကို စိတ်ရှည်လက်ရှည် ဖော်ကာ အင်ဂျင်နီယာများ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ပြောကြားခဲ့ရသူဖြစ်သည်။

ဤဖြစ်ရပ်သည် ဆိုးရွားသည့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ကျော်လွှားပြီး မဖြစ်နိုင်သော ရည်မှန်းချက်များကို အောင်မြင်ပေါက်မြောက်စေနိုင်သော လှေခွက်ချည်းကျန်အလံမလှဲစိတ်ဓာတ်ကို ဖော်ပြနေသည့် အကောင်းဆုံးဥပမာတစ်ခုဖြစ်ပေသည်။

နေ့စဉ်ဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်တော်တို့၏အခက်အခဲအတားအဆီးများသည် အခြားသူများရင်ဆိုင်ရသည်နှင့်နှိုင်းစာလျှင် လွန်စွာသေးငယ်နေပေသည်။ အခြေအနေမည်သို့ရှိပါစေ သနိဋ္ဌာန်နှင့်ဇွဲသာရှိပါက မဖြစ်နိုင်ဟုထင်ရသော စိတ်ကူးအိပ်မက်များလည်း အမှန်ဖြစ်လာနိုင်ကြောင်း ဘရွတ်ကလင်းတံတားကြီးက ပြသနေပါသည်။

စည်သူထက် (မအူပင်တက္ကသိုလ်)

Ref: Determination and Persistence
မင်္ဂလာမောင်မယ်၊ အမှတ်-၆၊ ဇွန်၊၂၀၁၃
                                             

                                                     

 

                         "ဘ၀ဟူသည်"


ကောင်လေးတစ်ဦးက အဘွားဖြစ်သူအား ကျောင်းတွင်ပညာသင်ယူနေရမှု၊ မိသားစုပြသနာများ၊ဆိုးဆိုးရွားရွားကျန်းမာရေးပြသနာများ စသည့်အစစအရာရာအခက်ကြုံနေရမှုများကိုပြောပြနေသည်။

ထိုသို့ပြောပြနေချိန်တွင် အဘွားဖြစ်သူက ကိတ်မုန့်ဖုတ်နေသည်။ သူကမြေးလေးကို အဆာပြေမုန့်စားမလားဟုမေးရာ မြေးလေးကစားမည်ဟုဖြေသည်။

"ရော့ ဒီမှာဆီလေးနည်းနည်းသောက်လိုက်"
"ထွတ်….ရွံစရာကြီး"
"ကြက်ဥအစိမ်းနှစ်လုံးလောက် သောက်ရင်သောက်ပေါ့"
"အော်ဂလီဆန်စရာကြီးအဘွားရာ"
"ဒါဖြင့်ဂျုံမှုန့်စားမလား။ မဟုတ်ရင်လည်းမုန့်ဖုတ်တဲ့ဆိုဒါစားပေါ့"
"အဘွားနော်…အကုန်လုံးကစိတ်ပျက်စရာတွေချည်းပဲ"

ဤတွင်အဘွားကပြောပြသည်။
"ဟုတ်တာပေါ့…ဒါတွေအားလုံးက သူ့အတိုင်းဆိုရင် မကောင်းသလိုပဲ။ ဒါပေမဲ့ အဲဒါတွေကိုနည်းလမ်းမှန်မှန်နဲ့ပေါင်းစပ်လိုက်တဲ့အခါ အင်မတန်အရသာရှိတဲ့ ကိတ်မုန့်တစ်လုံးရလာတာပဲ"

*****
"ဘုရားသခင်က ကျွန်တော်တို့ကိုခက်ခဲကြမ်းတမ်းသည့်အချိန်များကို အဘယ့်ကြောင့်ဖြတ်သန်းသွားခိုင်းရပါသနည်းဟု ကြိမ်ဖန်များစွာကျွန်တော်တို့သိချင်မိကြပါသည်။

သို့သော်ဘုရားသခင်က အရာအားလုံးကို အစီအစဉ်တကျနေရာချထားပေးသည်သာဖြစ်ပါသည်။ ထိုအရာအားလုံးသည်ကောင်းကျိုးဖြစ်စေရန် အမြဲဆောင်ရွက်ပေးပါသည်။

ကျွန်တော်တို့ဘုရားသခင်ပေါ်တွင် ယုံကြည်မှုရှိရပါမည်။ အဘယ့်ကြောင့်ဆိုသော် သူကတစ်စုံတစ်ရာကို ထူးကဲအံ့သြဖွယ်ဖြစ်အောင် လုပ်ဆောင်ပေးမည်ဖြစ်သောကြောင့်ပင်ဖြစ်ပါသတည်း။"

စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: Life As a Cake
Author Unknown
The Best English Magazine,2012

****
ဒီစာမူကိုဖတ်ပြီးတဲ့အခါ သူငယ်ချင်းတစ်ယောက်စိတ်ဓာတ်ကျနေလို့ ဇာတ်လမ်းလေးပြောပြခဲ့ဖူးပါတယ်။ နောက်မှအများလည်းဖတ်သင့်တယ်ထင်လို့ ဘာသာပြန်ပြီး The Best English Magazine ကိုပို့ခဲ့ပါတယ်။

အင်္ဂလိပ်စာပညာပေး Magazine ဖြစ်လို့ မူရင်းအတိုင်းတိတိကျကျဘာသာပြန်ခဲ့ပါတယ်။ အောက်ဆုံးသုံးပိုဒ်က မူရင်းစာရေးသူရဲ့အာဘော်ဖြစ်တာကြောင့်ဘာသာရေးသဘောတွေပါနေပါမှာပါ။

ဒါပေမဲ့ ဘ၀ဆိုတာကိတ်မုန့်တစ်လုံးလိုပါ။ဘ၀အခက်အခဲတွေမျိုးစုံကြုံတွေ့ရမှာ မှန်ပေမဲ့ အဲဒါတွေကကျွန်တော်တို့ကို ပိုပြီးပညာရှိအောင်၊ရင့်ကျက်အောင်၊အခက်အခဲတွေဖြေရှင်းတတ်အောင်၊ပိုပိုသာသာလေးပြောရရင်ဘ၀ဆိုတာကိုအရသာရှိလာအောင်ဖန်တီးပေးတဲ့အရာတွေဖြစ်တယ်ဆိုတဲ့အမြင်လေးထုတ်နှုတ်ရယူနိုင်မယ်ဆိုရင် အကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။

 

                      "ကမ္ဗည်းတင်ရမည့်နေရာ"


သူငယ်ချင်းနှစ်ယောက်သည် သဲကန္တာရတစ်ခုကိုကိုဖြတ်ပြီး ခြေကျင်ခရီးသွားနေကြသည်။ လမ်းခရီးတစ်နေရာတွင် သူတို့နှစ်ယောက်အငြင်းအခုံဖြစ်ကြသောအခါ သူငယ်ချင်းတစ်ယောက်က အခြားတစ်ယောက်၏ မျက်နှာကို ရိုက်လိုက်မိသည်။

အရိုက်ခံလိုက်ရသော သူငယ်ချင်းသည် နာသွားသော်လည်း တစ်စုံတစ်ရာပြန်မပြောဘဲ သဲပြင်ပေါ်တွင် "ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ဒီနေ့ငါ့မျက်နှာကိုရိုက်တယ်" ဟုသာရေးထားလိုက်သည်။

သူတို့ခရီးဆက်ကြသောအခါ အိုအေစစ်တစ်ခုကို တွေ့ရ၍ ထိုနေရာတွင် ရေချိုးရန်ဆုံးဖြတ်လိုက်ကြသည်။ မျက်နှာအရိုက်ခံထားရသော သူငယ်ချင်းသည် ရေထဲသို့ဆင်းချိန်တွင်နွံထဲနစ်သွားပြီး ရေနစ်လေသည်။ ဤတွင် သူ၏သူငယ်ချင်းက သူ့ကို ကယ်တင်လိုက်နိုင်သည်။

ရေနစ်သွားသော သူငယ်ချင်းသည် သက်သာလာသောအခါ "ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ဒီနေ့ ငါ့အသက်ကိုကယ်တယ်" ဟုကျောက်တုံးပေါ်တွင် ရေးမှတ်ပြန်သည်။

အချစ်ဆုံးသူငယ်ချင်းကို ရိုက်လည်းရိုက်မိ၊ အသက်လည်းကယ်ခဲ့ရသော သူငယ်ချင်းက ဤသို့မေးသည်။

"ငါမင်းကိုနာသွားအောင် လုပ်မိတုန်းက မင်းကသဲပေါ်မှာ စာရေးမှတ်တယ်၊ အခု အသက်ကယ်တော့ ကျောက်တုံးပေါ်မှာ ရေးတယ်။ ဘာဖြစ်လို့လဲ။"

သူ၏သူငယ်ချင်းက ဤသို့ပြန်ဖြေပါသည်။

"တစ်ယောက်ယောက်က တို့ကိုထိခိုက်နာကျင်အောင်လုပ်မိတဲ့အခါ သဲပေါ်မှာပဲရေးမှတ်သင့်တယ်။ 'ခွင့်လွှတ်ခြင်း' ဆိုတဲ့ 'လေ' က ဖျက်ပစ်နိုင်တာကိုး။ ဒါပေမဲ့ တစ်ယောက်ယောက်က တို့ကိုကောင်းတာတစ်ခုခုလုပ်ပေးရင်တော့ ကျောက်တုံးပေါ်မှာကမ္ဗည်းတင်ရမယ်။ ဘယ်လေကမှ အဲဒါကို မဖျက်ပစ်နိုင်တော့ဘူး။"

စည်သူထက် (မအူပင်တက္ကသိုလ်)

မင်္ဂလာမောင်မယ်၊ ၂၀၁၃၊မေလ

"ဟယ်လင်ကဲလားရဲ့ဘဝဇာတ်ကြောင်း တစေ့တစောင်း"

                                                      
၁၉၂ဝ ပြည့်နှစ်၊ အေးမြတဲ့ဆောင်းရာသီ၊ မွန်းလွဲပိုင်းအချိန်ကဖြစ်ပါတယ်။ နယူးယောက်မြို့၊ ပြပွဲခန်းမတစ်ခုရဲ့အပြင်ဘက်မှာ လူတွေအများကြီးလက်မှတ်ဝယ်ဖို့စောင့်နေကြပါတယ်။ ခန်းမအတွင်းမှာတော့ ပြပွဲမန်နေဂျာဟာ သိပ်ကိုကျေနပ်ဝမ်းမြောက်နေပုံရပါတယ်။ သူမျှော်လင့်ထားတာထက်ပိုပြီး လူတွေအများကြီးရောက်လာပါတယ်။ ဒီနေ့မှာ ပြပွဲအသစ်တစ်မျိုးကို တင်ဆက်ပြသမှာဖြစ်ပါတယ်။

ကန့်လန့်ကာပွင့်သွားပါပြီ။ ပြပွဲစင်မြင့်ကို အိမ်ကဧည့်ခန်းပုံစံပြင်ဆင်ထားပါတယ်။ စန္ဒရား ဘေးနားမှာ ထိုင်နေတဲ့ လူငယ်လေးက မတ်တပ်ရပ်လိုက်ပြီး (ပရိသတ်ကို) ဟန်ပါပါနဲ့ဦးညွှတ်နှုတ်ဆက်ပါတယ်။ သူကပရိသတ်ကို သက်လတ်ပိုင်းအရွယ် ထည်ထည်ဝါဝါရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ ဒီအမျိုးသမီးကတော့ "အဲန်းဆူလီဗန်မေစီ" ပဲဖြစ်ပါတယ်။ "အဲန်း" ကတော့ စကားခပ်တိုတိုပြောပါတယ်။ သူ့ရဲ့စကာသံချိုချိုလေးကို လူတိုင်းအာရုံစိုက်နားထောင်ကြပါတယ်။ အဲဒီနောက်လှလှပပ ဝတ်ဆင်ထားပြီးရုပ်ရည်ပြေပြစ်တဲ့ အမျိုးသမီးလေးတစ်ယောက်စင်ပေါ်လျှောက်လာပါတယ်။ "အဲန်း" က သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားပါတယ်။ သူကပရိသတ်ကို မျက်နှာမူပြီးထွက်ရပ်ပြပါတယ်။

နောက်တော့ အဲဒီအမျိုးသမီးလေး "ဟယ်လင်ကဲလား" က စကားပြောပါတယ်။ သူ့ခမျာ စကားတစ်လုံးချင်းထွက်လာဖို့တာင်မနည်းအားစိုက်ရပါတယ်။ ပရိသတ်ကလည်းသူပြောတာကို နားလည်သဘောပေါက်ဖို့အားစိုက်ရတာပါပဲ။ သူတို့ကနားတွေကို စွင့်ထား၊ လျင်နေအောင်ထားရပါတယ်။ ဟယ်လင်စကားပြောတာပြီးဆုံးသွားတဲ့အခါ လက်ခုပ်သံတွေပဲ့တင်ထပ်မျှ မြည်ဟီးသွားပါတယ်။ သူတို့နှစ်ဦးဟာ အဲဒီအချိန်တုန်းက အမေရိကမှာရှိတဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ် တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ "အဲန်းဆူလီဗန်" က ရဲရင့်တဲ့ ပညာရေးသမားတစ်ဦးဖြစ်သလို ပြည်သူလူထုအခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။ "ဟယ်လင်အဒမ်ကဲလား" ကတော့ သူ့ရဲ့မျက်မမြင်နားမကြားတဲ့ တပည့်မလေးဖြစ်ပါတယ်။ ဟယ်လင်ဟာ ခန္ဓာကိုယ်ချို့ယွင်းချက်တွေရှိနေပေမဲ့ စာရေးဆရာမ၊ အမျိုးသမီးဘဝလွတ်မြောက်ရေးတက်ကြွလှုပ်ရှားသူ၊ လူမှုရေးအလုပ်သမားအဖြစ် နာမည်ကျော်အောင် လုပ်နိုင်ခဲ့ပါတယ်။

ပရိသတ်တွေက ဟယ်လင်ရဲ့စကားတစ်ခွန်းကို သိပ်ခိုက်သွားပါတယ်။ သူ့ရဲ့စကားကို အနှစ်ချုပ်ဖော်ပြရမယ်ဆိုရင် ဒီလိုပါ…။

"ကျွန်မရဲ့ဆရာမက သူ့ရဲ့စကားတစ်ခွန်း ကျွန်မရဲ့စိတ်အမှောင်ကို ဘယ်လိုထိသွားစေတယ်ဆိုတဲ့အကြောင်းနဲ့ ဘဝရဲ့ပျော်ရွှင်စရာထဲကို ကျွန်မဘယ်လိုနိုးထလာနိုင်တဲ့အကြောင်း ရှင်တို့ကို ပြောပြခဲ့ပါတယ်။ ကျွန်မ ဆွံ့အခဲ့တယ်။ ခုတော့ စကားပြောနိုင်ပါပြီ။ ဒီအောင်မြင်မှုအတွက် တခြားသူတွေရဲ့ အကူအညီတွေ၊ စိတ်အားထက်သန်မှုတွေကို ကျေးဇူးတင်ရမှာပါ။ သူတို့တွေရဲ့ ချစ်မေတ္တာ နဲ့ ကျွန်မရဲ့စိတ်ကို ကျွန်မမြင်နိုင်ခဲ့ပါတယ်။ ကျွန်မပျော်ရွှင်မှုကို ရှာတွေ့နိုင်ခဲ့ပါတယ်။ တကယ်တော့ ကျွန်မတို့အားလုံးဟာ သူတစ်ပါးကိုလည်းကူညီ၊ ကိုယ်ကလည်းအကူအညီရယူပြီး အသက်ရှင်နေထိုင်ကြတာပါ။ စည်းစည်းလုံးလုံးနေခြင်းအားဖြင့် ကျွန်မတို့ တွေအများကြီးလုပ်ဆောင်နိုင်ပါတယ်။ ချစ်မေတ္တာကသာလျှင် ကျွန်မတို့နဲ့ကျွန်မတို့ရဲ့ ပျော်ရွှင်မှုအကြားမှာရှိတဲ့ နံရံကို ဖြိုဖျက်နိုင်မှာဖြစ်ပါတယ်။ ပညတ်တော်ဆယ်ပါးမှာပါတဲ့ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ တစ်ဦးနဲ့တစ်ဦးချစ်ခင်ဖို့ပါ။ ကျွန်မဆီကိုရောက်လာမယ့် ချစ်မေတ္တာတွေ၊ ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေအတွက် ဘုရားသခင်ကို ကျေးဇူးတော်စကားအသံ အကျယ်ဆုံးပြောလိုက်ချင်မိပါတယ်။"

ဟယ်လင်ကဲလားက ဒီလိုသတင်းစကားကို ဘာကြောင့်ပေးခဲ့တာပါလဲ။ ဟယ်လင်ရော သူ့ဆရာမပါ အသက်ရှင်ရပ်တည်ဖို့် ငွေလိုအပ်ခဲ့ပါတယ်။ အခကြေးငွေရရှိဖို့ မျှော်လင့်ချက်နဲ့ ဒီပွဲအတွက် သူတို့အဆင်သင့်ဖြစ်ခဲ့ကြပါတယ်။ ပရိသတ်ကလည်း ဟောပြောချက်ကိုနားထောင်ဖို့ထက် "သက်ရှိထင်ရှားအံ့ဖွယ်ရာလူ" ကို ကြည့်ဖို့လာခဲ့ကြတာပါ။ လူအများစုက ရှားပါးတဲ့ဖန်တီးချက်တစ်ခုကို ကြည့်ရတော့မယ့်အလား စူးစမ်းချင်စိတ်ပြင်းပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဟယ်လင့်ရဲ့ဂုဏ်ကျက်သရေက ဒီလိုအရှက်ရစရာလေးတွေကို ခံစားပြီးတော့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေတဲ့သူတွေရဲ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့အချက်ပေါ်မှာရှိနေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိနေသူတွေဟာ ပုံမှန်လူတွေလိုပဲ နေထိုင်ခွင့်ရှိတယ်လို့ သူကကြေငြာခဲ့တယ်။

သူတို့တွေအတွက် လူသားချင်းစာနာမှုနဲ့ သာတူညီမျှရှိမှုတွေကို ဟယ်လင်ကတောင်းဆိုခဲ့ပါတယ်။ ဘဝရဲ့အတားအဆီးအခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ ဟယ်လင့်ရဲ့ဘဝဇာတ်ကြောင်းဟာ လူသန်းပေါင်းများစွာအတွက် လှုံ့ဆော်အားပေးမှုတွေ၊ စိတ်အားထက်သန်မှုတွေပေးနိုင်တဲ့အကြောင်းတရားအဖြစ် ဒီကနေ့အထိ တကယ့်ကို တည်ရှိနေပါတယ်။

ဟယ်လင်ကဲလားရဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းက ကိုယ်ခန္ဓာ မသန်စွမ်းသူတွေအတွက်သာမက ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးကို မဆိုခံစားနေရတဲ့လူတွေအတွက် လှုံ့ဆော်အားအားပေးမှုဖြစ်နေပါတယ်။ သူက ကွယ်လွန်တဲ့အချိန်ထိ အဲဒီလူတွေရဲ့ အခွင့်အရေးတွေအတွက် ထောက်ခံခဲ့၊ ကြိုးပမ်းဆောင်ရွက်ခဲ့တာလေ။

စည်သူထက်(မအူပင်တက္ကသိုလ်)
Ref: http://immstories.wordpress.com/

The Best English Magazine, No.(166), April,2013 
                                                     


                                   "အထင်မှား"


အဘိုးအိုတစ်ဦးနှင့် အသက်၂၅-နှစ်အရွယ်ရှိသားဖြစ်သူတို့သည် ရထားတစ်စီးပေါ်တွင် ထိုင်နေကြသည်။ ဘူတာမှ ရထားထွက်ခွာတော့မည်ဖြစ်သဖြင့် ခရီးသည်အားလုံးသည် မိမိတို့၏ထိုင်ခုံတွင်ကိုယ်စီထိုင်နေကြသည်။`

ရထားစတင်ထွက်ခွာလာသောအခါ လူငယ်သည်အလွန်ပျော်ရွှင်နေပြီး သိလိုမြင်လိုစိတ်လည်း အလွန်များနေသည်။ သူသည် ရထား၏ပြတင်းပေါက်ရှိသောဘက်တွင်ထိုင်နေသူဖြစ်ရာ လက်တစ်ဖက်ကိုပြတင်းပေါက်၏အပြင်သို့ထုတ်ပြီး ဖြတ်သန်းတိုက်ခတ်နေသောလေကို ခံစားနေသည်။

သူက-
"ဖေဖေ ကြည့်ပါဦး။ သစ်ပင်တွေအကုန်လုံး ရထားနောက်ပြေးလိုက်နေတယ်" ဟုအော်ပြောသည်။

အဘိုးအိုက သားဖြစ်သူ၏ ခံစားချက်ကို သဘောကျကာ ပြုံးနေလိုက်သည်။

လူငယ်လေး၏ နံဘေးတွင် စုံတွဲတစ်တွဲထိုင်နေပြီး သားအဖနှစ်ယောက်၏ပြောစကားများကို နားထောင်နေသည်။ သူတို့စုံတွဲသည် အသက်၂၅-နှစ်အရွယ်ရှိ လူငယ်တစ်ယောက်က ကလေးငယ်သဖွယ် ပြုမူနေ၍ အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်နေကြသည်။

တစ်ဖန် လူငယ်လေးက ရုတ်တရက်အော်ပြောပြန်သည်။

"ဖေဖေ ဟိုမှာရေအိုင်လေးနဲ့ တိရစ္ဆာန်လေးတွေကို ကြည့်ပါဦး။ အရမ်းလှတယ်။ တိမ်တွေလည်း ရထားသွားရာနောက် လိုက်နေတယ်။"

စုံတွဲသည် လူငယ်လေးကို စိတ်ကသိကအောက်ဖြစ်စွာ ကြည့်လိုက်ကြသည်။

မိုးရွာလာသောအခါ ရေစက်အချို့သည် လူငယ်လေး၏ လက်ကိုလာရောက်ထိမှန်သည်။ သူသည်အလွန်ပျော်ရွှင်သွားပြီး မျက်လုံးမှိတ်ထားလိုက်သည်။

သူကအော်ပြောပြန်သည်။
"ဖေဖေ၊ မိုးတွေရွာနေပြီ။ သားကိုရေတွေလာထိတယ်။ ကြည့်ပါဦးဖေဖေ။"

လင်မယားစုံတွဲသည် မနေနိုင်တော့ဘဲ-
"ဘာဖြစ်လို့ ခင်ဗျားသားကို ဆရာဝန်ဆီပို့ပြီး မကုပေးသေးတာလဲ " ဟုမေးလေသည်။

အဘိုးအိုက ဤသို့ဖြေပါသည်။
"ဟုတ်ကဲ့ ကျွန်တော်တို့ ဒီနေ့ပဲ ဆေးရုံကပြန်လာကြတာပါ။ ကျွန်တော့်ရဲ့သားက သူ့ဘဝတစ်လျှောက်လုံးမှာ ဒါပထမဆုံးအကြိမ် မျက်စိမြင်ရတာမို့ပါဗျာ။"

(သင်ခန်းစာ-အဖြစ်မှန်ကို မသိရသေးခင်တွင် အပြစ်တင်ဝေဖန်ခြင်း မစောပါနှင့်။)

စည်သူထက်(မအူပင်တက္ကသိုလ်)
မင်္ဂလာမောင်မယ်၊၂၀၁၃-ခုနှစ်၊ဧပြီလ



                                               "နွားနို့ထဲကဖားနှစ်ကောင်"

ဤဇာတ်လမ်းလေးသည် ဖားနှစ်ကောင်အကြောင်းဖြစ်ပါသည်။ ဖားနှစ်ကောင်အနက် တစ်ကောင်က ဝဝဖြိုးဖြိုးရှိပြီး ကျန်တစ်ကောင်က ပိန်သည်။တစ်နေ့တွင် ထိုဖားနှစ်ကောင်သည် အစာရှာထွက်လာရင်း နွားနို့စည်တစ်ခုအတွင်းသို့ မတော်တဆပြုတ်ကျသွားလေသည်။နွားနို့စည်၏ ဘေးနံရံများသည် အလွန်ချောမွတ်နေသဖြင့် ဖားနှစ်ကောင် အပြင်ထွက်၍ မရတော့ပေ။ ထို့ကြောင့်နွားနို့များထဲတွင်သာ လှည့်ပတ်ကူးခတ်နေရတော့သည်။

ဝဖြိုးသောဖားကြီးက ပိန်သောဖားလေးကို သို့ပြောသည်။

"ဖားညီလေးရေ၊ ငါတို့တွေ ဆက်ပြီးတော့ ယက်ကန်ယက်ကန်နဲ့ကူးနေလည်း အကြောင်းမထူးတော့ပါဘူးကွာ။ နွားနို့ထဲနစ်ပြီးသေမှာက သေမှာပဲကွ။ ဒါကြောင့်လက်လျှော့လိုက်တာပဲ ကောင်းမယ်။"

"တောင့်ထားပါဦး အစ်ကိုရယ်၊ ဆက်ပြီး ကူးပါဦး။ တစ်ယောက်ယောက် ကျွန်တော်တို့ကို တွေ့သွားပြီး ဒီအထဲကထုတ်ပေးမှာပါ" ဟုပိန်သောဖားလေးက ပြန်လည်၍ ပြောသည်။

ထို့နောက် သူတို့နှစ်ကောင်သည် နာရီပေါင်းများစွာကြာအောင် ဆက်လက် ကူးခတ်နေသည်။

ဝဖြိုးသောဖားကြီးက ပြောပြန်သည်။

"ဖားညီလေးရေ၊ အကြောင်းမထူးပါဘူးကွာ။ ငါသိပ်ပင်ပန်းနေပြီကွ။ မကူးနိုင်တော့ဘူး။ နစ်တော့မယ်။ ဒီနေ့ကလည်း တနင်္ဂနွေနေ့ဆိုတော့ အလုပ်လုပ်နေတဲ့လူတွေလည်းတစ်ယောက်မှ မရှိဘူး။ ငါတို့တော့သေမယ့်ကိန်း ကြုံတာပဲကွာ။ ဒီထဲကနေထွက်နိုင်မယ့်နည်းလမ်းမရှိဘူး။"

သို့သော် ပိန်သောဖားလေးက-

"ဆက်ကြိုးစားပါဦး၊ ဆက်ပြီးကူးပါဦး။တစ်ခုခုတော့ ဖြစ်လာမှာပါ။ ဆက်ပြီးသာကူးပါ "ဟုတိုက်တွန်းပြန်သည်။

နောက်ထပ်နှစ်နာရီ ကုန်လွန်သွားသည်။

ဝဖြိုးသောဖားကြီးက ပြောပြန်သည်။

"ငါတော့ဆက်ပြီး မကူးနိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နွားနို့ထဲနစ်သေမှာပဲဆိုတော့ ဒီလိုလုပ်နေလို့လည်း ဘာမှ မရှိဘူး။ ဘာအကျိုးရှိလာမှာမို့လဲ။"

ဖားကြီးသည်လက်လျှော့အရှုံးပေးစိတ်ဖြင့် ကူးခတ်နေခြင်းကို ရပ်တန့်လိုက်သည်။ ထို့ကြောင့်နွားနို့ထဲနစ်သွားတော့သည်။ သို့သော်ဖားပိန်လေးကတော့ ကူးခတ်မြဲကူးခတ်နေသည်။

ဆယ်မိနစ်ခန့်ရှိသောကြာလာသောအခါ ဖားပိန်လေးသည် သူ၏ခြေထောက်အောက်ရှိ နွားနို့များမာကျောလာသည်ကို ခံစားမိသည်။ သူ မရပ်မနားမွှေနှောက်ကူးခတ်နေမှုကြောင့် နွားနို့များထောပတ်အဖြစ်သို့ ပြောင်းလဲသွားပေပြီ။ထို့ကြောင့်ဖားပိန်လေးသည် နွားနို့စည်အပြင်ဘက်သို့ ခုန်ဆွခုန်ဆွနှင့်ထွက်လာနိုင်ခဲ့ပေသည်။

ကြီးမားသော အခက်အခဲတစ်စုံတစ်ရာနှင့် ကြုံလာတိုင်းကျွန်တော်တို့အလွယ်တကူလက်လျှော့အရှုံးပေးလေ့ရှိပါသည်။အခက်အခဲကို အောင်မြင်သည်အထိ ကြံ့ကြံ့ခံမကြိုးစားဘဲ ဘာမှအကျိုးရှိလာမှာမဟုတ်ပါဘူးဟူသော အပျက်တွေးဖြင့် လုပ်ကိုင်ဆဲအရာများကို ရပ်တန့်ပစ်လေ့ရှိပါသည်။ကျွန်တော်တို့ဖားနှစ်ကောင်ထံမှ သင်ခန်းစာရယူသင့်ပါသည်။ မည်သည့်အခြေအနေတွင်မဆို ဇွဲမလျှော့ဘဲ အားသွန်ခွန်စိုက်ကြိုးစားမည်ဆိုလျှင်အဆိုးဆုံးဟုထင်ရသောအခြေအနေမှပင် အကောင်းဆုံးသော အကျိုးကျေးဇူးများရရှိလာမည်မှာ ဧကန်ပင်ဖြစ်ပါတော့သတည်း။

စည်သူထက်(မအူပင်တက္ကသိုလ်)

Ref: Two frogs in the milk
Author: Melissa D Zartman

မင်္ဂလာမောင်မယ်
မတ်လ၊၂၀၁၃